အခန်း (၃၁၆)
Vol. 22 Ch. 316
ကျန်းချန် မျက်မှောင်ကြုတ်လျက်ရှိ၏။
သူက ဆေးခန်းမအတွင်းမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ပေါ်လာသော ကျီလျန့်ကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။
ကျီလျန့်၏ဘေးတွင် အသက်နှစ်ဆယ့်လေး၊ နှစ်ဆယ့်ငါးဝန်းကျင်ခန့် ရှိသော လူငယ်တစ်ဦးသည် မာန်မာနအပြည့်ဖြင့် လျှောက်လှမ်းလာသည်ကို သူတွေ့လိုက်ရသည်။
ထိုလူငယ်က ပိန်သွယ်သော ကိုယ်ဟန်ရှိပြီး ခမ်းနားထည်ဝါသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ရင်ဘတ်တွင်လည်း တောက်ပသော ကြယ်ငါးပွင့်ပါ တံဆိပ်ပြား တစ်ခုကို ချိတ်ဆွဲထားသည်။
ယင်း တံဆိပ်ပြားသည် သူ့ကို လူအများကြားတွင် ထူးခြားစွာ ပေါ်လွင်စေခဲ့၏။
ထိုလူငယ်သည် အံ့သြဖွယ်ကောင်းစွာပင် ပဉ္စမအဆင့် အဂ္ဂိရတ်သခင် တစ်ဦး ဖြစ်နေခဲ့၏။
"ဒီကောင်လေးက ဘယ်သူလဲ.. ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ပဉ္စမအဆင့် အဂ္ဂိရတ်သခင်တောင် ဖြစ်နေပြီတဲ့လား"
"သူက စစ်မှန်သော နဂါးနိုင်ငံရဲ့ အဂ္ဂိရတ်ပါရမီရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ကျီယွင်လေ.. ဒီတစ်ခေါက် အဂ္ဂိရတ်ပြိုင်ပွဲမှာ ရေပန်းအစားဆုံး တစ်ယောက်ပဲ"
"အသက် ၂၅ နှစ်နဲ့ ပဉ္စမအဆင့် အဂ္ဂိရတ်သခင်.. ဒါက တော်တော် ထူးကဲတဲ့ ပါရမီရှင်ပဲ"
အဖြူရောင်ဝတ် လူငယ်ကိုကြည့်ပြီး ပတ်ဝန်းကျင်မှ လူအများအပြားသည် အံ့သြတကြီး တီးတိုး ရေရွတ်လိုက်ကြသည်။
ကျန်းချန်က ပတ်ဝန်းကျင်မှ တီးတိုး ပြောဆိုသံများကို လျစ်လျူရှုကာ ရန်လိုနေသော ကျီလျန့်ကိုလည်း အရေးမလုပ်ခဲ့ပေ။
သူက မျက်နှာထား တည်လျက်သာ ရှိနေခဲ့သည်။
ထို့နောက်တွင် သူ့ရှေ့မှ ဘောပင်ကို ကောက်ယူကာ ဖောင်ထဲတွင် တိုက်ရိုက် ရေးမှတ်လိုက်သည်။
"စာရေးဟန်.. ဒီလူရဲ့ နောက်ခံက သံသယဝင်စရာပဲ.. သူအဂ္ဂိရတ်ခန်းမကို လာတာ တခြားရည်ရွယ်ချက် တစ်ခုခု ရှိတယ်လို့ ငါသံသယရှိတယ်.. သူ့ကို အဂ္ဂိရတ်ပြိုင်ပွဲမှာ ပါဝင်ခွင့်မပေးပါနဲ့"
ကျန်းချန်က သူ့အား လုံးဝ အရေးမလုပ်သည်ကို မြင်လျှင် ကျီလျန့်၏ မျက်လုံးများသည် ဒေါသကြောင့် နီရဲလာသည်။
သူက ရှေ့သို့ အလျင်အမြန် တက်လာကာ ဖောင်ဖြည့်သည်ကိုကြီးကြပ်နေသော လူလတ်ပိုင်းအရွယ် စာရေးကို အော်ဟစ်လိုက်သည်။
ကျီလျန့်သည် ဇူလုံမြို့တွင် ကျီမိသားစု နောက်ခံဖြင့် ဩဇာအာဏာပြတတ်သူ တစ်ယောက် ဖြစ်သည်။
သူ့ကို မည်သူကမှ မစော်ကားရဲပေ။
ထိုကောင်လေးက အဂ္ဂိရတ်ပြိုင်ပွဲမှာ ပါဝင်ချင်မှတော့ သူက ထိုကောင်လေးကို ပြိုင်ပွဲ ဝင်ပြိုင်ခွင့်မရစေရန် လုပ်ရပေမည်။
သူက ထိုကောင်လေးကို တစ်စစီ ညှဉ်းပန်းနှိပ်စက်ကာ သူခံစားခဲ့ရသော အရှက်ကွဲမှုများကို ဆယ်ဆ ပြန်လည်ရယူရမည် မဟုတ်ပါလား။
ရှေ့သို့ အလျင်အမြန်တက်လာသော ကျီလျန့်ကိုကြည့်ပြီး စာရေးဟန်၏ မျက်ခုံးများက အနည်းငယ် တွန့်သွားခဲ့သည်။
သူက ကျီလျန့်၏ လုပ်ဆောင်မှုကို သဘောမကျသော်လည်း ကျီလျန့်၏ နောက်မှ ကျီယွင်ကို တစ်ချက် ကြည့်လိုက်ကာ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
ကျီလျန့်၏ စကားများကို သူအရေးမလုပ်နိုင်သော်လည်း ကျီယွင်၏ မျက်နှာကိုတော့ ထောက်ထားရပေမည်။
ကျီယွင်သည် ကျီမိသားစု၏ လူငယ်မျိုးဆက်ထဲတွင် အလွန်ပါရမီထူးချွန်သူ ဖြစ်၏။
သူ၏ ကိုယ်ခံပညာနှင့် အဂ္ဂိရတ်ပါရမီကို မွန်းစတားဆန်သည်ဟုပင် တင်စားကြသည်။
အခြားဘာမှထည့်မတွက်လျှင်ပင် သူ၏ ပဉ္စမအဆင့် အဂ္ဂိရတ်သခင် ဟူသည့် ဂုဏ်ပုဒ်တစ်ခုတည်းကပင် ဆေးခန်းမတွင် နေရာတစ်နေရာ ရရှိစေရန် လုံလောက်သည်။
စာရေးဟန်က အသက်ရှူသွင်းလိုက်ပြီး ကျန်းချန်ကို အေးစက်စွာကြည့်၍ ပြောလိုက်သည်။
"ကောင်လေး.. မင်းက အဂ္ဂိရတ်ပြိုင်ပွဲ အတွက် အရည်အချင်းမပြည့်မီဘူး.. ဒီနေရာကနေ ချက်ချင်းထွက်သွားပေးပါ"
"ဖောင်တောင် မဖြည့်ရသေးဘဲ ငါက ဝင်ခွင့်အတွက် အရည်အချင်း မပြည့်မီဘူးဆိုတာ မင်းဘယ်လိုသိလဲ.. ဒါ့အပြင် မင်းက ဖောင်ဖြည့်ဖို့အတွက် ကြီးကြပ်ရတဲ့ စာရေးတစ်ယောက်ပဲ.. ငါကို ပြိုင်ပွဲမှာ မပါဝင်ခိုင်းဖို့ မင်းမှာ ဘယ်လို အရည်အချင်းတွေ ရှိနေလို့လဲ"
ကျန်းချန်၏ လေသံက အေးစက်သွားသည်။
"ကောင်လေး... စစ်မှန်သော နဂါးနိုင်ငံရဲ့ အဂ္ဂိရတ်ပြိုင်ပွဲကို ဝင်ပြိုင်ချင်ရင် အသက် ၂၅ နှစ်အောက် တတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်ရမယ်.. ဒါ့အပြင် ပြိုင်ပွဲဝင် တစ်ယောက်စီက ဒေသခံ အဂ္ဂိရတ်အဖွဲ့အစည်း ဒါမှမဟုတ် ပဥ္စမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်ဆီက ထောက်ခံစာကို တင်ပြရမယ်.. မင်းက နောက်ခံဘာမှန်း မသိတဲ့ သူတစ်ယောက်ပဲ.. မင်းက အဂ္ဂိရတ်ပြိုင်ပွဲမှာ ပါဝင်ဖို့ ဘယ်လို အရည်အချင်းတွေ ရှိနေလို့လဲ"
စာရေးဟန်၏ မျက်လုံးများက အေးစက်သွားသည်။
သူက ကျန်းချန်ကို ပြတ်သားစွာ အော်ငေါက်လိုက်၏။
ထိုကောင်လေးသည် ကျီမိသားစုမှ ညီအစ်ကိုနှစ်ယောက်ကို စော်ကားလိုက်ကတည်းက သူ့အနေဖြင့် ထိုကောင်လေးကို အဂ္ဂိရတ်ပြိုင်ပွဲတွင် ပါဝင်ခွင့်ပေးမည် မဟုတ်ပေ။
"ငါက တတိယအဆင့် အဂ္ဂိရတ်သခင်ပါ"
ကျန်းချန်က ခပ်တည်တည်ဖြင့် တတိယအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။
ထို့နောက် သူက နံဘေးမှ ယန်ချင်းရွှယ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"ငါ့မှာ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်ဆီက ထောက်ခံချက်လည်း ရှိတယ်"
ကျန်းချန်က ခေါင်းကိုမော့ကာ စာရေးဟန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"အခု ငါက အဂ္ဂိရတ်ပြိုင်ပွဲမှာ ပါဝင်ဖို့ အရည်အချင်း ပြည့်မီသွားပြီလား"
ကျန်းချန်၏လက်ထဲမှ အဂ္ဂိရတ်သခင် တံဆိပ်နှင့် နံဘေးမှ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် ယန်ချင်းရွှယ်ကို ကြည့်ရင်း စာရေးဟန်၏ မျက်နှာသည် ချက်ချင်းပင် မှောင်မိုက်သွားခဲ့သည်။
အခန်း(၃၁၆) ပြီး၏