အခန်း (၃၁၇)
Vol. 22 Ch. 317
စာရေးဟန်က ကျန်းချန်ပြသလိုက်သည့် အင်အားကြောင့် တုန်လှုပ် ချောက်ချားသွားခြင်း မဟုတ်ပေ။
အမှန်ဆိုလျှင် သူသည် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် တစ်ဦးကို လွယ်လွယ်ကူကူ အပြစ်မလုပ်ဝံ့ချေ။
သို့သော် ယခုအခါတွင် ကျီမိသားစုမှ ညီအစ်ကိုများက သူ့ကို အားပေးထောက်ခံနေရာ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်တစ်ဦးသည် သူ့ကို မည်ကဲ့သို့ ခြိမ်းခြောက်နိုင်ပါမည်နည်း။
စာရေးဟန်သည် အမှန်စင်စစ်အားဖြင့် ဖောင်ဖြည့်သည့်ကိစ္စများကို တာဝန်ယူရန် ဆေးနန်းတော်မှ စေလွှတ်ထားခြင်းသာ ဖြစ်သည်။
သူ့တွင် အဂ္ဂိရတ်သခင် တစ်ယောက်ကို ပြိုင်ပွဲတွင် ပါဝင်ရန် အရည်အချင်း ပြည့်မီခြင်း ရှိမရှိ မေးခွန်းထုတ်ပိုင်ခွင့် မရှိပေ။
စင်စစ် အဂ္ဂိရတ်ပြိုင်ပွဲတွင် ပါဝင်ရန်အတွက် ထောက်ခံစာရှိရန်လည်း မလိုအပ်ချေ။
သူက ယခုကဲ့သို့ စည်းကမ်းချက်များ ထည့်သွင်းရခြင်းမှာ ကျန်းချန်အား နှင်ထုတ်ရန် အကြောင်းပြချက်တစ်ခုကို ရှာဖွေရန်သာ ဖြစ်သည်။
သို့သော် သူ မမျှော်လင့်ထားသည်မှာ ကျန်းချန်သည် သူတောင်းဆိုခဲ့သည့် လိုအပ်ချက်များကို ပြည့်မီနေခြင်း ဖြစ်၏။
စာရေးဟန်၏ မျက်လုံးများက တောက်ပလာပြီး ကျန်းချန်ကို နှင်ထုတ်ရန် အခြား အကြောင်းပြချက်တစ်ခုအား ရှာဖွေတော့မည်ပြုစဉ် နံဘေးမှ ကျီလျန့်သည် ကျန်းချန်ကို အော်ငေါက်လိုက်သည်။
"ကောင်လေး.. မင်းက တတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်ပြီး ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်ရဲ့ ထောက်ခံမှုရှိတော့ရော ဘာဖြစ်လဲ.. ငါ သဘောမတူသရွေ့ မင်းက ဒီအဂ္ဂိရတ်ပြိုင်ပွဲမှာ ဘယ်တော့မှ ပါဝင်ခွင့် ရမှာမဟုတ်ဘူး"
ကျီလျန့်၏ အော်ဟစ်သံကို ကြားသော်လည်း ကျန်းချန်၏ မျက်နှာသည် အနည်းငယ်မျှပင် ပြောင်းလဲမသွားပေ။
သူက ကျီလျန့်ကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။
"မင်းက ကျီမိသားစုရဲ့ လူငယ်တစ်ယောက်ပဲ.. အဂ္ဂိရတ်ပြိုင်ပွဲနဲ့ ဘာမှမဆိုင်ဘူး.. အဂ္ဂိရတ်ပြိုင်ပွဲမှာ ဝင်ရောက်စွက်ဖက်ဖို့ မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ"
"ငါက ဒီနေ့ မင်းကို အဂ္ဂိရတ်ပြိုင်ပွဲမှာ ပါဝင်ခွင့် မပေးဘူးကွာ.. မင်းဘာလုပ်နိုင်လဲ.. ဒီဇူလုံမြို့မှာ ကျီလျန့် စွက်ဖက်လို့မရတဲ့အရာဆိုတာ မရှိဘူး"
ကျီလျန့်က အထက်စီးဆန်သော လေသံဖြင့် ကြုံးဝါးလိုက်သည်။
"ဟုတ်လား.. ဝမ်းနည်းစရာပဲ.. ငါ့အတွက်တော့ ဒီကမ္ဘာပေါ်မှာ ငါ့ကိစ္စတွေကို ဝင်ရောက် စွက်ဖက်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး.. ငါ နောက်ဆုံးတစ်ခေါက် ပြောမယ်.. မင်းမသေချင်ရင် ငါ့ရှေ့ကနေ ချက်ချင်း ပျောက်ကွယ်သွားလိုက်"
ကျန်းချန်က ကျီလျန့်ကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
"ငါ မင်းကို ချင်းဟဲ ဆေးကုသရေးဌာနမှာ ခွေးတစ်ကောင်လို ရိုက်နှက်ခဲ့တာ မမေ့ပါနဲ့.. ငါ မင်းကို မသတ်ရဲဘူးလို့ မင်းတကယ် ထင်နေတာလား"
"ဒီကောင် ဦးနှောက်ပျက်သွားပြီလား"
ကျန်းချန်၏ မောက်မာသော စကားများကို ကြားလျှင် ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အံ့အားသင့်ကာ ငြိမ်သက်သွားကြသည်။
သူတို့အားလုံးနီးပါးသည် ကျန်းချန်ကို အရူးတစ်ကောင်ကိုကြည့်သကဲ့သို့ ကြည့်နေကြသည်။
ကျီလျန့်က မည်သူနည်း။
စစ်မှန်သော နဂါးနိုင်ငံ၏ ရှေးအကျဆုံးမိသားစု သုံးခုထဲမှ ကျီမိသားစု၏ တပည့်တစ်ဦး ဖြစ်သည်။
ကျီမိသားစုသည် သမိုင်းကြောင်း ရှည်လျားပြီး နားလည်ရန်ခက်ခဲသော အမွေအနှစ်များကိုလည်း ပိုင်ဆိုင်ထား၏။
စစ်မှန်သော နဂါးနိုင်ငံ တစ်ခုလုံးကို ကြည့်လျှင်ပင် ကျီမိသားစုကို မျက်နှာသာမပေးရဲသူ တစ်ယောက်မျှ မရှိပေ။
"ဒီကောင်က ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် တစ်ဦးရဲ့ ထောက်ခံမှုရှိတာနဲ့ လုပ်ချင်ရာ လုပ်နိုင်တယ်လို့များ ထင်နေတာလား"
"သူက တကယ်ပဲ ကျီလျန့်ကို သတ်ရဲရင် သူ့ကို ဘယ်သူမှကယ်တင်နိုင်မှာ မဟုတ်ဘူး"
"ငါ့ကို သတ်မယ် ဟုတ်လား"
ကျီလျန်သည် ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူက ကျန်းချန်ကို စိန်ခေါ်သော အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ကောင်းပြီလေ.. မင်းဒီနေ့ ငါ့ကို ဘယ်လိုသတ်မလဲ ဆိုတာကို ကြည့်ရသေးတာပေါ့"
"မင်းက သေချင်နေတော့လည်း ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
ကျန်းချန်က အေးစက်စွာ ရေရွတ်လိုက်သည်။
ထိုခဏတွင် ယန်လုံဓားသည် သူ၏ လက်ဖဝါးပေါ်တွင် တောက်ပလာသည်။
ထို့နောက်တွင် ထက်ရှသော ဓားအရှိန်အဝါသည် ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။
ကျန်းချန်၏ ဓားချက်သည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာဖြင့် ကျီလျန်၏ လည်ချောင်းဆီသို့ ဦးတည်လာခဲ့၏။
"အစ်ကိုကျီယွင်.. ကယ်.. ကယ်ပါဦး"
သူ၏ မျက်လုံးထဲတွင် ကျန်းချန်၏ ထက်ရှစွာ တိုးဝင်လာသော ဓားကို မြင်သောအခါ သေခြင်းတရား၏ အရိပ်အယောင်သည် ကျီလျန့်၏ စိတ်ထဲတွင် ချက်ချင်းပေါ်လာခဲ့သည်။
ကျီလျန့်သည် ရုတ်တရက် သူ၏ အသိစိတ်ကို ဆုံးရှုံးသွားခဲ့ပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
ကျီလျန့်၏ အော်ဟစ်သံ မဆုံးမီမှာပင် အနက်ရောင် လှံတစ်ချောင်းသည် ကျီလျန်၏ ဘေးမှ ချက်ချင်း ထိုးထွက်လာခဲ့သည်။
အနက်ရောင်လှံသည် ထက်ရှသော လှံအရှိန်အဝါကို သယ်ဆောင်လာပြီး ကျန်းချန်၏ ယန်လုံဓားကို အပြင်းအထန် ပိတ်ဆို့လိုက်သည်။
တစ်ချိန်တည်းတွင် အေးစက်သော အသံတစ်သံသည် ကျန်းချန်၏ နားထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်သွား၏။
"ကောင်လေး.. ငါတို့ ကျီမိသားစုဝင်တွေကို မင်း သတ်ချင်တိုင်း သတ်ခွင့်မရှိဘူး"
"သေချာလို့လား"
အခန်း(၃၁၇) ပြီး၏