အခန်း (၃၁၈)
Vol. 22 Ch. 318
ကျန်းချန်ထံမှ စကားသံ လေထုထဲတွင် ပဲ့တင်ထွက်ပေါ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများ၏ မျက်ဝန်းများတွင် ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်များ နေရာယူလာကြသည်။
"ကျီယွင် ဝင်ပါလာပြီ ဆိုတော့ ဒီကလေး ဒုက္ခရောက်တော့မှာပဲ"
တစ်စုံတစ်ဦးက အံ့အားသင့်စွာ ရေရွတ်လိုက်၏။
အခြားတစ်ဦးကလည်း တုန်ယင်သောလေသံဖြင့် ပြောဆိုလိုက်သည်။
"ဒါက ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲ တွန်းပို့နေတာနဲ့ အတူတူပဲ"
ကျီယွင်ဆိုသည်မှာ ကျီမိသားစု၏ အဂ္ဂိရတ် ပါရမီရှင် ဖြစ်သည့်အပြင် ကိုယ်ခံပညာ ပါရမီရှင် တစ်ဦးလည်း ဖြစ်သည် မဟုတ်ပါလော။
ကျီယွင်၏ ကိုယ်ခံပညာကို မည်သူမျှ မယှဉ်နိုင်ဟု ထင်ရှား၏။
ထို့ကြောင့် ယခုကဲ့သို့ ဆေးခန်းမလို နေရာတွင် ကျီယွင်၏ ဂုဏ်သိက္ခာကို မထီမဲ့မြင်ပြုကာ စိန်ခေါ်ရဲသော လူငယ်သည် မိုက်မဲလွန်းသည်ဟု လူအများက ခေါင်းခါယမ်းကာ မှတ်ချက်ပြုခဲ့ကြသည်။
"ဒီကောင့်ရဲ့ လှံဆန္ဒက အားကောင်းလှချည်လား"
ကျန်းချန်သည် ကျီလျန့်၏ ဘေးတွင် လှံရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ဝင့်ကြွားစွာ ရပ်နေသော ကျီယွင်ကို ကြည့်ပြီး အံ့သြနေခဲ့သည်။
သူ့ရင်ထဲတွင် ကျီယွင်ကို လေးစားသောစိတ် အနည်းငယ် ဖြစ်ပေါ်လာခဲ့၏။
"ဒီကျီယွင်က စစ်မှန်သော နဂါးနိုင်ငံရဲ့ ရှေးအကျဆုံး မိသားစု သုံးခုက ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်ဖို့ ထိုက်တန်သားပဲ.. သူက ကိုယ်ခံပညာမှာတင် ထူးချွန်တာ မဟုတ်ဘဲ အသက် ၂၅ နှစ်မတိုင်မီ ပဉ္စမအဆင့် အဂ္ဂိရတ်သခင် အဖြစ်ကို ရောက်ရှိခဲ့တယ်.. ဒါ့အပြင် ကိုယ်ခံပညာပါရမီကလည်း ထူးခြားလွန်းတယ်"
"လှံဆန္ဒနဲ့ ကျီမိသားစုရဲ့ ချီယန်သွေးစွမ်းအား တို့ကို ပေါင်းစပ်လိုက်တဲ့အခါ သူ့ရဲ့ အစွမ်းအစက အံ့မခန်းပဲ"
ကျီယွင်သည် ကျန်းချန် တွေ့မြင်ဖူးသမျှ လူငယ် ပါရမီရှင်ထဲတွင် အင်အားအကြီးဆုံးသူ တစ်ဦး ဖြစ်သည်။
သူ့စိတ်ထဲတွင် ကျီယွင်အား ပြိုင်ဆိုင်လိုသောစိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။
"ကျန်းချန်.. မင်းက အံ့ဩဖို့ကောင်းသားပဲ"
ကျီယွမ်က ပြုံးရယ်လျက် ပြောလိုက်၏။
"ငါ သတ်ချင်ရင် ဘယ်သူ့ မျက်နှာကိုမှ ကြည့်နေမှာမဟုတ်ဘူး"
ကျန်းချန်က တည်ငြိမ်သော လေသံဖြင့် ပြောဆိုလိုက်သည်။
"မင်း သူ့ကို မသတ်စေချင်ရင် သူ့ကို ခေါ်ပြီး ဒီနေရာကနေ ချက်ချင်း ထွက်သွားပေးပါ.. အဂ္ဂိရတ်ပြိုင်ပွဲ အတွက် ဖောင်ဖြည့်တာကို အနှောင့်အယှက် မပေးစေနဲ့"
"ဟားဟား.. ဒီနေ့ မင်း အသက်မသေရင် ကံကောင်းတယ်လို့သာ မှတ်ယူလိုက်တော့"
ကျီယွင်က မထီမဲ့မြင် အပြုံးဖြင့် ပြန်လည်ပြောဆိုသည်။
"မင်း အဂ္ဂိရတ်ပြိုင်ပွဲမှာ ပါဝင်ခွင့် ရမယ်လို့ ထင်နေလား"
"မင်းက ဘာကောင်မို့ ငါပြိုင်ပွဲဝင်တာကို တားဆီးနိုင်မှာလဲ"
ကျန်းချန်က စူးရှစွာ ကြည့်၍ ပြန်လည် မေးမြန်းလိုက်သည်။
"ငါ အဂ္ဂိရတ်ပြိုင်ပွဲမှာ ပြိုင်ခွင့် ရှိမရှိ မင်းမှာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး"
"ကောင်လေး ငါ့အစ်ကိုက ဆေးနန်းတော်ရဲ့ အထူးချွန်ဆုံး ပါရမီရှင်ဖြစ်ပြီး ဆေးနန်းတော်ရဲ့ အနာဂတ် အရှင်သခင် နေရာအတွက် ရွေးချယ်ခံရဖို့ ရေပန်းစားနေတဲ့သူပဲ"
ကျီလျန့်က အောင်နိုင်သော အပြုံးဖြင့် ပြောဆိုလိုက်သည်။
"ငါ့အစ်ကိုက နည်းနည်းလောက် ပြောဆိုလိုက်တာနဲ့ မင်းအဂ္ဂိရတ် ပြိုင်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်တော့ဘူး"
"မင်း အဂ္ဂိရတ်ပြိုင်ပွဲမှာ အရမ်း ပါဝင်ချင်နေတယ် ဆိုရင် ချိုးလော်လန်ကို ငါ့ဆီ ပို့ပြီး ငါ့ရှေ့မှာ ဒူးထောက် တောင်းပန်လိုက်... ဒါဆို ငါ မင်းကို အခွင့်အရေးပေးမယ်"
"ငါ အမုန်းတီးဆုံးက ငါ့ကို လာခြိမ်းခြောက်တာပဲ.. အထူးသဖြင့် ငါ့ပတ်ဝန်းကျင်က လူတွေကို ခြိမ်းခြောက်ရင် ပိုပြီးတောင် မုန်းတီးတယ်"
ကျန်းချန်က အေးစက်သော လေသံဖြင့် ပြောဆိုလိုက်သည်။
"ဒီစကားကြောင့် ဒီနေ့က မင်းရဲ့ နှစ်ပတ်လည်နေ့ ဖြစ်လာမယ်လို့ ငါ အာမခံတယ်"
ကျီလျန့်၏ မောက်မာသော စကားကို ကြားလျှင် ကျန်းချန်၏ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်လိုသော ဆန္ဒများ ပြည့်နှက်သွားသည်။
သူ့ အနီးအနားရှိ လေထုပင် အေးစက်လာ၏။
သူက ကျီယွင်ကို အေးစက်စွာ စိုက်ကြည့်၍ ပြောဆိုလိုက်သည်။
"မင်းရဲ့ ဘေးက သောက်ရူးလို မသေချင်ရင် ဒီနေရာကနေ ချက်ချင်း ထွက်သွားပေးပါ"
"မင်း တစ်ယောက်တည်းကလား"
ကျီယွင်က မထီမဲ့မြင် အကြည့်ဖြင့် ကြည့်ကာ ပြန်လည်မေးမြန်းလိုက်သည်။
သူက ကျီမိသားစု၏ အထူးချွန်ဆုံး ပါရမီရှင်များထဲမှ တစ်ဦးဖြစ်၏။
သူကဲ့သို့ ထူးချွန်သော လူငယ်ပါရမီရှင်များသည် ဇူလုံမြို့တွင် အနည်းငယ်သာ ရှိပေသည်။
သူ၏ မျက်လုံးထဲတွင် ကျန်းချန်ကို အရေးမထားသော အရိပ်အယောင်များ ပေါ်လွင်နေခဲ့၏။
သူ့အနေဖြင့် သူ၏ ရှေ့မှ နာမည်မရှိသော လူငယ်ကို မည်ကဲ့သို့ ဂရုစိုက်ရပါမည်နည်း။
"ငါ သူ့ကို သတ်ချင်ရင် ငါ့ကို ဘယ်သူမှ မတားဆီးနိုင်ဘူး"
ကျန်းချန်က အေးစက်သော အသံဖြင့် ပြောဆိုလိုက်သည်။
"မင်းလောက်ကို မပြောနဲ့.. မင်းရဲ့ ကျီဘိုးဘေး ကိုယ်တိုင်လာရင်တောင် ဒီနေ့ ကျီလျန့် သေဆုံးရမယ်"
ကျန်းချန်သည် သူ၏ အေးစက်သော စကားသံ အဆုံးတွင် ဓားဆန္ဒဖြင့် ကျီယွင်အား တိုက်ရိုက် ဖိနှိပ်လိုက်သည်။
ကျီယွင်၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားပြီး ကျန်းချန်၏ ဓားဆန္ဒကို တုံ့ပြန်ရန် သူ၏ လှံဆန္ဒကို အလျင်အမြန် ထုတ်သုံးလိုက်သည်။
ထိုခဏမှာပင် သူ၏မျက်လုံးများ၌ ကြောက်ရွံ့သော အရိပ်အယောင်များ ယှက်နွယ်သွားသည်။
သူ၏ လှံဆန္ဒသည် ကျန်းချန်၏ ဓားဆန္ဒနှင့် ထိတွေ့သောအခါ ချက်ချင်းပင် ရှုံးနိမ့်သွား၏။
ကျီယွင်က နာကျင်စွာ အော်ဟစ်လိုက်ပြီး မီတာအတော်ဝေးဝေးထိ လွင့်စင်ကာ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
အခန်း(၃၁၈) ပြီး၏