အခန်း (၃၁၉)
Vol. 22 Ch. 319
"ဓားဆန္ဒ.. မင်း... မင်းက ဓားဆန္ဒ ဒုတိယအဆင့်ကိုတောင် နားလည်နေပြီလား"
ကျီယွင်က သူ့နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးစက်များကို လက်ဖြင့် သုတ်လိုက်သည်။
ထို့နောက် မျက်နှာချင်းဆိုင်မှ ကျန်းချန်ကို ကြည့်ရင်း သူ့မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ထွက်ပေါ်လာခဲ့၏။
ကျီယွင်သည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်က မည်မျှ ခက်ခဲနက်နဲသည်ကို ကောင်းစွာ သိနားလည်သူ ဖြစ်သည်။
အထူးသဖြင့် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ရန်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲ၏။
လွန်ခဲ့သော သုံးနှစ်ခန့်ကတည်းကပင် ကျီယွင်သည် သူ၏ လှံဆန္ဒကို ပထမအဆင့်၏ အထွတ်အထိပ်သို့ ရောက်အောင် ကြိုးစားခဲ့သည်။
ကျီယွင်သည် လှံဆန္ဒကို ကျွမ်းကျင်စွာ နားလည်ထားသူဖြစ်သည်။
သို့သော် သုံးနှစ်ကြာ ကြိုးစားပြီးနောက်မှာပင် သူ၏ လှံဆန္ဒသည် ပထမအဆင့် အထွတ်အထိပ်ကနေ ဆက်လက် တိုးတက်ရန် အလားအလာ မရှိတော့ပေ။
ထို့ကြောင့် ကျီယွင်သည် သူ၏ မျက်နှာချင်းဆိုင်မှ အသက်နှစ်ဆယ်ပင် မပြည့်သေးသော ကောင်လေးက ဓားဆန္ဒတွင် ဒုတိယအဆင့်သို့ ရောက်နေသည်ကို မြင်လျှင် မယုံနိုင်အောင် ဖြစ်နေခဲ့သည်။
ထိုကောင်လေး၏ ဓားဆန္ဒသည် အလွန်အားကောင်းပြီး သူ့ကိုပင် နောက်ဆုတ်စေနိုင်ခဲ့သည်။
ကျန်းချန်သည် ကျီယွင်၏ မေးခွန်းကို လျစ်လျူရှုလိုက်သည်။
ထိုခဏတွင် သူ့လက်ထဲမှ ယန်လုံဓားသည် ရုတ်ခြည်းဆိုသလို အနီရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွား၏။
သူ၏ လျှပ်စီးလက်သလို လျင်မြန်သော ဓားချက်သည် ကျီလျန့်၏ လည်ပင်းကို ဖြတ်တောက်သွားခဲ့သည်။
ကျီလျန့်သည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ တအိအိ လဲကျသွားသည်။
သူတို့၏ ရှေ့မှ မြင်ကွင်းကြောင့် ဆေးခန်းမ၏ တံခါးဝရှိ ပတ်ဝန်းကျင်သည် ဤအချိန်တွင် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။
သူတို့အားလုံးသည် တုန်လှုပ်ချောက်ချားသော အမူအရာဖြင့် ကျန်းချန်ကို ကြည့်နေခဲ့ကြပြီး မှင်တက်နေရာကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ကြာ လိုအပ်ခဲ့သည်။
ကျန်းချန်သည် မျက်စိတစ်မှိတ်အတွင်း ကျီယွင်ကို နောက်ဆုတ်စေကာ ကျီလျန့်ကို သတ်ပစ်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ကြပေ။
ဤလုပ်ရပ်က အလွန် ရက်စက်လွန်းသည် မဟုတ်ပါလား။
"မင်း.. မင်း.. ငါ့ညီကို သတ်ရဲတယ်"
ကျန်းချန်၏ လျှပ်တပြက် ဓားချက်က ကျီလျန့်၏ အသက်ကို ယူငင်သွားသည်ကို မြင်လျှင် ကျီယွင်သည် ရုတ်တရက် ဒေါသတကြီး မာန်မဲလိုက်သည်။
သူက ကျန်းချန်ကို သတ်ဖြတ်လိုသော ဆန္ဒဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းဘယ်သူဖြစ်ဖြစ် ငါဂရုမစိုက်ဘူး.. ငါ့ညီကို သတ်ရဲမှတော့ မင်းအနေနဲ့ ကြီးလေးတဲ့ အဖိုးအခကို ပေးဆပ်ရမယ်"
"မင်းညီက အသက်ရှင်ဖို့ မထိုက်တန်တဲ့ အမှိုက်ပဲ.. ငါ သတ်ချင်လို့ သတ်လိုက်ပြီ.. မင်းနဲ့ အပိုစကားတွေ ပြောဖို့ ငါအားမနေဘူး.. မင်း သူ့အတွက် လက်စားချေချင်ရင်လည်း အခုချေလို့ရပြီ.. မဟုတ်ရင်လည်း ဒီနေရာကနေ ထွက်သွားလိုက်.. ငါအဂ္ဂိရတ်ပြိုင်ပွဲ အတွက် ဖောင်ဖြည့်တာကို အနှောင့်အယှက် မပေးနဲ့တော့"
ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။
ကျန်းချန်၏ မထီမဲ့မြင်ပြုသော စကားများကို ကြားလျှင် ကျီယွင်၏ အမူအရာသည် အလွန် ရှုပ်ထွေးသွားသည်။
ကျန်းချန်၏ ဓားဆန္ဒကို ကြောက်ရွံ့သောကြောင့် ကျီယွင်သည် ကျန်းချန်ကို လွယ်လင့်တကူ တိုက်ခိုက်ရန် မဝံ့ရဲပေ။
သူက ဖောင်ဖြည့်ခြင်းကို တာဝန်ယူသော စာရေးဟန်ကို တိုက်ရိုက် အော်ငေါက်လိုက်သည်။
"စာရေးဟန်.. ဆေးခန်းမမှာ ရမ်းကားနေတဲ့ ဒီကောင်လေးကို မဖမ်းဘဲ ဘာလုပ်နေတာလဲ"
စာရေးဟန်က ကျီယွင်၏ အမိန့်ကို ကြားလျှင် ဆေးခန်းမ၏ အစောင့် အနည်းငယ်ကို ခေါ်ဆောင်ကာ ကျန်းချန်ကို ဝိုင်းရံလိုက်သည်။
"ကောင်လေး.. မင်းက ဆေးခန်းမရဲ့ တံခါးဝမှာ လူတစ်ယောက်ကို သတ်ရဲတယ်လား...မင်းက အသက်ရှင်ဖို့ စိတ်မဝင်စားတော့တဲ့ပုံပဲ.. အခြေအနေကို သဘောပေါက်ရင် လက်နက်ချပြီး အဖမ်းခံလိုက်ပါ"
စာရေးဟန်က ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"ငါ့ညီလေးကို ဘယ်သူထိရဲလဲ.. သူ့ရဲ့ဆံခြည်တစ်မျှင်ကို ထိရဲရင် အကုန်အလောင်း ဖြစ်စေရမယ်"
ကျန်းချန် နံဘေးရှိ ယန်ချင်းရွှယ်က ပြင်းထန်စွာ ကြုံးဝါးလိုက်သည်။
"ဆရာကြီး.. စကားပြောတဲ့အခါ သတိထားပါ.. ကျီယွင်က ငါတို့ ဆေးခန်းမရဲ့ အဂ္ဂိရတ်ပါရမီရှင် ဖြစ်ပြီး ဆေးနန်းတော်သခင်ရဲ့ နေရာကို အနာဂတ်မှာ ဆက်ခံမဲ့ ကိုယ်စားလှယ်လောင်းတွေထဲက တစ်ယောက်ပဲ.. ဒါကြောင့် ငါက သူ့အမိန့်အတိုင်း လုပ်ဆောင်ရတာပဲ.. ဆရာကြီးပါ အရေးယူ မခံချင်ရင် ဘေးထွက်နေပါ"
စာရေးဟန်က ယန်ချင်းရွှယ်ကို မထီမဲ့မြင်ပြုစွာ ကြည့်၍ ပြောဆိုလိုက်သည်။
"ဟားဟား.. အသက်နှစ်ဆယ့်ငါး ရှိပြီ ဖြစ်တဲ့ ပဉ္စမအဆင့် အဂ္ဂိရတ်သခင်တစ်ယောက်ကို မင်းက အဂ္ဂိရတ်ပါရမီရှင်လို့သတ်မှတ်ထားတာလား.. ငါ့ရှေ့မှာ သူက ဘယ်လိုလုပ်ပြီး အဂ္ဂိရတ်ပါရမီရှင် ဖြစ်နိုင်မှာလဲ"
ကျန်းချန်က မထီမဲ့မြင် ရယ်မောလိုက်သည်။
ယင်းနောက်တွင် သူက လက်ဖဝါးကို ဖြန့်လိုက်သောအခါ နောက်ထပ် ငွေရောင် တံဆိပ်ပြား တစ်ခုသည် သူ့လက်ဖဝါးထဲတွင် ပေါ်လာခဲ့၏။
အခန်း(၃၁၉) ပြီး၏