← Chapters

အခန်း (၃၂၀)

Vol. 22 Ch. 320

အခန်း (၃၂၀)

Vol. 22 Ch. 320

"ကြယ်ငါးပွင့် ငွေရောင် အဂ္ဂိရတ်သခင် တံဆိပ်ပြား.. ဒီကောင်လေးက တကယ်ပဲ ပဉ္စမအဆင့် အဂ္ဂိရတ်သခင် ဖြစ်နေတာလား"

"ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"

ကျန်းချန်၏ လက်ထဲတွင် ရုတ်တရက် ပေါ်လာသော ပဉ္စမအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို မြင်လျှင် လူတိုင်းသည် မျက်လုံးများ ကျွတ်ကျလုမတတ် အံ့အားသင့်သွားကြသည်။

အချို့ဆိုလျှင် ပါးစပ်အဟောင်းသားဖြင့် မှင်တက်နေကြ၏။

သူတို့ရှေ့မှ ကောင်လေးသည် အသက် ၁၆ နှစ် သို့မဟုတ် ၁၇ နှစ်ခန့်သာ ရှိပုံရသည်။

အသက် ၁၆ နှစ် သို့မဟုတ် ၁၇ နှစ်အရွယ် ပဉ္စမအဆင့် အဂ္ဂိရတ်သခင်။

"မင်းတို့ဟာက တကယ်ရော ဟုတ်ရဲ့လား... နောက်ပြောင်နေတာလား"

"ဒါ လုံးဝ အတုပဲ ဖြစ်ရမယ်"

သူတို့ရင်ထဲတွင် မယုံကြည်နိုင်သော အတွေးများ ပွက်လောရိုက်နေ၏။

ရှန်းဝူတိုက်ကြီးတွင် ကိုယ်ခံပညာ ဖြစ်စေ၊ အဂ္ဂိရတ်ပညာရပ်ဖြစ်စေ၊ ပါရမီရှင်များသည်ပင် အဆင့်တစ်ခုသို့ ရောက်ရန် အချိန်တစ်ခုခန့် ရင်းနှီးရသည်။

ဤသည်မှာ သူတို့၏ အတွေ့အကြုံအရ မဖြစ်နိုင်သော ကိစ္စတစ်ရပ် ဖြစ်သည်။

ထို့ပြင် ကိုယ်ခံပညာနှင့် နှိုင်းယှဉ်လျှင် အဂ္ဂိရတ်ပညာရပ်၏ တိုးတက်မှုသည် သံသယဖြစ်ဖွယ်ရာမရှိ အများကြီး ပိုမို ခက်ခဲသည်။

ကုန်ကုန်ပြောရလျှင် ကိုယ်ခံပညာသည် ဆေးဝါးများကဲ့သို့ ပြင်ပ အင်အားများဖြင့် ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေနိုင်သေးသည်။

ဤကမ္ဘာတွင် ဆေးလုံးတစ်လုံး သောက်ပြီး ကျင့်ကြံခြင်း နယ်ပယ်အဆင့်ကြီး တစ်ဆင့်ကို မြှင့်တင်ပေးနိုင်သော ကောင်းကင်ကို ဆန့်ကျင်သည့် ဆေးလုံးများ ရှိကြ၏။

သို့သော် အဂ္ဂိရတ်သခင် တစ်ယောက်ကို အဆင့်တစ်ဆင့် တိုက်ရိုက် မြှင့်တင်ပေးနိုင်သော ဆေးဝါးမျိုး မည်သည့်အခါမျှ ရှိလာမည် မဟုတ်ပေ။

ကျီယွမ်သည် အသက်၂၅ နှစ်တွင် ပဉ္စမအဆင့် အဂ္ဂိရတ်သခင်အဆင့် ထိုးဖောက်နိုင်ခဲ့ပြီး စစ်မှန်သော နဂါးနိုင်ငံ၏ ထိပ်တန်း အဂ္ဂိရတ်ပါရမီရှင် ဖြစ်ခဲ့၏။

သူက နာမည်ကျော် အဂ္ဂိရတ်သခင် တစ်ယောက်၏ သင်ကြားပြသမှုနှင့် သူ့မိသားစု၏ ထောက်ပံ့မှုတို့ကြောင့် ဤကဲ့သို့ အောင်မြင်မှုကို ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် နောက်ကြောင်း ဘာမှမသိရသော သူတို့ရှေ့မှ ကောင်လေးသည် ပဉ္စမအဆင့် အဂ္ဂိရတ်သခင် ဖြစ်နေခြင်းမှာ အဓိပ္ပာယ်မရှိလှပေ။

"ပဉ္စမအဆင့် အဂ္ဂိရတ်သခင်.. ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"

စာရေးဟန်က ကျန်းချန်ကို ကြောင်တောင်တောင် စိုက်ကြည့်နေခဲ့သည်။

သူ့မျက်ဝန်းထဲတွင် မယုံနိုင်လောက်အောင် ထိတ်လန့်မှုများ ထင်ဟပ်နေ၏။

သူ့ဦးနှောက်က လုံးဝ အလုပ်မလုပ်တော့သလိုပင် ခံစားနေရသည်။

ဆေးခန်းမ၏ စာရေး တစ်ယောက်အနေဖြင့် သူသည် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို မည်သို့မျှ အတုလုပ်၍ မရကြောင်း ကောင်းစွာ သိသည်။

အသက် ၁၆ နှစ် သို့မဟုတ် ၁၇ နှစ်အရွယ် ပဉ္စမအဆင့် အဂ္ဂိရတ်သခင်...

ဤသည်မှာ သူတို့ ဆေးခန်းမ၏ မှတ်တမ်းကို ချိုးဖျက်ရန် လုံလောက်သော အဆင့်အတန်းတစ်ခု ဖြစ်သည်။

"စာရေးဟန်.. မင်းသေချာဆုံးဖြတ်ပါ.. ညီလေး ကျန်းချန်က အဂ္ဂိရတ်ပြိုင်ပွဲမှာ ပါဝင်ဖို့ အရည်အချင်း အပြည့်ရှိတယ် ဆိုတာ မင်းသိပါတယ်"

"ငါ မင်းကို တစ်ကြိမ် ထပ်မေးမယ်.. ညီလေး ကျန်းချန်ကို ဖောင်ဖြည့်ခွင့်ပေးမှာလား"

"မင်း ဆက်ပြီး ကလိမ်ကကျစ် လုပ်နေရင် ငါ့အနေနဲ့ ဆေးနန်းတော်သခင် ဖျင်ရီရှန်း ဆီကို ကိုယ်တိုင် သွားပြီး ဖြေရှင်းချက်တောင်းဖို့ ဝန်လေးနေမှာ မဟုတ်ဘူး"

စာရေးဟန် ကြောက်လန့်နေသောအချိန်တွင် ယန်ချင်းရွှယ်၏ အသံသည် သူ့နားထဲတွင် ပဲ့တင်ထပ်သွားသည်။

ထိုခဏတွင် သူ့နှလုံးသားသည် တဒိတ်ဒိတ်ခုန်လာ၏။

ယန်ချင်းရွှယ်၏ ကျန်းချန်ကို ခေါ်ဝေါ်သည့် အသုံးအနှုန်းကို ကြားသောအခါ စာရေးဟန်၏ မျက်လုံးများသည် ရုတ်တရက် ကျုံ့ဝင်သွားခဲ့သည်။

သူက ခေါင်းကို မော့ပြီး ယန်ချင်းရွှယ်ကို အံ့အားသင့်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

"မင်း.. မင်းက သူ့ဆရာ မဟုတ်ဘူးလား"

"ဟားဟား... မင်းက ငါ့ကို အရမ်း အထင်ကြီးနေပြီ"

ယန်ချင်းရွှယ်က ခေါင်းခါလိုက်ပြီး အားလုံးကို အံ့အားသင့်စေမည့် စကားကို ပြောလိုက်သည်။

"ငါက ညီလေး ကျန်းချန်ရဲ့ ဆရာ ဖြစ်ဖို့ အရည်အချင်း မပြည့်မီပါဘူး"

ယန်ချင်းရွှယ် ထိုစကားကို ပြောလိုက်သည့်အခါ လူတိုင်းသည် နှုတ်ခမ်းများ မဲ့ရွဲ့သွားကြ၏။

သူတို့က သူတို့၏ နားများကိုပင် မယုံနိုင်ကြတော့ပေ။

ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်သည် အသက် ၁၆ နှစ် သို့မဟုတ် ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ညီလေးဟု ခေါ်ပြီး ထိုကောင်လေး၏ ဆရာ ဖြစ်ရန် အရည်အချင်း မပြည့်မီဟု ကိုယ်တိုင် ဝန်ခံနေခဲ့သည်။

"ဒီကောင်လေးက ဘယ်လို မွန်းစတားမျိုးလဲဟ"

အသက် ၁၆ နှစ် သို့မဟုတ် ၁၇ နှစ်အရွယ် ပဉ္စမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်ကို ဒဏ္ဍာရီလာ သတ္တမအဆင့် အဂ္ဂိရတ်သခင် ကသာ ပျိုးထောင်နိုင်မည် ဖြစ်၏။

"ဒီကောင်လေးရဲ့ ဆရာက သတ္တမအဆင့် အဂ္ဂိရတ်သခင် ဖြစ်နိုင်တယ်"

စာရေးဟန်က ရုတ်တရက် တွေးတောမိလိုက်သည်။

သူ့ရင်ထဲတွင် စိုးရိမ်စိတ်များ တားဆီးမရစွာ ဖြစ်ပေါ်လာ၏။

သတ္တမအဆင့် အဂ္ဂိရတ်သခင်...

ဤသည်မှာ သူမည်သို့မျှ စော်ကား၍ မရသော အဆင့်အတန်း ဖြစ်သည်။

စစ်မှန်သော နဂါးနိုင်ငံတွင် သတ္တမအဆင့် အဂ္ဂိရတ်သခင် ဟူ၍ ဆေးနန်းတော်အရှင်သခင် ဖျင်ရီရှန်း တစ်ယောက်သာ ရှိသည်။

ဤကောင်လေး၏ ဆရာသည် အမှန်တကယ်ပင် သတ္တမအဆင့် အဂ္ဂိရတ်သခင် ဖြစ်နေခဲ့လျှင် ဆေးနန်းတော် အရှင်နှင့် တန်းတူ အဆင့်အတန်းရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်၏။

ဤသို့သော ပုဂ္ဂိုလ်တစ်ပါးသည် ရှေးဟောင်းမိသားစု သုံးခုထဲမှ ကျီမိသားစုပင် ရန်စ၍မရသော အဆင့်အတန်း ဖြစ်သည်။

စာရေးဟန်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။

သူ့လေသံက ချက်ချင်းပင် ပျော့သွားသည်။

ထိုသို့သော ပုဂ္ဂိုလ်တစ်ပါးနှင့် ပတ်သက်နေသောသူကို သူက အဘယ်ကဲ့သို့ ငြင်းဆန်ရဲပါမည်နည်း။

"ပေးထားတဲ့ အချက်အလက်တွေကို ဖြည့်သွင်းပြီးရင် သုံးရက်အတွင်း အဂ္ဂိရတ်ပြိုင်ပွဲမှာ ပါဝင်ဖို့ လာခဲ့ပါ"

အခန်း(၃၂၀) ပြီး၏

All Chapters