← Chapters

အခန်း (၃၂၃)

Vol. 22 Ch. 323

အခန်း (၃၂၃)

Vol. 22 Ch. 323

ကျန်းချန်သည် ကျီကျင်းကို ပေါ့ပါးစွာ ကြည့်လိုက်ပြီး သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက် ဖော်ပြလိုက်သည်။

ဒဏ္ဍာရီထဲမှ အထူးခန္ဓာကိုယ်ဖြစ်သည့် သန္ဓေ မူလသိုင်းခန္ဓာနိုးထလာသည်နှင့် ကျီကျင်း၏ သွေးစွမ်းအားသည် အလွန် အားကောင်းလာမည် ဖြစ်ပြီး ကျီမိသားစု၏ ချီယန် သွေးစွမ်းအားပင် နှိုင်းယှဉ်၍ ရနိုင်တော့မည် မဟုတ်ပေ။

ပို၍ အရေးကြီးသည်မှာ သန္ဓေ မူလသိုင်းခန္ဓာ၏ သွေးစွမ်းအားတွင် လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခု ပါဝင်နေခြင်းပင်။

အဆီအနှစ် သွေးတစ်စက်ပင် မူလဘူတအဆင့် ကိုယ်ခံပညာရှင်၏ စစ်မှန်သော စွမ်းအင်ကို အသက်စွမ်းအင် အဖြစ် ပြောင်းလဲနိုင်ပြီး အတားအဆီးမရှိ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်စွမ်းရှိ၏။

ကျန်းချန်တွင် စနစ်ရှိနေ၍ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်ကို ထိုးဖောက်ရန်မှာ မခက်ခဲပေ။

သို့သော် သူ့တွင် သန္ဓေမူလသိုင်းခန္ဓာ၏ အဆီအနှစ် တစ်စက်ရှိခဲ့လျှင် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်ကို ထိုးဖောက်ရာတွင် များစွာ ပို၍ လွယ်ကူသွားမည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

ထို့ပြင် ကျန်းချန်သည် သူ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသော အကြံအစည် အချို့ကို စမ်းသပ်ကြည့်ချင်ခဲ့၏။

အဆတစ်ရာ ကျင့်ကြံခြင်း စနစ်ကို ရရှိပြီးကတည်းကပင် ကျန်းချန်သည် ဤစနစ်၏ အင်အားကို နက်နက်ရှိုင်းရှိုင်း ခံစားမိခဲ့သည်။

သူပြောနိုင်သည်မှာ ဤစနစ်တွင် အရာအားလုံးကို လုပ်ဆောင်နိုင်စွမ်း ရှိနေခြင်းပင်။

ထို့ကြောင့် ကျန်းချန်က သိလိုခဲ့သည်။

သူသာ သန္ဓေ မူလသိုင်းခန္ဓာ၏ အဆီအနှစ် သွေးတစ်စက်ကို စနစ်၏ အဆတစ်ရာ တိုးမြှင့်မှုမှ တစ်ဆင့် ပေါင်းစပ်လိုက်လျှင် သူ၏ခန္ဓာကိုယ်သည်လည်း ကျီကျင်းလို သန္ဓေ မူလသိုင်းခန္ဓာ ဖြစ်လာပါမည်လော။

စနစ်တွင် ဤလုပ်ဆောင်ချက် အမှန်တကယ် ရှိခဲ့လျှင် ကောင်းကင်ကိုပင် ဆန့်ကျင်ရာ ရောက်ပေမည်။

"ငါ့ကိုသာ ကုသနိုင်ရင် မင်း တောင်းဆိုချက်ကို ဖြည့်ဆည်းပေးမယ်လို့ ကတိပေးပါတယ်"

ကျီကျင်းသည် စဉ်းစားမနေတော့ဘဲ တိုက်ရိုက် ပြန်ဖြေလိုက်သည်။

သန္ဓေ မူလသိုင်းခန္ဓာကိုယ်ကို နိုးထစေရန်သည် ကျီကျင်း အမြဲ အိပ်မက်မက်ခဲ့သော အရာ ဖြစ်၏။

သွေးတစ်စက်လောက်ကို မပြောနှင့်၊ ဤကိစ္စအတွက် မည်မျှပင် ပေးဆပ်ရပါစေ၊ သူက ခံနိုင်ရည်ရှိပေသည်။

"သန္ဓေ မူလသိုင်းခန္ဓာကို နိုးထစေဖို့အတွက် ကောင်းကင်မူလ နတ်ကျောက်တုံးကို လိုအပ်တယ်"

"ကောင်းကင်မူလ နတ်ကျောက်တုံးကို တွေ့ရင် ချင်းဟဲ ဆေးကုသရေးဌာနမှာ ငါ့ကို လာရှာပါ"

ကျန်းချန်သည် အပို စကားမပြောတော့ဘဲ ကျီကျင်းကို တိုက်ရိုက် ပြောဆိုလိုက်သည်။

"ကောင်းပါပြီ.. ငါ ကောင်းကင်မူလ နတ်ကျောက်တုံးနဲ့အတူ မင်းဆီ အမြန်ဆုံး လာခဲ့မယ်"

ကျီကျင်းက ခေါင်းညိတ်၍ ပြန်​ဖြေလိုက်ပြီးနောက် လှည့်ထွက်ရန် ပြင်လိုက်၏။

သို့သော် သူတစ်ဖက်သို့ လှည့်လိုက်သော အချိန်မှာပင် မီတာရာနှင့်ချီ ဝေးသော လေထုထဲကနေ အားကောင်းသော အရှိန်အဝါ တစ်ခု ထွက်ပေါ်လာခဲ့သည်။

ယင်းမှာ စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်အဆင့် ကျင့်ကြံသူ၏ အရှိန်အဝါ ဖြစ်၏။

ရုတ်တရက် အားကောင်းသော အရှိန်အဝါသည် လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

၎င်းတို့က မျှော်ကြည်လိုက်သောအခါ လူသတ်ငွေ့များ ထွက်ပေါ်နေသည့် အနက်ရောင် ဝတ်စုံဝတ် အဘိုးကြီး တစ်ဦးကို လေထဲတွင် တွေ့လိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်း အနက်ရောင် ဝတ်စုံဝတ် အဘိုးကြီးသည် ကျန်းချန်တို့၏ ဦးခေါင်းအထက် လေထုထဲတွင် ပေါ်လာခဲ့သည်။

"ကျီမိသားစုရဲ့ အကြီးအကဲ ကျီထျန်းလွေ့ပါလား.. သူက ဘာကြောင့် ဒီကို ရောက်လာတာလဲ"

"ကျီထျန်းလွေ့က ကျီမိသားစုရဲ့ စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် အကြီးအကဲ သုံးဦးထဲက တစ်ဦးပဲ"

"ဒီအဘိုးကြီးကို ဘယ်သူက ဒေါသထွက်စေခဲ့တာလဲ မသိဘူး.. ဒီလူက အသက်ရှင်ရှည် မနေချင်တော့ဘူး ထင်တယ်"

လေထဲတွင် ဒေါသထွက်သော အမူအရာဖြင့် ရပ်တန့်နေသော ကျီထျန်းလွေ့ကို ကြည့်ရင်း ပတ်ဝန်းကျင်မှ လူအတော်များများသည် တီးတိုး ပြောဆိုနေခဲ့ကြသည်။

"အကြီးအကဲ ထျန်းလွေ့.. ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"

ကျီကျင်းက လေထဲမှ ကျီထျန်းလွေ့ကို ကြည့်ကာ တအံတသြ မေးလိုက်သည်။

"ကျီကျင်း.. ဒီကိစ္စက မင်းနဲ့ မသက်ဆိုင်ဘူး.. မင်းဝင်မပါနဲ့"

ကျီထျန်းလွေ့က အေးစက်စွာ ပြောလိုက်သည်။

ထို့နောက် သူ၏ အကြည့်သည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့၏။

"မင်းက ကျန်းချန်လား"

"ဟုတ်တယ်.. ငါက ကျန်းချန်ပဲ"

ကျန်းချန်သည် ခေါင်းကို မော့ကာ အနက်ရောင် ဝတ်စုံဝတ်အဘိုးကြီးကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"မင်းက ဘယ်သူလဲ"

"ကျီမိသားစုက ကျီထျန်းလွေ့"

ကျီထျန်းလွေ့က ကျန်းချန်ကို ပြတ်သားစွာ စိုက်ကြည့်၍ ပြန်ဖြေလိုက်၏။

"မင်းက ငါ့မြေး ကျီလျန့်ကို သတ်ခဲ့တယ် မဟုတ်လား"

ကျီထျန်းလွေ့ ထို​စကားကို ပြောဆိုလိုက်သည်နှင့် ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော အကြည့်များသည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ အကြည့်များတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ထင်ဟပ်နေခဲ့၏။

"ဒီကလေးက တကယ်ပဲ ကျီမိသားစုက ကျီလျန့်ကို သတ်ခဲ့တာလား"

"ဒါ.. ဒါက အရမ်း ရူးသွပ်လွန်းတဲ့ လုပ်ရပ်ပဲ မဟုတ်လား"

အခန်း(၃၂၃) ပြီး၏

All Chapters