အခန်း (၃၂၅)
Vol. 22 Ch. 325
"ဝိုး.. ဒီကလေးက အရမ်း မောက်မာလွန်းတယ်ဟ"
"စွမ်းအင် သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူရှေ့မှာ နို့နံ့တောင် မစင်သေးတဲ့ ချာတိတ်လေးက ရမ်းကားလှချည်လား"
"ငါဒီမှာ နေရာမရွှေ့ဘဲ ရပ်နေရင်တောင် မင်း ငါ့ကို မသတ်နိုင်ဘူး"
ကျန်းချန်၏ မောက်မာသော စကားကို ကြားလျှင် လူတိုင်းသည် ကျန်းချန်ကို အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်ကြသည်။
ဤလူငယ်လေးသည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်ကိုပင် မရောက်သေးသော အသက် ၁၆ နှစ် သို့မဟုတ် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးသာ ဖြစ်သည်။
ဤကဲ့သို့သော သူမျိုးသည် စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်အဆင့် ကျင့်ကြံသူရှေ့တွင် ပုရွက်ဆိတ်နှင့် မခြားပေ။
သို့သော်လည်း ထိုကောင်လေးသည် လေသံကို လုံးဝ မလျော့ခဲ့ပေ။
သူက နေရာမရွေ့ဘဲ ငြိမ်ငြိမ်လေး ရပ်နေလျှင်ပင် ကျီထျန်းလွေ့က သူ့ကိုမသတ်နိုင်ဟုပင် ပြောဆိုနေသေး၏။
[မင်း ငါတို့ကို ဟာသမလုပ်တာ သေချာရဲ့လား]
"ဟမ့်.. မောက်မာပြီး အခြေအနေကို နားမလည်တဲ့ကလေးပဲ.. သေစမ်း"
ကျီထျန်းလွေ့က အေးစက်စွာ ပြောလိုက်သည်။
သူက လက်ဖဝါးကို အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ အသက်စွမ်းအားများသည် ချက်ချင်းပင် ကောင်းကင်ကို ဖွင့်လှစ်နိုင်သော ဧရာမ လက်ဖဝါးအဖြစ် စုစည်းသွားခဲ့သည်။
"ကျီထျန်လွေ့.. မင်းက ကျီမိသားစုရဲ့ စွမ်းအင်သိပ်သည်းခြင်းအဆင့် အကြီးအကဲ သုံးဦးထဲက တစ်ဦးပဲ"
"ဂုဏ်သိက္ခာကြီးမားတဲ့ စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် အကြီးအကဲ တစ်ယောက်ဖြစ်ပြီး ဆယ်ကျော်သက်တစ်ဦးကို ပစ်မှတ်ထားနေတယ်.. ဒါက ငါတို့ ကျီမိသားစုကို အရှက်ရစေတဲ့ လုပ်ရပ်ပဲ"
ကျီထျန်လွေ့၏ တိုက်ခိုက်မှုကို မြင်လျှင် ကျီကျင်းသည် ရုတ်တရက် ဒေါသတကြီး အော်ငေါက်လိုက်သည်။
ကျန်းချန်က ကျီလျန့်ကို တကယ်ပဲ သတ်မသတ် သူ့အတွက်အရေးမကြီးပေ။
ကျန်းချန်သည် လက်ရှိတွင် သူ၏အထူးခန္ဓာကိုယ်ကို နိုးထစေမည့် မျှော်လင့်ချက် ဖြစ်သည်။
ထို့ကြောင့် ကျီထျန်းလွေ့က သူ၏ မျှော်လင့်ချက်အား ဖျက်ဆီးနေသည်ကို ခွင့်မပြုနိုင်ခဲ့ချေ။
"ငါက ကျီမိသားစုကို အရှက်ရစေတယ်လား.. ဒါပေမဲ့ မင်းလိုအမှိုက်ကောင်က ဝင်ရောက်စွက်ဖက်ဖို့ အရည်အချင်း မရှိတာ သနားစရာပဲ"
ကျီထျန်းလွေ့သည် ကျီကျင်းကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး အောက်ဘက်ရှိ ကျန်းချန်ကို လေထဲတွင် ဖွဲ့စည်းထားသည့် ဧရာမ လက်ဝါးကြီးဖြင့် တိုက်ခိုက်လိုက်သည်။
ချက်ချင်းဆိုသလို လေထဲမှ ဧရာမ လက်ဝါးသည် ထိုက်စန်းတောင်ကဲ့သို့ အောက်ဘက်မှ ကျန်းချန်ကို ဖိနှိပ်လိုက်သည်။
ကျီထျန်းလွေ့၏ လက်ဝါးကို ကြည့်ရင်း ပတ်ဝန်းကျင်မှ လူတိုင်းသည် ကျန်းချန်၏ အဖြစ်ဆိုးကို မကြည့်ရက်သဖြင့် မျက်လုံးများကို မှိတ်လိုက်ကြသည်။
မူလဘူတအဆင့် ကျင့်ကြံသူ တစ်ဦးသည် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် တိုက်ခိုက်မှုကို မည်ကဲ့သို့ ခံနိုင်ရည် ရှိပါမည်နည်း။
"အဘိုးကြီး မျက်လုံးကို သေချာဖွင့်ပြီး ဒါက ဘာလဲဆိုတာ ကြည့်လိုက်စမ်း"
"မင်းတို့ ကျီမိသားစု ပျက်စီးတာကို မမြင်ချင်ရင် ဒီလက်ဝါးကို ချက်ချင်း ဖယ်ရှားပြီး ငါ့ရှေ့ကနေ ထွက်သွားလိုက်တော့"
လူတိုင်းက သေချာပေါက် ကျန်းချန် သေရတော့မည်ဟု ထင်နေသော အချိန်တွင် ကျန်းချန်၏ မောက်မာသော အသံသည် ၎င်းတို့၏ နားထဲတွင် နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
လူတိုင်းက မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်၍ ကျန်းချန်ကို ချက်ချင်းပင် ကြည့်လိုက်ကြ၏။
ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့် နေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ကျန်းချန်၏ လက်ထဲတွင် ရိုးရှင်းသော ငွေရောင် တံဆိပ်ပြား တစ်ခု ရှိနေခဲ့၏။
"ထိုင်ရှဂိုဏ်းရဲ့ တပည့် အထောက်အထား တံဆိပ်ပြား"
"ဒီကောင်လေးက ထိုင်ရှဂိုဏ်းရဲ့ တပည့်တစ်ဦး ဖြစ်နေတာလား"
ကျန်းချန်၏ လက်ထဲမှ ထိုင်ရှ ဟူသော စကားလုံးပါသည့် ငွေရောင် တံဆိပ်ပြားကို ကြည့်ရင်း လေထဲမှ ကျီထျန်းလွေ့၏ အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။
ထိုင်ရှဂိုဏ်းသည် မြောက်ပိုင်း တောရိုင်းဒေသ၏ အဓိက ဂိုဏ်းကြီး သုံးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်ပြီး စစ်မှန်သော နဂါးနိုင်ငံ၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သော ဂိုဏ်းလည်း ဖြစ်သည်။
သူတို့ ကျီမိသားစုက စစ်မှန်သော နဂါးနိုင်ငံတွင် အင်အားကြီးမားသော်လည်း အားကောင်းသော ထိုင်ရှဂိုဏ်းရှေ့တွင် ၎င်းတို့သည် ပုရွက်ဆိတ်နှင့် မခြားပေ။
ဆိုရလျှင် ထိုင်ရှဂိုဏ်း၏ တပည့် အဆင့်အတန်းသည် ထိုင်ရှဂိုဏ်း၏ တရားစီရင်ပိုင်ခွင့်အောက်ရှိ နိုင်ငံ သုံးနိုင်ငံတွင် အလွန် မြင့်မားသော အဆင့်အတန်း ရှိသည်။
ထိုင်ရှဂိုဏ်း၏ တပည့်တစ်ဦး ရောက်လာခဲ့လျှင် သုံးနိုင်ငံ၏ ဧကရာဇ်များသည် ဂုဏ်ထူးဆောင် ဧည့်သည် အဖြစ် ဆက်ဆံရမည် ဖြစ်၏။
သူသာ အကယ်၍ ထိုင်ရှဂိုဏ်း၏ တပည့်တစ်ဦးကို ပေါ်ပေါ်ထင်ထင် သတ်လိုက်လျှင် ကျီမိသားစုသည် မည်သည့်အခါမျှ ပြန်အဖတ်ဆည်၍မရသော အခြေအနေကို မုချ ရောက်သွားပေလိမ့်မည်။
"ကောင်လေး ဒီအကြွေးကို ငါမှတ်ထားမယ်"
ကျီထျန်းလွေ့က အေးစက်စွာ ရေရွတ်လိုက်ပြီးနောက် လူတိုင်း၏ ရှေ့မှာပင် ပျောက်ကွယ်သွားခဲ့သည်။
"ဒါ.. ဒါက ဘယ်လိုအခြေအနေလဲဟ"
ကျန်းချန်တွင် စွမ်းအင်သိပ်သည်းခြင်း အဆင့် ကျင့်ကြံသူ ကျီထျန်းလွေ့ကို နောက်ပြန်လှည့်စေနိုင်သည့် တံဆိပ်ပြား တစ်ခု ရှိနေသည်ကို မြင်လျှင် ပတ်ဝန်းကျင်မှ လူတိုင်းသည် ချက်ချင်းပင် ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားကြသည်။
အခန်း(၃၂၅) ပြီး၏