အခန်း (၃၂၆)
Vol. 22 Ch. 326
"ငါမျက်လုံးမွဲနေတာများလား"
"ကျီမိသားစုရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်အဆင့် အကြီးအကဲက ဘာမှမတတ်နိုင်ဘဲ နောက်ဆုတ်သွားခဲ့ရတယ်"
"ဒီကောင်လေးက တကယ်ကို သာမန် မဟုတ်ဘူးပဲ"
သူတို့ရှေ့မှ ထင်မှတ်မထားသော မြင်ကွင်းကို ကြည့်နေရင်း လူတိုင်းသည် မှင်တက်ရာကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ယူခဲ့ရသည်။
ဤကဲ့သို့ ဖြစ်လာမည်ဟု သူတို့ မည်သည့်အခါမျှ မတွေးထားခဲ့ပေ။
တံဆိပ်ပြားတစ်ခုကို ပြသရုံဖြင့် ကျီမိသားစု၏ စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်အဆင့် ကျင့်ကြံသူကို နောက်ဆုတ်စေခဲ့၏။
"ဒါက တကယ်ကို မယုံနိုင်စရာပဲ"
"ညီလေး ကျန်းချန်.. မင်းလက်ထဲက တံဆိပ်ပြားက ထိုက်ရှဂိုဏ်းရဲ့ တပည့် အထောက်အထား တံဆိပ်ပြားလား"
ယန်ချင်းရွှယ်က ကျန်းချန်၏ လက်ထဲမှ တံဆိပ်ပြားကို စိုက်ကြည့်လိုက်သည်။
သူ၏ အိုမင်းသော မျက်လုံးတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။
"ထိုက်ရှဂိုဏ်းရဲ့ တပည့်"
ယန်ချင်းရွှယ်၏ စကားကို ကြားလျှင် ချိုးလော်လန် နှင့် ကျီကျင်း၏ မျက်လုံးတွင် မယုံနိုင်လောက်အောင် တုန်လှုပ်သော အရိပ်အယောင်များ ဖြစ်ပေါ်နေ၏။
ယခုအခါတွင် သူတို့သည် ကျီထျန်းလွေ့ အဘယ်ကြောင့် ဆုတ်ခွာသွားရသည်ကို နားလည်သွားခဲ့သည်။
ထိုက်ရှဂိုဏ်း။
ဤဂိုဏ်းသည် မဟာရှားနိုင်ငံနှင့် စစ်မှန်သော နဂါးနိုင်ငံ၏ ကံကြမ္မာကို လွှမ်းမိုးနိုင်သော ဂိုဏ်းဖြစ်သည်။
ထိုက်ရှဂိုဏ်း၏ တပည့် အထောက်အထားဖြင့် ဤသုံးနိုင်ငံတွင် မည်သူက သူ့ကို ပေါ်ပေါ်ထင်ထင် ပြဿနာရှာရဲပါမည်နည်း။
"စစ်မှန်သော နဂါးနိုင်ငံကို မလာခင်မှာ ယန်ဟွမ်ကျောင်းတော်ရဲ့ စမ်းသပ်မှုကို ကံကောင်းစွာ ဖြတ်သန်းနိုင်ပြီး ထိုက်ရှဂိုဏ်း ရဲ့ တပည့် အထောက်အထား တံဆိပ်ပြားကို ရရှိခဲ့တာပါ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပေါ့ပါးစွာ ပြောလိုက်သည်။
ကျန်းချန်၏ နားလည်မှုလွဲမှားခြင်းသည် ကျီကျင်း၏ စိတ်ကို နောက်တစ်ကြိမ် ရုတ်တရက် တုန်လှုပ်သွားစေသည်။
စစ်မှန်သော နဂါးနိုင်ငံ၏ ရှေးဟောင်းမိသားစု သုံးခု၏ လူတစ်ဦး အနေဖြင့် ကျီကျင်းသည် ထိုက်ရှဂိုဏ်း၏ ပါရမီ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်လျှင် ထိုက်ရှဂိုဏ်း တပည့် တိုက်ရိုက် ဖြစ်လာနိုင်သည်ကို ကောင်းစွာ သိသည်။
သို့သော် ထိုက်ရှဂိုဏ်း၏ ပါရမီ စမ်းသပ်မှုကို ဖြတ်ကျော်ရန်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။
စစ်မှန်သော နဂါးနိုင်ငံတွင်ပင် ဤကဲ့သို့သော နည်းလမ်းဖြင့် ထိုက်ရှဂိုဏ်း၏ တပည့် ဖြစ်လာသော ပါရမီရှင် အလွန်တရာ နည်းပါးသည်။
ထို့ပြင် ဤကဲ့သို့သော ပါရမီရှင်သည် ထိုက်ရှဂိုဏ်းထဲကို ရောက်သည်နှင့် ထိုက်ရှဂိုဏ်းက စနစ်တကျ ပံ့ပိုးပေးမည် ဖြစ်၍ အနာဂတ် အောင်မြင်မှု အလားအလာသည် အကန့်အသတ်မဲ့ ဟုပင် ဆိုရမည်။
ကျီကျင်းသည် ကျန်းချန်ကို ဤမျှလောက်အထိ မထင်ထားခဲ့ပေ။
ကျန်းချန်သည် ထိုက်ရှဂိုဏ်းဆီ မရောက်သေးသော်လည်း ထိုက်ရှဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်လာသည့် အတုမရှိ မွန်းစတား တစ်ကောင် ဖြစ်သည်ဟု ကျီကျင်း တွေးနေမိသည်။
"ကျီကျင်း... အဂ္ဂိရတ်ပြိုင်ပွဲကို ယှဥ်ပြိုင်ပြီးတာနဲ့ ငါ ထိုက်ရှဂိုဏ်းဆီ သွားတော့မယ်"
"မင်းအနေနဲ့ မင်းရဲ့ သန္ဓေ မူလသိုင်းခန္ဓာကိုယ်ကို နိုးထစေချင်ရင် ကောင်းကင်မူလ နတ်ကျောက်တုံးကို ရှာပြီး ငါ့ဆီကို အမြန်ဆုံး လာခဲ့ပါ"
ကျန်းချန်သည် ကျီကျင်း၏ အံ့သြ တုန်လှုပ်မှုကို လျစ်လျူရှုကာ ပြောလိုက်သည်။
ထို့နောက်တွင် ကျန်းချန်သည် မရေမတွက်နိုင်သော အကြည့်များအောက်မှာပင် ချင်းဟဲ ဆေးကုသရေးဌာန ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ကျန်းချန်သည် ထိုက်ရှဂိုဏ်း၏ တပည့် အထောက်အထားကို သုံးကာ ကျီထျန်းရှောင်ကို ဆုတ်ခွာစေပြီးနောက်တွင် ကျီမိသားစုမှ မည်သူမျှ ၎င်းတို့ကို နောက်တစ်ကြိမ် ဒုက္ခပေးရန် မလာကြတော့ပေ။
ဤသို့ဖြင့် သုံးရက်တာသည် ငြိမ်းငြိမ်းချမ်းချမ်းပင် မျက်စိတစ်မှိတ် အတွင်း ကုန်ဆုံးသွားခဲ့၏။
စစ်မှန်သော နဂါးနိုင်ငံတွင် လူအများ မျှော်လင့်စောင့်စားနေသော အဂ္ဂိရတ်ပြိုင်ပွဲသည် နောက်ဆုံးတွင် တရားဝင် စတင်ခဲ့ပြီ ဖြစ်သည်။
ယနေ့တွင် ကျန်းချန်တို့သည် လူတစ်သောင်းဆန့်သော ဧရာမ ရင်ပြင် တစ်ခုဆီသို့ ခပ်စောစော ရောက်လာခဲ့ကြသည်။
ရင်ပြင်ပေါ်တွင် ထောင်ချီသော လူတို့သည် ရောက်ရှိနေကြပြီ ဖြစ်သည်။
အထူးသဖြင့် ဗီအိုင်ပီ ထိုင်ခုံတွင် ကျန်းချန်သည် ထူးခြားသော အဝတ်အစားများနှင့် လူအများအပြားကို တွေ့လိုက်ရသည်။
၎င်းတို့ထဲတွင် ကျန်းချန်နှင့် မစိမ်းသော ကျီထျန်းလွေ့နှင့် ကျီယွင် တို့လည်း ပါဝင်သည်။
"စစ်မှန်သော နဂါးနိုင်ငံမှာ ကျင်းပတဲ့ အဂ္ဂိရတ်ပြိုင်ပွဲက တကယ်ကို စည်ကားတာပဲ"
ကျန်းချန်က ရင်ပြင် တစ်ခုလုံးကို အနည်းငယ် အကဲခတ် ကြည့်လိုက်ပြီးနောက်တွင် တအံတသြ ရေရွတ်လိုက်သည်။
"သေချာပေါက် စည်ကားတာပေါ့"
"ဒီပြိုင်ပွဲက ရက်ရက်ရောရော ဆုချရုံတင်မကဘဲ ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်တဲ့သူတွေ ဆိုရင် ဆေးနန်းတော် အရှင်သခင်ရဲ့ တပည့် ဖြစ်လာနိုင်မဲ့ အခွင့်အရေးလည်း ရှိတယ်"
"ဒီလို အခွင့်အရေးက အဂ္ဂိရတ်သခင် အားလုံးအတွက် ဘယ်မှာမှ ရှာလို့မရတဲ့ အခွင့်အရေးမျိုးပဲ"
ယန်ချင်းရွှယ်က ခေါင်းခါယမ်း၍ ခါးသီးစွာ ပြုံးလိုက်သည်။
ဆိုရလျှင် သတ္တမအဆင့် အဂ္ဂိရတ်သခင်၏ လမ်းညွှန်မှုကို ရရှိနိုင်ရန်သည် သူတို့ကဲ့သို့ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်များ အတွက်ပင် အိပ်မက်ဆန်သော အရာတစ်ခု ဖြစ်၏။
အခန်း(၃၂၆) ပြီး၏