အခန်း (၃၂၇)
Vol. 22 Ch. 327
"အစ်ကိုယန်.. တခြားသူတွေကို ဘာလို့ မနာလို ဖြစ်နေတာလဲ"
ကျန်းချန်သည် ခပ်တိုးတိုး ရယ်မောလိုက်သည်။
"မကြာခင်မှာ အကိုယန်က သတ္တမအဆင့်ကို ထိုးဖောက်ပြီး မဟာရှားနိုင်ငံရဲ့ ပထမဆုံး သတ္တမအဆင့် အဂ္ဂိရတ်သခင် ဖြစ်လာလိမ့်မယ်လို့ ကျနော် ယုံကြည်တယ်"
"သတ္တမအဆင့် အဂ္ဂိရတ်သခင်လား.. ဒီအဆင့်က ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် အဆင့်နဲ့ များစွာ ကွာခြားတဲ့ အဆင့်ပဲ"
"စစ်မှန်သော နဂါးနိုင်ငံမှာဆိုရင် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် အများအပြား ရှိတယ်.. ဒါပေမဲ့ သတ္တမအဆင့်ကို တကယ်တမ်း ထိုးဖောက်နိုင်တဲ့ တစ်ဦးတည်းသောသူက ဆေးနန်းတော် အရှင်သခင် ဖျင်ရီရှန်းပဲ ရှိတယ်"
ယန်ချင်းရွှယ်က ခါးသီးစွာ ပြုံး၍ ခေါင်းခါလိုက်သည်။
"သတ္တမအဆင့် အဂ္ဂိရတ်သခင် အဆင့်က ထိုးဖောက်ဖို့ တကယ် မလွယ်ကူဘူး"
"ဟားဟား.. ကမ္ဘာပေါ်မှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး"
"အစ်ကိုယန်က တစ်ကြိမ်တည်းနဲ့ ကတိကြမ္မာ ဆေးလုံးကို သန့်စင်နိုင်ပြီး သတ္တမအဆင့် အဂ္ဂိရတ်သခင် အဆင့်ထဲကို ဝင်ရောက်နိုင်ပါလိမ့်မယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူက ဤပြဿနာကို ဂရုမစိုက်တော့ဘဲ ရင်ပြင် အလယ်ရှိ ဗလာကျင်းသော နေရာတစ်ခုကို တိုက်ရိုက် ကြည့်လိုက်သည်။
ဤဗလာကျင်းသော နေရာတွင် စနစ်တကျ စီစဉ်ထားသော အပြာရောင် ကျောက်စင်မြင့် ရာနှင့်ချီ ရှိသည်။
ဤကျောက်စင်မြင့်သည် အဂ္ဂိရတ်ပြိုင်ပွဲကို ပါဝင်မည့် အဂ္ဂိရတ်သခင်များ အတွက် ပြင်ဆင်ထားခြင်းပင်။
အချိန်ကြာလာသည်နှင့်အမျှ ရင်ပြင်ထဲရှိ လူအရေအတွက်က ပိုမို များပြားလာသည်။
အချိန် မည်မျှကြာသွားသည်ကို မသိ။
ကျယ်လောင်သော ခေါင်းလောင်းသံတစ်သံသည် ရင်ပြင်တွင် ရုတ်တရက် ပဲ့တင်ထပ်သွားသည်။
ချက်ချင်းဆိုသလို မူလက ဆူညံနေသော ရင်ပြင်သည် တိတ်ဆိတ်သွား၏။
ထိုသို့ တိတ်ဆိတ်သွားသော အချိန်တွင် ဆံဖြူ အဘိုးအို တစ်ဦးသည် လေထဲကနေ ရင်ပြင် အလယ်သို့ ဆင်းသက်လာသည်ကို အားလုံးက တွေ့လိုက်ရသည်။
အဘိုးအို၏ ပုံပန်းသဏ္ဌာန်က သာမန်သာ ဖြစ်၏။
သို့သော် ရင်ဘတ်ပေါ်ရှိ ကြယ်ခုနစ်လုံးနှင့် ရွှေရောင် အဂ္ဂိရတ် တံဆိပ်ပြားကမူ အလွန်ပင် တောက်ပနေခဲ့သည်။
ဤအဘိုးအိုက တခြားသူ မဟုတ်ပေ။
စစ်မှန်သော နဂါးနိုင်ငံ၏ ဆေးနန်းတော် အရှင်သခင် ဖြစ်သည့် သတ္တမအဆင့် အဂ္ဂိရတ်သခင် ဖျင်ရီရှန်းပင်။
"ဒီအဘိုးကြီးက စစ်မှန်သော နဂါးနိုင်ငံက ဆေးနန်းတော်ရဲ့ အရှင်သခင်လား"
ရင်ပြင် အလယ်တွင်ရှိသော အဘိုးအို ကြည့်ရင်း ကျန်းချန်၏ မျက်လုံးတွင် ထူးဆန်းသော အကြည့်တစ်ခု ပေါ်ပေါက်လာ၏။
ကျန်းချန်က ဖျင်ရီရှန်းကို ကြည့်နေသော အချိန်မှာပင် ဖျင်ရီရှန်း၏ ခန့်ညားသော အသံသည် ချက်ချင်းပင် ရင်ပြင်၏ လေထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
"အားလုံးပဲ.. ငါက ဆေးနန်းတော်ရဲ့ အရှင်သခင် ဖျင်ရီရှန်းပါ.. အခုကစပြီး ဆေးနန်းတော်ရဲ့ အဂ္ဂိရတ်ပြိုင်ပွဲကို တရားဝင် စတင်ပြီလို့ ငါ ကြေညာတယ်"
စကားသံဆုံးသည်နှင့် ဖျင်ရီရှန်းက လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်ရာ ထူးဆန်းသော အလင်းရောင်တစ်ခုသည် ရင်ပြင် အလယ်တွင်ရှိသော ကျောက်စင်မြင့် ရာချီကို ချက်ချင်း ဝန်းရံသွားခဲ့သည်။
ရုတ်တရက် ပေါ်လာသော ထူးဆန်းသည့် အလင်းလွှာကို ကြည့်ရင်း ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့သည်။
"ဒီအလင်းလွှာက ထူးခြားလိုက်တာ"
"ဒါက ဆေးနန်းတော်ရဲ့ တန်ဖိုးကြီး မှော်ရတနာတစ်ခုပဲ"
"ဒီမှော်အလင်းလွှာက အဂ္ဂိရတ်သခင်ရဲ့ ပါရမီ၊ အဆင့်၊ အသက်နှင့် အခြားသော အချက်အလက်တွေကို အလွယ်တကူ တိုင်းတာနိုင်တယ်"
ယန်ချင်းရွှယ်က ပြုံး၍ ရှင်းပြလိုက်၏။
"ဒီလို မှော်ရတနာမျိုးလည်း ရှိသေးတယ်လား"
ယန်ချင်းရွှယ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျန်းချန်၏ မျက်လုံးတွင် ထူးဆန်းသော အကြည့်တစ်ခု လင်းလက်သွားသည်။
"အဂ္ဂိရတ်ပြိုင်ပွဲမှာ ပါဝင်တဲ့ အဂ္ဂိရတ်သခင်တွေ အနေနဲ့ ဝင်ခွင့် စမ်းသပ်မှုအတွက် တန်းစီပေးကြပါ"
ကျန်းချန်က ယန်ချင်းရွှယ်နှင့် စကားပြောနေသော အချိန်မှာပင် ဖျင်ရီရှန်း၏ ခန့်ညားသော အသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။
ဖျင်ရီရှန်း၏ စကားဆုံးသည်နှင့် အဂ္ဂိရတ်ပြိုင်ပွဲတွင် ပါဝင်သော အဂ္ဂိရတ်သခင် အတော်များများသည် ဖျင်ရီရှန်း ရှေ့တွင် တန်းစီလိုက်ကြ၏။
ဖျင်ရီရှန်း၏ အမိန့်အောက်မှာပင် ပထမဆုံး အဂ္ဂိရတ်သခင်သည် သူ၏ ရှေ့မှ ထူးဆန်းသော မှော်အလင်းလွှာကို လက်ဖြင့် ထိလိုက်သည်။
နောက်ထပ် တစ်ခဏတွင် တောက်ပသော စာကြောင်း သုံးကြောင်းသည် အလင်းလွှာပေါ်တွင် တိုက်ရိုက် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
အသက်= ၂၃ နှစ်။
အဆင့်= တတိယအဆင့် ဂျူနီယာ အဂ္ဂိရတ်သခင်။
ပါရမီ= ကြယ်နှစ်ပွင့် အဂ္ဂိရတ်ပါရမီ။
အခန်း(၃၂၇) ပြီး၏