အခန်း (၃၂၈)
Vol. 22 Ch. 328
"ဝိုး.. စစ်မှန်သော နဂါးနိုင်ငံရဲ့ ဆေးနန်းတော် ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်"
"ဒီနည်းလမ်းက တကယ်ကို အံ့သြဖို့ကောင်းတာပဲ"
အလင်းလွှာပေါ်တွင် ပြသနေသော အချက်အလက်များကို ကြည့်ရင်း ကျန်းချန် အံ့အားသင့်သွားခဲ့သည်။
ယခုမှသာ ကျန်းချန်သည် ဖောင်တင်သော အချိန်တွင် အဘယ်ကြောင့် စမ်းသပ်မှု မပြုလုပ်သည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့၏။
ဤကဲ့သို့သော မှော်ရတနာဖြင့် ဆိုလျှင် မည်သူမျှ စမ်းသပ်မှုကို မရိုးမသားလုပ်ရန် မဖြစ်နိုင်ပေ။
"အသက်၂၃နှစ် တတိယအဆင့် အဂ္ဂိရတ်သခင်၊ ပြိုင်ပွဲရဲ့ အခြေအနေနဲ့ ကိုက်ညီတယ်.. ပြိုင်ပွဲအတွက် ပြင်ဆင်ထားတော့"
ဖျင်ရီရှန်းသည် လူငယ်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး ပြောဆိုလိုက်ရာ လူငယ်က အလင်းလွှာကို ဖြတ်၍ ကျောက်စင်မြင့်တစ်ခုပေါ်တွင် နေရာယူလိုက်သည်။
"နောက်တစ်ယောက်"
ဖျင်ရီရှန်း၏ ကြီးကြပ်မှုအောက်တွင် ဝင်ခွင့် စမ်းသပ်မှုသည် စနစ်တကျ ဆက်လက် လုပ်ဆောင်နေခဲ့၏။
အဂ္ဂိရတ်ပြိုင်ပွဲအတွက် လာရောက် စစ်ဆေးခံသော လူအများစုသည် ပြိုင်ပွဲ အခြေအနေနှင့် ကိုက်ညီသော်လည်း အသက် ၂၅ နှစ်ကျော်နေသော လူအချို့လည်း ရှိပေသည်။
၎င်းတို့၏ လိမ်ညာ လှည့်စားမှုများသည် ချွင်းချက်မရှိ ပေါ်ပေါက်သွားခဲ့၏။
ဝင်ခွင့် စမ်းသပ်မှုသည် အလွန် မြန်မြန်ဆန်ဆန်ပင် ပြီးဆုံးခါ နီးလာသည်။
နာရီဝက် အတွင်း အဂ္ဂိရတ်သခင် အများစုသည် ဝင်ခွင့် စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့ကြ၏။
၎င်းတို့က အလင်းလွှာကို ဖြတ်သန်း၍ ရင်ပြင် အလယ်ရှိ ကျောက်စင်မြင့် တစ်ခုစီကို ရွေးချယ်ကာ တင်ပျဉ်ခွေ၍ ထိုင်နေခဲ့ကြသည်။
ဝင်ခွင့် စမ်းသပ်မှုသည် ပြီးဆုံးလုနီးပါး အခြေအနေသို့ ရောက်လာ၏။
ကျန်းချန်က တွန့်ဆုတ်မနေဘဲ ရင်ပြင်၏ အလယ်သို့ လျှောက်သွားလိုက်သည်။
"ဒီကောင်လေးကို ရင်းနှီးနေတယ်လို့ ငါဘာလို့ ခံစားနေရပါလိမ့်"
"သူက လွန်ခဲ့တဲ့ သုံးရက်က ဆေးခန်းမ အဝင်ဝမှာ ကျီလျန့်ကို သတ်ခဲ့တဲ့သူ မဟုတ်လား"
"သူကိုး.. သူက အဂ္ဂိရတ်ပြိုင်ပွဲကို အမှန်တကယ် လာရောက်ရဲမယ်လို့ ငါ မထင်ထားမိဘူး"
ကျန်းချန် ပေါ်လာသည်ကို မြင်လျှင် လွန်ခဲ့သော သုံးရက်က ဆေးခန်းမ အဝင်ဝတွင် မျက်မြင်တွေ့ခဲ့ရသော လူအချို့သည် အံ့အားသင့်သွားကြသည်။
ကျန်းချန်က ပတ်ဝန်းကျင်မှ အသံတို့ကို ဂရုမစိုက်ခဲ့ပေ။
သူက ဖျင်ရီရှန်းထံသို့ လျှောက်သွားလိုက်သည်။
ကျန်းချန်က ဖျင်ရီရှန်းထံသို့ လျှောက်လာပြီးနောက် စမ်းသပ်ရန် ရှေ့သို့ တက်လှမ်းတော့မည့် အချိန်တွင် ဗီအိုင်ပီ ထိုင်ခုံမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ကျန်းချန်၏ ရှေ့တွင် တိုက်ရိုက် ပိတ်ဆို့လိုက်သည်။
ရုတ်တရက် ပေါ်လာသော ပုံရိပ်ကို ကြည့်ကာ ကျန်းချန်၏ မျက်လုံးသည် အေးစက်သွားခဲ့သည်။
"ကျီယွင် မင်းဒါဘာသဘောလဲ"
"ဘာသဘောမှ မဟုတ်ဘူး.. ငါလည်း ဝင်ခွင့် စမ်းသပ်မှုအတွက် ရောက်လာတာပဲ"
ကျီယွင်က ပြုံးလိုက်ပြီး သူ၏ အရှေ့မှ အလင်းလွှာ ပေါ်သို့ ချက်ချင်းပင် လက်ဖြင့် ထိလိုက်၏။
ချက်ချင်းဆိုသလိုပင် ကျီယွင်၏ အချက်အလက်များသည် အလင်းလွှာပေါ်တွင် ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့သည်။
အသက်= ၂၄ နှစ်။
အဆင့်= ပဉ္စမအဆင့် ဂျူနီယာ အဂ္ဂိရတ်သခင်။
ပါရမီ= ကြယ်ခုနစ်ပွင့် အဂ္ဂိရတ်ပါရမီ။
"အသက် ၂၄နှစ် ပဉ္စမအဆင့် အဂ္ဂိရတ်သခင်၊ ကြယ်ခုနစ်ပွင့် အဂ္ဂိရတ်ပါရမီကိုလည်း ပိုင်ဆိုင်ထားတယ်.. ဒါက လုံးဝ မွန်းစတားပဲ"
"ဝိုး.. စစ်မှန်သော နဂါးနိုင်ငံရဲ့ အထူးချွန်ဆုံး အဂ္ဂိရတ် ပါရမီရှင် ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. တကယ်ကို အားကောင်းလွန်းတာပဲ"
"ဒီတစ်ခေါက် အဂ္ဂိရတ်ပြိုင်ပွဲရဲ့ ပထမနေရာက ကျီယွင် အတွက် ဖြစ်လာမှာ သေချာသလောက်ပဲ"
"............"
လူတိုင်း၏ လေးစားချီးကျူးသော အသံများကို ကြားရလျှင် ကျီယွင်၏ မျက်ဝန်းတွင် ဝင့်ကြွားသော အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။
"ကျန်းချန်.. မင်းရဲ့ ရှေ့မှာ ငါက ပါရမီရှင် မဟုတ်ဘူးလို့ မင်းပြောခဲ့တာ မှတ်မိသေးလား"
ကျီယွင်က ကျန်းချန်ကို ကြည့်လိုက်ပြီး စိန်ခေါ်သော အမူအရာဖြင့် ပြောဆိုလိုက်သည်။
"မင်းရဲ့ ပါရမီက ကြယ်ဘယ်နှစ်ပွင့်အထိ ရောက်နိုင်မလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်"
"အသက် ၂၄နှစ်နဲ့ ပဉ္စမအဆင့် ဂျူနီယာ အဂ္ဂိရတ်သခင်က ကြယ်ခုနစ်ပွင့် အဂ္ဂိရတ်ပါရမီပဲ ရှိတာလား"
"ဒီအဆင့်လောက်နဲ့ မင်းကိုယ်မင်း ပါရမီရှင်လို့ သတ်မှတ်နေတာမရှက်ဘူးလား"
"မျက်လုံးကို ပြူးနေအောင်ဖွင့်ပြီး စောင့်ကြည့်နေ.. ပရိသတ်ကို လွှမ်းမိုးနိုင်တဲ့ အဂ္ဂိရတ်ပါရမီရှင်က ဘယ်လိုမျိုးလဲ ဆိုတာမင်းကို ငါပြသမယ်"
ကျန်းချန်က ခပ်ထေ့ထေ့ ပြောဆိုလိုက်ပြီး ရှေ့ကို လျှောက်သွားကာ ထူးဆန်းသော အလင်းလွှာကို တိုက်ရိုက် ထိလိုက်သည်။
ချက်ချင်းပင် ရင်ပြင်မှ လူတိုင်းကို အံ့အားသင့်စေသော အချက်အလက်များသည် အလင်းလွှာပေါ်တွင် ပေါ်လာခဲ့၏။
အသက်= ၁၆ နှစ်။
အဆင့်= ပဉ္စမအဆင့် စီနီယာ အဂ္ဂိရတ်သခင်။
ပါရမီ= ကြယ်ကိုးပွင့် အဂ္ဂိရတ်ပါရမီ။
ပဥ္ဧမအဆင့် စီနီယာ အဂ္ဂိရတ်သခင်မှာ ပဥ္စမအဆင့် ဂျူနီယာအဂ္ဂိရတ်သခင်ထက် အနည်းငယ်မြင့်သည်။
ပဥ္ဧမအဆင့်စီနီယာ အဂ္ဂိရတ်သခင်သည် ပဥ္ဧမအဆင့်၊ အဆင့်မြင့်ဆေးများကို သန့်စင်နိုင်သော်လည်း ဂျူနီယာ အဂ္ဂိရတ်သခင်သည် ထိုအဆင့် ဆေးလုံးကို သန့်စင်နိုင်စွမ်း မရှိပေ။
အခန်း(၃၂၈) ပြီး၏