အခန်း (၃၂၉)
Vol. 22 Ch. 329
"အသက်၁၆နှစ် ပဉ္စမအဆင့် စီနီယာ အဂ္ဂိရတ်သခင်၊ ဒဏ္ဍာရီလာ ကြယ်ကိုးပွင့် ပါရမီ"
"ဒီကောင်လေးက လုံးဝ ပုံမှန်မဟုတ်ဘူးဟ"
"လခွမ်း.. အဲဒီနေ့က ဒီကလေး ထုတ်ပြခဲ့တဲ့ ပဉ္စမအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို အတုလို့ ငါ အမြဲ ထင်နေခဲ့တာ.. ဒီကောင်လေးက ဒီလောက်ထိ မွန်းစတားဆန်မယ်လို့ ငါ တကယ် မထင်ထားဘူး"
အလင်းလွှာပေါ်တွင် ပြသထားသော အချက်အလက်များကို ကြည့်ပြီး ပြိုင်ပွဲဝင်များနှင့် ပတ်ဝန်းကျင်မှ လူအုပ်ကြီးသည် အံ့အားသင့်ကာ မျက်လုံးများ ပြူးကျယ်သွားကြသည်။
ထိုအခိုက်တွင် ဆေးနန်းတော်အရှင်သခင် ဖျင်ရီရှန်း၏ အိုမင်းသော မျက်လုံးထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြသော အရိပ်အယောင်များ လင်းလက်သွား၏။
"ဒီကောင်လေးရဲ့ ပါရမီက သိပ်ကြောက်ဖို့ ကောင်းတာပဲ"
ဤကဲ့သို့ ကြယ်ကိုးပွင့် အဂ္ဂိရတ်ပါရမီကို သူ့ဘဝတွင် ဤတစ်ကြိမ်သာ မြင်ဖူးခြင်းပင်။
အသက် ၁၆နှစ် ပဉ္စမအဆင့် စီနီယာ အဂ္ဂိရတ်သခင်။
ထို့အပြင် အလွန် ရှားပါးသော ကြယ်ကိုးပွင့် အဂ္ဂိရတ်ပါရမီရှင်လည်း ဖြစ်သည်။
အသက်၂၄နှစ်ဖြင့် ကြယ်ခုနစ်ပွင့် အဂ္ဂိရတ်ပါရမီ ရှိပြီး ပဉ္စမအဆင့်ဂျူနီယာ အဂ္ဂိရတ်သခင်ဖြစ်သော ကျီယွင်သည် ကျန်းချန်နှင့် နှိုင်းယှဥ်လျှင် လုံးဝ အမှိုက်ဟုပင် သတ်မှတ်၍ ရ၏။
"မ.. မဖြစ်နိုင်ဘူး"
"ဒီကမ္ဘာမှာ အသက်၁၆ နှစ်နဲ့ ပဉ္စမအဆင့် စီနီယာအဂ္ဂိရတ်သခင် ဘယ်လိုရှိနိုင်မှာလဲ"
ကျီယွင်က မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
သူက ရူးသွပ်သော အမူအရာဖြင့် ဖျင်ရီရှန်းကို ကြည့်ကာ ပြောဆိုလိုက်၏။
"အရှင်.. ဒါ.. ဒါက စမ်းသပ်မှုမှာ ပြဿနာတစ်ခုခု ရှိနေလို့ ဖြစ်မယ်.. သူ့ကို နောက်တစ်ကြိမ် စမ်းသပ်ပေးဖို့ အလေးအနက် တောင်းဆိုပါတယ်"
နောက်ဆုံးအကြိမ်က ဆေးခန်းမ၏ အဝင်ဝတွင် ရှိနေစဥ်ကပင် ကျန်းချန်သည် ပဉ္စမအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ထုတ်ပြပြီးသား ဖြစ်သည်။
သို့သော် ကျီယွင်သည် ကျန်းချန်က ပဉ္စမအဆင့် အဂ္ဂိရတ်သခင်ဟု မယုံကြည်ခဲ့ပေ။
ကျီယွင်သည် ၎င်း၏ အဂ္ဂိရတ်ပါရမီနှင့် ပတ်သက်ပြီး အလွန် ယုံကြည်မှုရှိသည်။
ဤစစ်မှန်သော နဂါးနိုင်ငံတွင် ၎င်းထက် သာလွန်နိုင်သော အဂ္ဂိရတ်ပါရမီရှင် မည်သည့်အခါမျှ ရှိလာနိုင်မည် မဟုတ်ဟု သူ ယုံကြည်ခဲ့သည်။
သို့သော် ကျီယွင် မည်သည့်အခါမျှ တွေးမထားမိသည်မှာ
ကျန်းချန်၏ စမ်းသပ်မှု ရလဒ်သည် သူ့သောက်ခွက်ကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားခဲ့ခြင်းပင်။
ကျီယွင်သည် ဆောက်တည်ရာမရ ဖြစ်နေခဲ့၏။
သူ့ ရှေ့မှ နာမည်မရှိသော လူငယ်က သူ့ကို ပြတ်ပြတ်သားသား အသာရသွားသည်ကို လက်မခံနိုင်ခဲ့ပေ။
"စမ်းသပ်မှုက ဘာမှ မမှားဘူး... စမ်းသပ်ခဲ့တဲ့ အချက်အလက်တွေက လုံးဝ မှန်ကန်တယ်"
"ကမ္ဘာပြင်ပမှာ နောက်ထပ် ကမ္ဘာတွေရှိသလို ကောင်းကင်ပြင်ပမှာ နောက်ထပ် ကောင်းကင်တွေ ရှိကြတယ်.. ဒီကမ္ဘာမှာ မင်းထက် သာတဲ့သူ မရှိတော့ဘူးလို့ တကယ်ပဲ ထင်နေတာလား"
ဖျင်ရီရှန်းက အေးစက်စက် ငေါက်လိုက်သည်။
"မင်းအနေနဲ့ အဂ္ဂိရတ်ပြိုင်ပွဲမှာ ပါဝင်ချင်ရင် ချက်ချင်း အထဲကို ဝင်ပြီး နေရာယူလိုက်.. ဒါမှမဟုတ်ရင်လည်း ထွက်သွားလိုက်တော့.. အဂ္ဂိရတ်ပြိုင်ပွဲကို အနှောင့်အယှက် မပေးစမ်းနဲ့"
ဖျင်ရီရှန်း ဒေါသထွက်နေသည်ကို မြင်လျှင် ကျီယွင်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ဤအဂ္ဂိရတ်ပြိုင်ပွဲတွင် ပထမနေရာ အတွက် အနိုင်ရရန်မှာ သူ့အတွက် အလွန် အရေးကြီး၏။
အဂ္ဂိရတ်ပြိုင်ပွဲတွင် ပထမနေရာကို အနိုင်ရမှသာ သူက ဆေးနန်းတော် အရှင်သခင်၏ အမွေဆက်ခံသူ အနာဂတ်တွင် ဖြစ်လာနိုင်မည် ဖြစ်သည်။
သူသာ ဆေးနန်းတော် အရှင်သခင်၏ အမွေဆက်ခံသူ ဖြစ်လာလျှင် ကျီမိသားစု၏ မိသားစု ခေါင်းဆောင် ရာထူးအတွက် တိုက်ပွဲဝင်ရာတွင် အရေးပါသော အဆင့်အတန်းတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ပါလား။
"ကျန်းချန်.. အဂ္ဂိရတ်ပြိုင်ပွဲက ခဏနေ စတင်တော့မယ်"
"မင်းရဲ့ အဂ္ဂိရတ်လမ်းစဥ်အပေါ် အောင်မြင်မှုက ဘယ်လောက်အထိ အားကောင်းလဲဆိုတာ ငါစောင့်ကြည့်နေမယ်"
ကျီယွင်က အေးစက်စက် ရေရွတ်လိုက်ပြီး ရင်ပြင် အလယ်သို့ လျှောက်သွားလိုက်သည်။
ကျန်းချန်သည် ကျီယွင်ကို လျစ်လျူရှုထားလိုက်ပြီး ရင်ပြင် အလယ်ရှိ ကျောက်စင်မြင့်တစ်ခုကို ရွေးချယ်လိုက်၏။
သူက ကျောက်စင်မြင့်ပေါ်သို့ ရောက်လျှင် စင်မြင့်ကို အကဲခတ်လိုက်သည်။
ထိုအခါ ဆေးဖက်ဝင် ပစ္စည်းပုံတစ်ပုံ သပ်သပ်ရပ်ရပ် ချထားသည်ကို တွေ့လိုက်ရသည်။
ထိုဆေးဖက်ဝင်ပစ္စည်းများသည် တတိယအဆင့် ဆေးလုံးကို သန့်စင်ရန် အသုံးပြုသော ပစ္စည်းများ ဖြစ်သည်။
ကျန်းချန်က ပစ္စည်းများကို ကြည့်နေသော အချိန်မှာပင် အဂ္ဂိရတ်ပြိုင်ပွဲ အတွက် ဝင်ခွင့် စမ်းသပ်မှုသည် ပြီးဆုံးသွားခဲ့သည်။
ထိုခဏတွင် ဖျင်ရီရှန်းသည် ပြိုင်ပွဲဝင်များကို ကြည့်လိုက်သည်။
သူ၏ ထည်ဝါသော အသံသည် လူတိုင်း၏ နားထဲတွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားခဲ့၏။
"အဂ္ဂိရတ်ပြိုင်ပွဲ အတွက် ဝင်ခွင့် စမ်းသပ်မှုက ပြီးသွားပါပြီ.. အခုချိန်ကစပြီး အဂ္ဂိရတ်ပြိုင်ပွဲရဲ့ ပထမအဆင့်ကို စတင်ပါတော့မယ်.. ပြိုင်ပွဲဝင်တွေက တတိယအဆင့်၊ အဆင့်မြင့် ဆေးလုံးဖြစ်တဲ့ မူလဝိညာဥ် ဆေးလုံးကို သန့်စင်ရမယ်"
အခန်း(၃၂၉) ပြီး၏