အခန်း (၃၃၀)
Vol. 22 Ch. 330
"အိုး ငါတော့ သွားပြီ.. ဒီစစ်ဆေးမှုက အရမ်း ခက်ခဲတယ်ဟ"
"အဟုတ်ပဲ.. ပထမအဆင့်ရဲ့ စစ်ဆေးမှုက တတိယအဆင့်၊ အဆင့်မြင့် ဆေးလုံးကို သန့်စင်ဖို့ ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး"
"ပြီးသွားပြီ.. ငါက တတိယအဆင့်၊ အဆင့်မြင့် ဆေးလုံးကို တစ်ခါမှ မသန့်စင်ဖူးဘူး...ပထမအဆင့်ကို မဖြတ်ကျော်နိုင်မှာတောင် ငါစိုးရိမ်မိတယ်"
"............"
ဖျင်ရီရှန်းက ပထမအဆင့်၏ စစ်ဆေးမှုကို ကြေညာလိုက်သည်နှင့် ပြိုင်ပွဲဝင် အတော်များများထံမှ စိတ်ပျက်လက်ပျက် ရေရွတ်သံများ ထွက်ပေါ်လာခဲ့၏။
သို့သော် ဖျင်ရီရှန်းသည် ပြိုင်ပွဲဝင်များ၏ ရေရွတ်သံများကို လျစ်လျူရှုကာ ဤပထမအဆင့်၏ စည်းမျဉ်းကို ခံစားချက်မဲ့သော မျက်နှာထားဖြင့် မိတ်ဆက်ပေးလိုက်သည်။
"မင်းတို့တွေရဲ့ ရှေ့မှာ မူလဝိညာဥ် ဆေးလုံးကို သန့်စင်ဖို့ ပစ္စည်း သုံးစုံစာ ရှိတယ်"
"မင်းတို့အနေနဲ့ မူလဝိညာဥ် ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်သ၍ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မယ်"
"ပထမအဆင့် ပြိုင်ပွဲအတွက် အချိန်ကန့်သတ်ချက် မရှိပေမဲ့ အရင်ပြိုင်ပွဲတွေက တင်ရှိထားတဲ့ အမြန်ဆုံး စံချိန်မှတ်တမ်းတော့ ရှိတယ်"
ဖျင်ရီရှန်းက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောဆိုလိုက်သည်။
"မင်းတို့က ဒီစံချိန်မှတ်တမ်းကို ချိုးဖျက်နိုင်သရွေ့ ဆုလာဘ်တွေကို ရက်ရက်ရောရော ရရှိမယ်.. ဒါ့အပြင် မင်းတို့ရဲ့ လိုအပ်ချက်တွေကိုပါ လမ်းညွှန်မှု ပေးမယ်လို့ ငါကတိပေးတယ်"
ဖျင်ရီရှန်း၏ စကားများကို ကြားလျှင် ပြိုင်ပွဲဝင် အချို့သည် လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။
၎င်းတို့က အသေအချာ ပြင်ဆင်၍ ပြိုင်ပွဲကို လာရောက် ယှဥ်ပြိုင်ကြသူများ ဖြစ်၏။
မှတ်တမ်းကို ချိုးဖျက်နိုင်လျှင် ဆေးနန်းတော်၏ ဆုလာဘ်ကို ရရှိနိုင်မည် ဖြစ်သည်။
သို့သော်လည်း တကယ်တမ်းတွင် ထိုထက် တန်ဖိုးရှိသည်မှာ ဖျင်ရီရှန်း ထံမှ လမ်းညွှန်မှုကို ရရှိနိုင်ခြင်း ဖြစ်၏။
စစ်မှန်သော နဂါးနိုင်ငံ၏ တစ်ဦးတည်းသော သတ္တမအဆင့် အဂ္ဂိရတ်သခင်၏ လမ်းညွှန်မှုကို ရရှိနိုင်ခြင်းသည် မရေမတွက်နိုင်သော အဂ္ဂိရတ်သခင်များ အိပ်မက်မက်သော အရာတစ်ခု ဖြစ်ပေသည်။
"အကြီးအကဲ.. ဒီအဆင့် ပြိုင်ပွဲကို ဖြတ်ကျော်နိုင်ခဲ့တဲ့ အမြန်ဆုံး စံချိန်မှတ်တမ်းကို ကျွန်တော် သိလို့ရမလား"
ကျန်းချန်က ဖျင်ရီရှန်းကို ကြည့်ကာ လူတိုင်း စိတ်ဝင်စားနေသော မေးခွန်းကို မေးလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်၃၀က အဂ္ဂိရတ်ပြိုင်ပွဲမှာတော့ လူတစ်ယောက်က ၁၂ မိနစ်အတွင်း တတိယအဆင့်၊ အလယ်အလတ် ဆေးလုံးကို သန့်စင်နိုင်ခဲ့တယ်"
"ဒီစံချိန်မှတ်တမ်းက လက်ရှိအချိန်အထိ ရှိနေဆဲပဲ.. ဘယ်သူမှ မချိုးဖျက်နိုင်သေးဘူး"
"ဒါပေမဲ့ မင်းတို့က တတိယအဆင့်၊ အဆင့်မြင့် ဆေးလုံးကို သန့်စင်ရမှာ ဖြစ်တာကြောင့် ဆယ့်ငါးမိနစ်အတွင်း ဖြတ်ကျော်နိုင်သရွေ့ စံချိန်မှတ်တမ်းကို ချိုးဖျက်တယ်လို့ သတ်မှတ်ပေးမယ်"
------------
"ချီး.. ဆယ့်ငါးမိနစ်အတွင်း တတိယအဆင့်၊ အဆင့်မြင့် ဆေးလုံးကို သန့်စင်ဖို့က အရမ်း မများလွန်းဘူးလား"
"ဟုတ်ပါ့ကွာ.. တတိယအဆင့်၊ အလယ်အလတ် ဆေးလုံးဆိုရင်တောင် ငါက ၁၅ မိနစ်အတွင်း မသန့်စင်နိုင်တာ.. ဒါ့အပြင် တစ်ကြိမ်တည်းနဲ့ အောင်မြင်မယ်လို့လည်း အာမခံချက် မရှိဘူးလေ"
"ဒီ စံချိန်မှတ်တမ်းက ချိုးဖျက်ဖို့ တကယ်ကို မလွယ်ကူဘူး"
လူတိုင်းက ဖျင်ရီရှန်း၏ စကားကို ကြားလျှင် ခေါင်းခါယမ်းကာ သက်ပြင်းချ၍ ရေရွတ်လိုက်ကြ၏။
"ဟမ့်.. ကျန်းချန်.. စံချိန်ကို ချိုးဖျက်နိုင်မယ်လို့ အိပ်မက်မက်မနေနဲ့"
"လွန်ခဲ့တဲ့ နှစ်သုံးဆယ်က စံချိန်ပိုင်ရှင်က ဆေးလုံးအတွက် မွေးဖွားလာတဲ့ ဒဏ္ဍာရီလာ ဆေးခန္ဓာကိုယ် ပိုင်ရှင်ပဲ.. ဒါကြောင့် သူ့ရဲ့ အဂ္ဂိရတ်အမြန်နှုန်းက သာမန်လူတွေ နှိုင်းယှဉ်လို့ မရဘူး"
"မင်းက အရမ်း ပါရမီရှိတယ် မဟုတ်လား.. တကယ်ပဲ အစွမ်းရှိရင် အဲဒီလူရဲ့ ပါရမီကို ချိုးဖျက်ပြစမ်းပါ"
နံဘေးမှ ကျီယွမ်က ကျန်းချန်ကို မထီမဲ့မြင်ပြုကာ လှောင်ပြောင်လိုက်သည်။
"ကျီယွင် မင်းမှာ အရည်အချင်းမရှိတာနဲ့ တခြားသူတွေကို မင်းလိုပဲ ထင်မနေနဲ့"
ကျန်းချန်က ခပ်ထေ့ထေ့ ပြောဆိုလိုက်သည်။
"ငါ့မျက်လုံးထဲမှာတော့ ဒီစံချိန်မှတ်တမ်းလောက်ကို ချိုးဖျက်ဖို့က ဘာမှခက်ခဲ့တဲ့ကိစ္စ မဟုတ်ဘူး"
"ဟားဟား... မင်းက စကားကြီးစကားကျယ် ပြောနေတာ လျှာခေါက်မှာ မကြောက်ဘူးလား... ဒါဆို မင်းက မူလဝိညာဥ် ဆေးလုံးကို ဆယ့်ငါးမိနစ် အတွင်း သန့်စင်နိုင်တယ်ပေါ့လေ"
ကျီယွင်က မထီမဲ့မြင်ပြုကာ ရယ်မောလိုက်သည်။
လူအများစုသည် တတိယအဆင့်၊ အဆင့်မြင့် ဆေးလုံး ဖြစ်သည့် မူလဝိညာဥ် ဆေးလုံးကို သန့်စင်ရန် အနည်းဆုံး မိနစ် နှစ်ဆယ် ကြာပေသည်။
ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် ဖြစ်လျှင်ပင် ၁၅ မိနစ်အတွင်း သန့်စင်ရန် မလွယ်ကူပေ။
ကျန်းချန်က ဤမျှအထိ မြန်ဆန်မည်ဟု သူ အမှန်တကယ် မယုံကြည်ပေ။
"ဆယ့်ငါးမိနစ်က အရမ်းကြာလွန်းတယ်"
ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်သည်။
သူ၏ မောက်မာသော အသံသည် ချက်ချင်းပင် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
"ငါ့အတွက် မူလဝိညာဥ်ဆေးလုံးကို သန့်စင်ဖို့က ဆယ်မိနစ်ဆို လုံလောက်ပြီ"
အခန်း(၃၃၀) ပြီး၏