← Chapters

စိတ္တဇ (၈)

Vol. 2 Ch. 68

စိတ္တဇ (၈)

Vol. 2 Ch. 68

နက်ဆန်သူ့အခန်းသူ ပြန်သွားအိပ်တုန်း ပျင်းပျင်းရှိတာနဲ့ ကျွန်မတို့တွေ တစ်ခုခုမှာစားရင်ကောင်းမလားဆိုပြီး အရင်ဆုံးတွေးမိတယ်။ ဒါပေမဲ့ ခဏနေတော့ ကိုယ့်ဗိုက်ကိုယ် ပြန်ကိုင်လိုက်မိပြီး ဘာလို့တစ်နေကုန် စားဖို့ချည်းပဲ တွေးနေတာလဲလို့ တွေးမိလာပြန်ရော။ စားရလွန်းအားကြီးလို့ စားရတာပျင်းသွားတယ်လို့ ဆိုရမှာ။ စားဖို့အတွက်တောင် တစ်ခုခုမမှာချင်တော့ဘူး။

အိုလီရာနာကတော့ ကျွန်မဖုန်းကို ကျွန်မအလစ်မှာလုယူပြီး စပ်စုနေတယ်။ ဖုန်းတစ်ခါမှသုံးဖူးပုံမရတဲ့ အဖွားကြီးအို အသေးစားလေးဆိုတော့ သူ့ကိုယူကျု့က သီချင်းတချို့ ဖွင့်ပြပြီး သုံးနည်းပြောပြလိုက်တယ်။

နောက်တော့ သီချင်းတွေကိုနားထောင်ရင်း နောက်ကနေ လိုက်ဆိုတော့တာပဲ။ အခု သူဆိုနေတဲ့သီချင်းက ဂန္တဝင် ပြင်သစ်အချစ်သီချင်းဖြစ်တဲ့ “La Vie En Rose”ပါ။ စစ်ပြီးခေတ်ကတည်းက သီချင်းဆိုပေမဲ့လို့ ခေတ်တွေ စနစ်တွေပြောင်းလာတဲ့အထိ အဆိုရှင်အမျိုးမျိုးက ပြောင်းပြီးဆိုခဲ့တာကြောင့် ကျွန်မတို့ပြင်သစ်တွေ နားယဥ်နေသေးတယ်။ [Author Note: အတော်လေးနာမည်ကြီးခဲ့တဲ့ သီချင်းဖြစ်တာကြောင့် မြန်မာဂန္တဝင်ေတေးသံရှင် ကြည်ကြည်ဝင်း တည်ဆိုထားတဲ့ မြန်မာဗားရှင်းတောင်ရှိပါတယ်။]

အထူးသဖြင့် မိန်းကလေးတစ်ယောက်က ယောက်ျားလေး တစ်ယောက်ရဲ့အချစ်ကိုလက်ခံရရှိလို့ ပျော်ရွှင်ရတဲ့ အကြောင်းကို ဖွဲ့နွဲ့ထားတာရယ်။

“သူ့ရဲ့လက်မောင်းတွေထဲ ပွေ့ဖက်လို့... နူးညံ့စွာ စကားဆိုတိုင်းမှာ... ကျွန်မအဖို့ လောကကြီးမှာ ချစ်ပန်းရောင်အဖြစ်သို့ ပြောင်းသွားရှာ။”

စာသားတွေကိုနားထောင်နေရင်းနဲ့ ကျွန်မ မျက်လုံးထဲမှာ အဲဒီကောင်ရဲ့ပုံရိပ်တွေကို မြင်လာပြီး မေ့ပစ်လို့မရေတဲ့ အတွက်ကြောင့် ကျွန်မက သီချင်းထဲစိတ်နစ်မျောနေတဲ့ အိုလီရာနာရှေ့ကိုသွား ဖုန်းကိုပြန်ယူလိုက်တယ်။

“ဟေး.... ဆယ်ဗီအကျင့်ပုပ်မကြီး။ သူများသီချင်း အကောင်းနားထောင်နေတဲ့ဥစ္စာကို။”

“တစ်နေကုန်သီချင်းချည်းပဲ နားထောင်မနေနဲ့။ လူကြီးတွေမှာ လုပ်စရာရှိသေးတယ်ဟဲ့။”

ကျွန်မက ဖုန်းကိုပြန်သိမ်းလိုက်တော့ အသက်ရာကျော် အဖွားကြီးအိုလေးက ကျွန်မကို ကလေးတစ်ယောက်လို ကပ်ကပ်လန် ပြန်ရန်တွေ့တော့တာပဲ။

“ဘာတစ်နေကုန်လဲ... အခုမှ သီချင်းလေးတစ်ပုဒ်နှစ်ပုဒ် ဖွင့်ရသေးတဲ့ဥစ္စာကို။”

ကျွန်မကတော့ သူ့ကိုလစ်လျူရှုထားလိုက်ပြီး ဖုန်းကိုဖွင့် စိတ်ကူးပေါက်ရာတွေ အင်တာနက်ကနေ ရှာကြည့်တယ်။ နောက်တော့ ကျွန်မရှာမိသွားတဲ့အရာက အရင်ကအလုပ် လုပ်ခဲ့ဖူးတဲ့နေရာဖြစ်တဲ့ ဖွန်တီနာဆေးရုံအကြောင်းပါပဲ။

“နက်ဆန်တို့ပြောသလို အဲဒီဓားက စိတ္တဇလူသတ်သမား တစ်ယောက်ရဲ့ဓားဖြစ်နေမယ်ဆိုရင် ဖွန်တီနာဆေးရုံရဲ့ ဇာတ်လမ်းတစ်ခုခုနဲ့ ဆိုင်နေလောက်တယ်မဟုတ်လား။”

ဖွန်တီနာဆေးရုံက ကျွန်မတို့နေခဲ့တဲ့မြို့လေးရဲ့ကြောက်စရာ အကောင်းဆုံးဆိုတဲ့ နေရာတွေထဲက တစ်ခုပေါ့။ ဒီတော့ သဘာဝလွန်ဇာတ်လမ်းတွေနဲ့ မြို့ပြဒဏ္ဍာရီပုံပြင်တွေလည်း အများကြီးရှိတယ်။ ဒီလိုနဲ့ဟိုရှာဒီရှာ လျှောက်ရှာရင်းကနေ ဆရာဝန်တစ်ယောက်အကြောင်းကို ရှာတွေ့တော့တာပဲ။

“ဒေါက်တာ ဘီယန်ကာ ဒါဗင်ချီရဲ့ကျောချမ်းစရာ ဇာတ်လမ်း။”

ဒီနာမည်က ကျွန်မအဖို့တော့ အထူးအဆန်းပဲ။ ဆေးရုံမှာ နေတုန်းက အဲဒီနာမည်ကို မကြားခဲ့ဖူးဘူး။ အင်တာနက်က ဝက်ဆိုက်တစ်ခုပေါ်မှာ ရှာတွေ့ခဲ့တဲ့ဒီဆောင်းပါးကို သေချာ အသေးစိတ်ဝင်ဖတ်ကြည့်တော့ လွန်ခဲ့တဲ့နှစ်လေးဆယ် ၁၉၈၀ နှောင်းပိုင်းလောက်က ဖြစ်ခဲ့တဲ့ဇာတ်လမ်းတစ်ခု ဖြစ်နေတာ သတိထားခဲ့မိပါတယ်။

ဝက်ဆိုက်က ဒီလိုကောလဟလတွေတင်နေကျ နေရာတစ်ခု ဖြစ်ပေမဲ့လို့ ဒီဇာတ်လမ်းဟာ အမှန်စင်စစ်ဖြစ်ကြောင်း သက်သေဓာတ်ပုံတွေနဲ့တကွ တင်ပြထားတာတွေ့ရတာမလို့ မြင်မြင်ချင်းမှာပဲ တကယ့်မှုခင်းဖြစ်ရပ်မှန်တစ်ခုကို ဖတ်နေရသလိုမျိုး ကျွန်မစတင်ပြီး ခံစားလာရပါတယ်။

ပထမဆုံးကျွန်မမြင်လိုက်ရတဲ့ဓာတ်ပုံက ယခင်ခေတ် ကာလာဓာတ်ပုံတစ်ပုံပီသစွာ အရောင်တွေအနည်းငယ်မှိန်ပြီး မှုန်တိမှုန်ဝါးဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဓာတ်ပုံပါ။ ထိုခေတ်အခါက နာမည်ကြီးတဲ့ အကြေကောက်ဆံပင်ကိုမှ သေချာဖီးသင်ပြင်ဆင်ထားပုံရပြီး ကျွဲကော်ကိုင်းမျက်မှန်ကို တပ်ကာ ပြုံးပြနေတဲ့ ဆရာမဝန်မတစ်ယောက်ရဲ့ပုံပါ။

ကျွန်မအဲဒီဆရာဝန်အကြောင်းကို ဆက်ဖတ်ဖို့ ကြိုးစားကြည့်တယ်။ ပထမဆုံးစာပိုဒ်က ဖြစ်ရပ်တွေကို အသေးစိတ်အကျဥ်းချုံးရေးထားတဲ့ပုံစံမျိုးဖြစ်ပြီး လူတွေ စိတ်မဝင်စားဝင်စားအောင်လို့ ဖြဲခြောက်၊ အကျယ်ချဲ့ပြီး ရေးထားတဲ့စာမျိုး။

‘ကိုယ့်လူနာတွေကိုကိုယ် မလိုအပ်ဘဲခွဲစိတ်ကုသမှု ခံယူခိုင်းပြီး ကြောက်စရာကောင်းတဲ့ သုတေသနတွေကို ခိုးကြောင်ခိုးဝှက်လုပ်ဆောင်ခဲ့တဲ့ ရူးသွပ်နေတဲ့ ဆရာဝန်။’ ‘သေခြင်းကိုကုသဖို့အတွက် လူနာငါးဆယ်လောက်ကို သတ်ဖြတ်ခဲ့သူ။’ ‘တကယ့်နစ်နာသူအရေအတွက်က အဲဒီထက်တောင် ပိုနိုင်သတဲ့။’ စသည်ဖြင့်ပေါ့။

ဒါပေမဲ့ ဒုတိယစာပုဒ်ကတော့ သာမန်ကိုယ်ရေးအကျဥ်းနဲ့ ဆင်တူပါတယ်။ ကျွန်မက စာတွေအများကြီးသိပ်ပြီးတော့ ဖတ်လေ့မရှိတာကြောင့် အာရုံစိုက်မှု မပျောက်သွားအောင် အသံထွက်ရွတ်ဆိုရင်း စာတွေကို ကြိုးစားဆက်ဖတ်တယ်။

“ဒေါက်တာ ဘီယန်ကာ ဒါဗင်ချီကို ၁၉၅၅ ခုနစ် ပြင်သစ်နိုင်ငံတောင်ပိုင်း မာဆေးမြို့မှာ မွေးဖွားတယ်။ ပါရီဆေးပညာတက္ကသိုလ်ကို ပညာသင်ဆုနဲ့ဝင်ခွင့်ရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ခွဲစိတ်ဆရာဝန်ဖြစ်လာတယ်။ ဖွန်တီနာ ပြည်သူ့ဆေးရုံမှာ တာဝန်ချပေးခြင်းခံရတယ်။

အစပိုင်း ခွဲစိတ်ကုသမှုတွေမှာ ထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်းများစွာကိုပြသနိုင်ခဲ့တဲ့အတွက် ၁၉၈၀မှာ ကျွမ်းကျင် ပါရကူအဖြစ် ရာထူးတိုးခံရတယ်။”

ကျွန်မ ခုနစ်တွေနဲ့ ဒေါက်တာရဲ့အသက်ကိုတိုက်ကြည့်ရင်း အတော်လေးအံ့ဩမိလာတယ်။ ပါရဂူဖြစ်လာတဲ့အချိန်မှာ သူက ၂၅ နှစ်ပဲရှိသေးတာလား။ ကျွန်မထက် နှစ်နည်းနည်းပဲ ကြီးတယ်ဆိုတာ သိလိုက်ရတော့ အလိုလိုနေရင်း သိမ်ငယ် လာသလိုမျိုး ခံစားရတယ်။

တတိယပိုင်းကတော့ နည်းနည်းစိတ်မကောင်းစရာလို့ ပြောရမလားပဲ။ ကျွန်မဖတ်နေရင်းနဲ့တောင် မျက်လုံးထဲ အကောင်ဝင်သလိုမျိုး ခံစားရပါတယ်။

“၁၉၈၀ ခုနစ် နှောင်းပိုင်းကာလမှာ ဖွန်တီနာမြို့ဝန်ရဲ့သမီး မွေးရာပါနှလုံးရောဂါ ဖြစ်နေတဲ့ ၁၂နှစ်အရွယ် ကောင်မလေးကို ခွဲစိတ်ပေးဖို့ဖြစ်လာတယ်။ ဒါပေမဲ့ ခွဲစိတ်ရာမှာ ကျရှုံးခဲ့ပြီးတော့ မိန်းကလေးသေဆုံးသွားခဲ့တဲ့ အတွက်ကြောင့် မြို့တော်ဝန်က သူ့ကိုတရားစွဲခဲ့တယ်။ စစ်ဆေးရေးအဖွဲ့က ခွဲစိတ်ရာမှာ ဘာအမှားမှမလုပ်ခဲ့ဘူးလို့ ကောက်ချက်ချခဲ့ပေမဲ့ နောက်ပိုင်းပြုလုပ်တဲ့ နှစ်စဥ်စိတ်ပိုင်း ဆိုင်ရာစစ်ဆေးမှုတွေမှာ အခြေအနေမကောင်းခဲ့ဘူးတဲ့။”

ကျွန်မဆောင်းပါးကို ဖတ်ပြီးဖတ်လေဖတ်လေ ဖြစ်စဥ်တွေက ပိုပြီးမှောင်မိုက်လာလေပါတယ်။ ပြီးတော့ ကျွန်မလည်း တဖြည်းဖြည်းချင်း ကျောချမ်းလာသလိုလို တစ်ယောက်ယောက်က ဂုတ်ပေါ်ခွစီးနေသလိုလို ခံစားလာရတယ်။ ဒါပေမဲ့ ဆောင်းပါးထဲမှာပဲ စိတ်ဝင်စား နေမိတဲ့အတွက်ကြောင့် လစ်လျူရှုထားပြီး ဆက်ဖတ်နေမိပါတယ်။

“အိမ်နီးချင်းတွေက သူဝက်အရှင်တွေကို စျေးကနေဝယ်ပြီး အိမ်မှာခွဲစိတ်ဖို့လုပ်တဲ့အတွက် တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနဲ့ ရဲကိုတိုင်ကြတယ်။

ရဲတွေက အစပိုင်း အရေးမလုပ်ကြပေမဲ့ နောက်ပိုင်း သူခွဲစိတ်ပေးတဲ့ လူနာတွေက ကုသမှုခံယူပြီး သိပ်မကြာခင်မှာပဲ ထူးထူးဆန်းဆန်းသေဆုံးကုန်တာ သတိထားမိတော့ စတင်စုံစမ်းလာကြတယ်။”

“၁၉၈၅ခုနစ်မှာ ဒေါက်တာဘီယန်ကာကို ဝရမ်းထုတ်ပြီး သူတို့ဖမ်းဆီးခဲ့ကြတယ်။ စုံထောက်တွေရဲ့အဆိုအရ သူခွဲစိတ်လို့သေသွားတဲ့ လူနာတွေထဲကအများစုက ခွဲစိတ်ဖို့မလိုတဲ့ရောဂါတွေရှိနေတဲ့သူတွေချည်းပဲတဲ့။ သေသွားရတဲ့ အကြောင်းအရင်းက ကိုယ်တွင်းကလီစာတွေကို သဘာဝအတိုင်းမဟုတ်တဲ့ ပုံစံနဲ့ ပြန်တပ်ဆင်ပေးခဲ့လို့တဲ့။”

ကျွန်မ ကိုယ့်ပါးစပ်ကိုယ်ကို လက်ဖဝါးနဲ့အုပ်ထားလိုက်မိတယ်။ ပခုံးပေါ်က အလေးချိန်က ပိုပြီးတော့လေးလာသလိုပါပဲ။ ပြီးတော့ မနှစ်မြို့စရာသွေးနံကြီးကို ရလာတယ်။ အဲဒီနေ့ညက ကျွန်မ ဓားကိုကိုင်ပြီးတော့ သရဲကို အဝေးကနေခွဲစိတ်နေတဲ့ မြင်ကွင်းကို ပြန်မြင်ယောင်လာတယ်။

နောက်တော့ ကျွန်မစာတွေကို ဆက်ဖတ်နေပေမဲ့ တစ်စုံ တစ်ခုက ပူးကပ်နေသလိုမျိုးခံစားမိပြီး စာဖတ်နေတယ်လို့ မခံစားရတော့ဘူး။ အဲဒီအစား ကျွန်မကိုယ်တိုင်က ဒေါက်တာ ဘီယန်ကာဖြစ်သွားသလိုမျိုး ခံစားရတယ်။

...

ကျွန်မကိုယ်ကျွန်မ စုံထောက်တွေရဲ့စစ်ကြောရေး အခန်းထဲမှာရောက်နေမှန်း သတိထားမိလိုက်တယ်။ အခန်းက အနည်းငယ် မှောင်မိုက်ပြီး အပ်ကျသံတောင် မကြားရအောင် တိတ်ဆိတ်လို့။ ကျွန်မရှေ့မှာတော့ စုံထောက်တွေ ဝတ်လေ့ရှိတဲ့အတိုင်း အနောက်တိုင်း ဝတ်စုံကို ကျကျနနဝတ်ထားတဲ့ အေးဂျင့်တစ်ယောက် ရှိနေပြီး သူက ကိုယ်တွင်းကလီစာတွေရဲ့ပုံကို ပြသနေတယ်။

“ဒေါက်တာ ဘီယန်ကာ... ဒါက ခင်ဗျားကုသပေးလိုက်တဲ့ လူနာတစ်ယောက်ရဲ့အစာအိမ်ပဲ။ ဘယ်လိုဦးနောက်နဲ့များ အသည်းကိုနှစ်ခြမ်းတိတိခြမ်းပြီး ပြန်တပ်ပေးလိုက်တာလဲ။”

ကျွန်မက ဒီလိုအမေးခံရတော့ အလိုလိုနေရင်း ရင်ထဲမှာ ပျော်ရွှင်မှုကို ခံစားလိုက်ရပြီး ပြုံးလိုက်မိတယ်။ စစ်ကြောရေးအခန်းရဲ့တစ်ဖက်မှာရှိနေတဲ့ တစ်ဖက်မြင် မှန်ပေါ်မှာ ကျွန်မရဲ့မျက်နှာက ပုံရိပ်ထင်ဟပ်နေပြီးတော့ အဲဒီအပြုံးက အတော်လေး ကြောက်စရာကောင်းတာကို သတိထားမိပြန်တယ်။

“ရှင်က ကျွန်မရဲ့သုတေသနကို စိတ်ဝင်စားတယ်လား။ စိတ်ဝင်စားတယ်ဆိုတော့.... ပြောပြပေးရတာပေါ့။”

နောက်တော့ ကျွန်မအပြုံးက ပိုပြီးတော့ တွန့်လိမ်ရုပ်ပျက် လာတယ်။ မျက်လုံးတွေက ကြောက်စရာကောင်းလောက်တဲ့ အထိကိုတောက်ပနေပြီးတော့ အသေးစိတ်ရှင်းပြတယ်။

“အသည်းဆိုတာက ဆယ်ပုံတစ်ပုံလောက်ပျက်စီးသွားတဲ့ အခါမျိုးမှာတောင် ပြန်ပြီးကောင်းလာနိုင်တဲ့ အံ့ဖွယ် အစိတ်အပိုင်းပဲ။ တကယ်လို့နှစ်ခြမ်းခွဲပြီး ပြန်တပ်လိုက်ရင် အလုပ်လုပ်နိုင်တဲ့ အသည်းနှစ်ခုအဖြစ် သီးခြားကြီးထွားပြီး လူတွေက ပိုကျန်းမာလာမယ်မဟုတ်လား.... ဒါကိုလက်တွေ့ စမ်းသပ်ကြည့်လိုက်တာ...”

စုံထောက်ကတော့ ဒေါသတကြီးနဲ့စားပွဲကို လက်ဝါးနဲ့ ရိုက်နှက်ရင်း။ “ပိုကျန်းမာလာလားမလာလားတော့ ကျုပ်မသိဘူး။ ဒါပေမဲ့ နစ်နာသူကတော့ ၂၄နာရီအတွင်း သွေးတွေအန်ပြီး ဆုံးသွားပြီဗျ။ ခင်ဗျားက တကယ့် မကောင်းဆိုးဝါးပဲ။”

“မကောင်းဆိုးဝါးတဲ့...” ကျွန်မလည်း ဒီလိုအခေါ်ခံရတဲ့ အတွက်ကြောင့် စားပွဲကိုအလားတူ ထုလိုက်ပြီး စတင် အော်ဟစ်တယ်။ စုံထောက်ကိုပါ ကျွန်မရဲ့ရှည်လျားလှတဲ့ လက်သည်းတွေနဲ့ ကုပ်ခြစ်ပြီးတော့ လည်ပင်းညှစ်ဖို့ ကြိုးစားတယ်။

“ငါက မကောင်းဆိုးဝါးမဟုတ်ဘူးဟဲ့... လူတွေကို ကူးစက်ရောဂါတွေရော မကူးစက်နိုင်တဲ့ရောဂါတွေကနေပါ ကယ်တင်ပေးဖို့ကြိုးစားနေတာ။ ငါက သေခြင်းတရားကို ကုနိုင်ဖို့ စမ်းသပ်နေတာ။ အဲဒီကလေးလို... အဲဒီကလေးလို လူတွေထပ်ပြီးမခံစားရတော့အောင်လို့...”

ကျွန်မ မျက်လုံးထဲကနေ မျက်ရည်တွေစီးကျလာတယ်။ စိတ်ထဲမှာတော့ အပြစ်ကင်းစင်လှတဲ့ အပြာရောင်မျက်လုံး၊ ရွှေအိုရောင်ဆံပင်တွေနဲ့ မိန်းမငယ်လေးတစ်ယောက်ကို ပြန်မြင်ယောင်နေပြီး အဲဒီကလေးအသက်မဲ့သွားတဲ့ အချိန်မှာဖြစ်လာတဲ့ဝမ်းနည်းမှုက ကျွန်မတစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတာကို ပြန်အမှတ်ရနေဆဲပဲ။

“ငါက သေခြင်းတရားကို ကုသနိုင်ရမယ်... ဒီအတွက် တခြားသူတွေကိုစတေးရလည်း ထိုက်တန်တယ်....”

ကျွန်မစုံထောက်ကို စပြီးတော့ ခွဲစိတ်ဖို့ကြိုးစားတယ်။ လက်ထဲမှာ ဘာမှမရှိပေမဲ့ ရှည်လျားနေတဲ့ လက်သည်းတွေနဲ့ အဲဒီလူရဲ့လည်ချောင်းကို ဖောက်ထုတ်လိုက်တယ်။ ပူနွေးတဲ့ နီရဲရဲသွေးတွေက မျက်နှာကိုလာစင်တယ်။ ဒါပေမဲ့ ခွဲစိတ်မှု မအောင်မြင်သေးခင်မှာပဲ အခန်းတံခါးပွင့်သွားပြီး နောက်ထပ် ရဲတွေဝင်လာတယ်။

သူတို့က ကျွန်မကိုဝိုင်းဖမ်းထားပြီး စားပွဲနဲ့ခန္ဓာကိုယ်ကို ကပ်ထားတယ်။ ဒါပေမဲ့ သူတို့နောက်ကျသွားပြီ။ စုံထောက်က သေနှင့်ပြီ။ ဘာလို့လဲ... နောက်နည်းနည်းလောက် ထပ်အချိန်ရင် ခွဲစိတ်မှုက ပြီးတော့မယ့်ဟာကို။ ခွဲစိတ်မှုသာ အောင်မြင်ခဲ့ရင် သေခြင်းတရားကို ကုသနိုင်မယ့်ဥစ္စာကို။

“ဒီမိန်းမက တကယ့်ကို ရူးနေပြီပဲ။” အားလုံးက ကျွန်မကို ဝိုင်းပြီးအော်ဟစ်ကြတယ်။ ကျွန်မ နားမလည်နိုင်ဘူး။ ဒီအတိုင်းပဲ လူတိုင်းကို ကယ်တင်ချင်ခဲ့ရုံပါ။

...

“အမိန့်ချမယ်။ မစ် ဘီယန်ကာ ဒါဗင်ချီ။ လူအယောက် ငါးဆယ်ကို သွေးအေးအေးနှင့်သတ်ဖြတ်မှု။ ဆေးပညာ အလွဲသုံးစားမှု။ တရားမဝင် လူသားများအပေါ် ဆေးသုတေသန ပြုလုပ်မှု။ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှု။ ရည်ရွယ်ချက်ရှိရှိ ရောဂါမှားယွင်းကုသမှု။ စတဲ့အမှုများတွင် ပြစ်မှုထင်ရှားသည့်အတွက် ကြိုးမိန့်သေဒဏ်နှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ၅၅ ခါနှင့်တစ်ကွ ထောင်ဒဏ်နှစ်လေးဆယ် ကျခံစေ။ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခြင်းမရှိစေရန်လည်း တရားရုံးတော်မှ တားမြစ်လိုက်သည်။”

ဒါကတော့ ကျွန်မအတွက် တရားရုံးက ချမှတ်တဲ့ပြစ်ဒဏ်ပေါ့။ ဒါပေမဲ့ မပြီးသေးဘူးဆိုတာ ကျွန်မသိနေတယ်။ သေပြီးရင်တောင်မှ ကျွန်မရဲ့သုတေသန လုပ်ငန်းက သေခြင်းကိုမကုသနိုင်မခြင်း ပြီးသွားမှာမဟုတ်ဘူး။

...

“ဆယ်ဗီ... ဆယ်ဗီ....”

ရုတ်တရက် တစ်ယောက်ယောက်က ကျွန်မကိုလှုပ်နှိုးနေတဲ့ အတွက်ကြောင့် လန့်နိုးသွားတယ်။ ဖုန်းကတော့ လက်ထဲက ပြုတ်ကျနေပြီ။ ကြည့်ရတာ စာဖတ်ရင်းစျာန်ဝင်လွန်းပြီး အိပ်ပျော်သွားတယ်ထင်ပါရဲ့။

“ဝှါး... ဘယ်အချိန်တောင် ရှိနေပြီလဲ။” ကျွန်မက ကျွန်မကို လှုပ်နှိုးနေတဲ့ အိုလီရာနာကို ကြည့်လိုက်တယ်။ သူ့ကို ကြည့်တာ သိပ်ပြီးစိုးရိမ်နေသလိုပဲ။

“ဆယ်ဗီ၊ နင်ခုဏက အိပ်ရင်းနဲ့ယောင်နေတာ။ ပြီးတော့ အဖျားဝင်နေသလို တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေတာ။”

အိုလီရာနာက ကျွန်မကိုစိုးရိမ်နေကျဆိုတော့ ကျွန်မလည်း မနေနိုင်ဘဲ သူ့ချစ်စရာခေါင်းလေးကို ပုတ်ပေးလိုက်မိတယ်။ “ဘာမှမဖြစ်ပါဘူး၊ ထိုင်နေရင်းအိပ်ပျော်သွားလို့ သွေးလေ ချောက်ချားတာနေမှာ။”

အိုလီရာနာက ပေါ့ပေါ့နေနိုင်လွန်းတဲ့ကျွန်မကို မျက်စောင်း ထိုးလိုက်ပေမဲ့ ဘာမှဆက်မပြောတော့ဘူး။ နာရီကိုကြည့်တဲ့ အခါမှာတော့ ညနေငါးနာရီထိုးနေပြီမှန်း သိလိုက်ရပြီ။

ဂွီ...

ထုံးစံအတိုင်း ဗိုက်ကလည်း သံစုံမြည်လာပြီ။ “ ညစာစောစောစားတာ ကောင်းမယ်နဲ့တူတယ်။ နက်ဆန်ကို သွားနှိုးပြီး တစ်နေနေရာရာသွားစားတာပေါ့။”

ကျွန်မက အိုလီရာနာကိုအဖော်စပ်လိုက်တယ်။ နက်ဆန်က သူမပါရင်ဘယ်မှမသွားနဲ့ဆိုပြီး မှာထားတယ်မဟုတ်လား။ အိုလီရာနာက လက်ကိုပိုက်ထားပြီး စျေးဆစ်တယ်။

“ရေခဲမုန့်ဝယ်ကျွေးရင် ကူပြောပေးဖို့ စဥ်းစားပေးမယ်။”

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ နင့်ကို ရေခဲမုန့်အဝဝယ်ကျွေးမယ် ဟုတ်ပြီလား။”

All Chapters