← Chapters

အခန်း (၃၃၁)

Vol. 23 Ch. 331

အခန်း (၃၃၁)

Vol. 23 Ch. 331

"မူလဝိညာဥ် ဆေးလုံးကို သန့်စင်တာ ဆယ်မိနစ်ဆို လုံလောက်တယ်"

ကျန်းချန်၏ စကားကို ကြားလျှင် ရင်ပြင်တစ်ခုလုံး တခဏမျှ တိတ်ဆိတ်သွားခဲ့သည်။

ခဏအကြာတွင် လူတိုင်းသည် သတိပြန်ဝင်လာကြပြီး ကျန်းချန်ကို မထီမဲ့မြင် မလှောင်ပြောင်ဘဲ မနေနိုင်တော့ပေ။

"ဒီကောင် ဦးနှောက်ပျက်သွားပြီ ထင်တယ်"

"ငါ စကားကြီးစကားကျယ် ပြောတတ်တဲ့ လူတွေ အများကြီးကို မြင်ဖူးတယ်.. ဒါပေမဲ့ သူ့လို စကားကြီးစကားကျယ် ပြောတတ်တဲ့ လူကို မြင်ဖူးတာကတော့ ဒါပထမဆုံးအကြိမ်ပဲ"

"ဟုတ်ပါ့ကွာ.. တတိယအဆင့်၊ အဆင့်မြင့် မူလဝိညာဥ် ဆေးလုံးကိုတောင် ဆယ်မိနစ်ထဲနဲ့ သန့်စင်မယ်လို့ ပြောဆိုရဲတယ်"

..........

"ဟားဟား... တကယ့်ဟာသပဲ"

"ကျန်းချန် မင်း လေလုံးထွားနေလိုက်.. ခဏနေရင် ဘယ်အချိန်အထိ ဟန်ဆောင်နိုင်မလဲဆိုတာ ငါ ကြည့်မယ်"

ကျန်းချန်၏ စကားများကြောင့် ကျီယွင်သည် မလှောင်ဘဲ မနေနိုင်ခဲ့ပေ။

"ဆယ်မိနစ်အတွင်း မူလဝိညာဥ် ဆေးလုံးကို သန့်စင်မယ်တဲ့လား"

"စစ်မှန်သော နဂါးနိုင်ငံမှာတောင် သတ္တမအဆင့် အဂ္ဂိရတ်သခင် ဖျင်ရီရှန်းက လွဲရင် ဘယ်သူမှ မသန့်စင်နိုင်မှာ ငါစိုးရိမ်မိတယ်"

"ဒီနေရာမှာ ဒီလို စကားပြောဆိုဖို့ မင်းကို ဘယ်သူက သတ္တိပေးခဲ့လဲ ဆိုတာကို ငါ တကယ် မသိဘူး"

----------

"အဓိပ္ပာယ်မရှိတာတွေ ပြောဆိုတာကို ရပ်တန့်လိုက်ပါ"

"အခုချိန်ကစပြီး ပထမအဆင့် ပြိုင်ပွဲ တရားဝင် စတင်​ကြောင်း ငါ ကြေညာတယ်"

ဖျင်ရီရှန်းက ကျယ်လောင်စွာ ပြောဆိုလိုက်ပြီးနောက် ရင်ပြင်၏ လေထုထဲတွင် ကျယ်လောင်သော ခေါင်းလောင်းသံတစ်သံ မြည်လာသည်။

ခေါင်းလောင်းသံ မြည်လာသော အချိန်တွင် အဂ္ဂိရတ်သခင် အားလုံးသည် တစ်ချိန်တည်းမှာပင် ဆေးမီးဖိုကို ထုတ်ယူကာ ဆေးသန့်စင်ခြင်းကို စတင်လိုက်ကြ၏။

ကျန်းချန် သည်လည်း ချွင်းချက်မရှိချေ။

သူက သိုလှောင်အိတ်ထဲကနေ ဆေးမီးဖိုကို အလျင်အမြန် ထုတ်ယူလိုက်ပြီး လက်တစ်ဖက်ဖြင့် မီးဖိုကို အပူချိန်ညှိကာ ကျန်တစ်ဖက်ဖြင့် ဆေးဖက်ဝင် ပစ္စည်းများကို စတင် ကိုင်တွယ်လိုက်သည်။

သုံးမိနစ် မပြည့်မီမှာပင် ကျန်းချန်သည် မူလဝိညာဥ် ဆေးလုံးကို သန့်စင်ရန် အတွက် ဆေးဖက်ဝင် ပစ္စည်း အားလုံးကို ဆေးမီးဖို ထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်သည်။

ကျန်းချန်၏ လှုပ်ရှားမှုကို မြင်သောအခါ ပွဲကို လာရောက်ကြည့်ရှုသော ရင်ပြင်ထဲရှိ ပရိသတ်များ အပြင် ကျန်းချန်၏ ပတ်ဝန်းကျင်တွင် ယှဉ်ပြိုင်နေသော အဂ္ဂိရတ်သခင်များပင် အံ့အားသင့်သွားကြသည်။

၎င်းတို့က လုပ်လက်စအလုပ်များကို မေ့လျော့ကာ တခဏမျှ မှင်တက်သွားခဲ့၏။

"ငါ... ငါ အမြင်မှောက်နေတာလား"

"ဒီကောင်က တကယ်ပဲ မူလဝိညာဥ် ဆေးလုံးကို သန့်စင်ဖို့ ဆေးဖက်ဝင် ပစ္စည်း အားလုံးကို ဆေးမီးဖိုထဲ ထည့်လိုက်တာလား"

"ဆေးဖက်ဝင် ပစ္စည်း ကိုးမျိုးကို အတူတကွ သန့်စင်နေပေမဲ့ သူ့ရဲ့ ဆေးမီးဖိုက အရမ်း တည်ငြိမ်နေတယ်.. မီးဖိုပေါက်ကွဲမဲ့ လက္ခဏာလည်း မရှိဘူး.. ဒါ.. ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ကျန်းချန်၏ အဂ္ဂိရတ်သန့်စင်သည့် မြင်ကွင်းသည် သူ့ ပတ်ဝန်းကျင်မှ တခြားသော အဂ္ဂိရတ်သခင် တို့ကို အံ့သြစေရုံတင်မက ဖျင်ရီရှန်း၏ အိုမင်းသော မျက်လုံးတို့ကိုပင် ဖုံးဖိ၍မရအောင် အံ့သြတုန်လှုပ်မှုများ ပြည့်နှက်စေ၏။

အဂ္ဂိရတ် လုပ်ငန်းစဉ်သည် ဖြည်းဖြည်းချင်းသာ လုပ်ဆောင်ရသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။

ယေဘုယျအားဖြင့် အဂ္ဂိရတ်သခင်သည် ဆေးလုံးကို သန့်စင်သောအခါတွင် ပစ္စည်းများကို တစ်ဆင့်ချင်း ဆေးမီးဖိုထဲသို့ ထည့်ရသည်။

ထို့အပြင် ပစ္စည်းများကို ထည့်ရာတွင်လည်း အထူး သတိထားပြီး လုပ်ဆောင်ရ၏။

မဟုတ်ပါက အနည်းငယ် ပေါ့ဆသည်နှင့် မီးဖိုပေါက်ကွဲသော ရလဒ်ကို ရရှိလိမ့်မည် ဖြစ်သည်။

သို့သော်လည်း သူတို့ရှေ့မှ ကောင်လေးသည် ဆေးဖက်ဝင် ပစ္စည်း အားလုံးကို တစ်ပြိုင်နက်ထဲ မီးဖိုထဲသို့ ထည့်လိုက်၏။

ကျန်းချန်က ဆေးဖက်ဝင်ပစ္စည်း များကို ဤကဲ့သို့ ထည့်လိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။

ဤနည်းလမ်းသည် အဂ္ဂိရတ်နှင့် ပတ်သက်သော သူတို့၏ နားလည်မှုကို လုံးဝ ပြောင်းလဲပစ်လိုက်သည်။

ကျန်းချန်သည် ပတ်ဝန်းကျင်မှ လူတိုင်း၏ အံ့သြ တုန်လှုပ်မှုကို သဘာဝကျစွာပင် လျစ်လျူရှုခဲ့သည်။

သန့်စင်ရန်အတွက် ဆေးမီးဖိုထဲသို့ ဆေးဖက်ဝင် ပစ္စည်းများကို ထည့်ပြီး ငါးမိနစ်၊ ခြောက်မိနစ်ခန့် ကြာပြီးနောက်တွင် ဆေးလုံးကို စတင် သိပ်သည်းလိုက်တော့သည်။

ဆယ်မိနစ်အကြာမှာပင် ကျန်းချန်သည် မူလဝိညာဥ် ဆေးလုံးကို အောင်မြင်စွာ သန့်စင်လိုက်သည်။

ဆယ်မိနစ်။

ကျန်းချန်က မူလဝိညာဥ် ဆေးလုံးကို သန့်စင်ရန် ဆယ်မိနစ်သာ ကြာမည်ဟု သူတို့က မည်သည့်အခါမျှ မတွေးထားပေ။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းသည် ယခင်တင်ရှိထားသည့် စံချိန်မှတ်တမ်းကို လုံးဝ ချိုးဖျက်သွားခဲ့သည်။

ပို၍ အံ့သြစရာကောင်းသည်မှာ ကျန်းချန်၏ သန့်စင်မှုသည် ဆေးနန်းတော်၏ စံချိန်မှတ်တမ်းထက် ပိုမြင့်သော တတိယအဆင့်၊ အဆင့်မြင့် ဆေးလုံး ဖြစ်နေခြင်းပင်။

ဤအချိန်၌ ရင်ပြင်ထဲရှိ မရေမတွက်နိုင်သော အဂ္ဂိရတ်သခင်များသည် အသက်ရှူဖို့ပင် မေ့လျော့နေကြသည်။

ကျန်းချန်ကို ကြည့်နေသော ၎င်းတို့၏ မျက်လုံးထဲတွင် အံ့သြ တုန်လှုပ်မှုများ အထင်းသား ဖြစ်ပေါ်နေခဲ့၏။

ဤကောင်လေးသည် ကြယ်ကိုးပွင့် အဂ္ဂိရတ်ပါရမီ ရှိသည့် မွန်းစတားတစ်ကောင် ဖြစ်ထိုက်သည် မဟုတ်ပါလား။

အခန်း(၃၃၁) ပြီး၏

All Chapters