← Chapters

အခန်း (၃၃၂)

Vol. 23 Ch. 332

အခန်း (၃၃၂)

Vol. 23 Ch. 332

"ဝိုး.. ဒီကောင်လေးရဲ့ အဂ္ဂိရတ်စွမ်းရည်က အရမ်းကြမ်းတာပဲ"

"သူ့ရဲ့ ဆေးလုံးသန့်စင်တဲ့ နည်းစနစ်က လုပ်ငန်းစဉ် တစ်ခုလုံးရဲ့ ကြာချိန်ကို တစ်ဝက်ထက် ပိုပြီး လျှော့ချလိုက်သလိုပဲ"

"ငါတို့တွေ မသိနားမလည်ဘဲ လှောင်ပြောင်ခဲ့မိတာ အရမ်းရှက်ဖို့ကောင်းတယ်"

"ဒီကောင်လေးက အပြောသမားသက်သက် မဟုတ်ဘူးပဲ"

လူတိုင်းက တခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင် တအံတသြ ရေရွတ်လိုက်ကြ၏။

ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော အာမေဍိတ်သံများသည် အဂ္ဂိရတ် လုပ်ငန်းစဥ် ထဲတွင် လုံးဝ စိတ်နှစ်မြုပ်နေသော ကျီယွင်ကိုပါ အံ့အားသင့်စရာ ဖြစ်လာစေခဲ့သည်။

သူက ရုတ်တရက် ခေါင်းကို မော့ကာ ကျန်းချန်ကို ကြည့်လိုက်သည်။

ထိုအခါ ကျန်းချန်၏ လက်ထဲမှ မူလဝိညာဥ် ဆေးလုံးကို မြင်လျှင် သူ၏ တစ်ကိုယ်လုံးသည် ချက်ချင်းပင် တောင့်တင်းသွားခဲ့သည်။

ဆယ်မိနစ်။

ဆယ်မိနစ်အတွင်း သူက ဆေးသန့်စင်သော လုပ်ငန်းစဉ်၏ တစ်ဝက်သာ ရောက်သေးသည်။

သို့သော်လည်း ကျန်းချန်သည် မူလဝိညာဥ် ဆေးလုံးကို သန့်စင်ပြီးပြီ ဖြစ်၏။

"ဒါ.. ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

"ဒီကောင်က မူလဝိညာဥ် ဆေးလုံးကို ဒီလောက်ထိ မြန်မြန် ဘယ်လို သန့်စင်နိုင်တာလဲ"

ကျီယွင်က မယုံကြည်နိုင်သော လေသံဖြင့် ရေရွတ်လိုက်သည်။

ဤပထမအဆင့် စတင်သည်နှင့် ကျီယွင်သည် မူလဝိညာဥ် ဆေးလုံးကို သန့်စင်ရန်အတွက် စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားခဲ့သည်။

သူက မူလဝိညာဥ် ဆေးလုံးကို အရင် သန့်စင်နိုင်ရန် အစွမ်းကုန် ကြိုးစားပြီး ကျန်းချန်၏ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်နှက်ရန် စီစဉ်ထားသည်။

သို့သော်လည်း သူ ဘယ်လိုမှ မတွေးထားမိသည်မှာ ကျန်းချန်၏ အမြန်နှုန်းသည် အလွန်တရာ နတ်ဆိုးဆန်လွန်းနေခြင်းပင်။

ဤပထမအဆင့် ပြိုင်ပွဲတွင် သူသည် ကျန်းချန်၏ လုံးဝ အနိုင်ကျင့်မှုကို ခံရပြီး အမှိုက်ပုံအဖြစ် ပြောင်းလဲခံလိုက်ရသည်။

"ဝုန်း"

ကျီယွင်က သူ၏ ရှေ့မှ တုန်လှုပ်စရာ မြင်ကွင်းကြောင့် အံ့အားသင့်နေသော အချိန်မှာပင် သူ၏ ရှေ့ရှိ ဆေးမီးဖိုသည် သူ၏ ရပ်တန့်မှုကြောင့် ချက်ချင်းဆိုသလို ပေါက်ကွဲသွားခဲ့သည်။

ကျီယွင်က မှင်တက်နေရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် သူ၏ မျက်နှာသည် ပိုပြီး အကျည်းတန်လာခဲ့၏။

သူက အသက်ကို ခပ်ပြင်းပြင်းရှူကာ သူ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး မူလဝိညာဥ် ဆေးလုံးကို အမြန်ဆုံး ပြန်လည် သန့်စင်နိုင်ရန် စတင်လိုက်သည်။

ဤအဂ္ဂိရတ်ပြိုင်ပွဲတွင် ပထမနေရာသည် သူ့အတွက် အလွန် အရေးကြီး၏။

မည်သို့ပင်ဖြစ်စေ၊ သူသည် မူလဝိညာဥ် ဆေးလုံးကို အရင် သန့်စင်ပြီး နောက်တစ်ဆင့် ပြိုင်ပွဲထဲကို ဝင်ရောက်အောင် လုပ်ရပေမည်။

တခြား ပြိုင်ပွဲဝင် အချို့သည်လည်း ၎င်းတို့၏ ပျံ့လွင့်နေသော စိတ်ကို ထိန်းချုပ်ပြီး ဆေးသန့်စင်ခြင်းကို ဆက်လက် လုပ်ဆောင်ရန် စတင်လိုက်ကြသည်။

ဤတစ်ခေါက် အဂ္ဂိရတ်ပြိုင်ပွဲတွင် ပါဝင်ရန် လာသော သူများထဲတွင် တတိယအဆင့် အခြေခံ နှင့် တတိယအဆင့် အလယ်အလတ် အဂ္ဂိရတ်သခင် အတော်များများ ရှိ၏။

သူတို့က တတိယအဆင့်၊ အဆင့်မြင့် ဆေးလုံးကို သန့်စင်ခြင်းနှင့် ပတ်သက်ပြီး မည်သည့်အခါမျှ မထိတွေ့ဖူးပေ။

ထို့ကြောင့် ဆေးပစ္စည်း သုံးစုံစာကို အသုံးပြုပြီးလျှင်ပင် ၎င်းတို့သည် အဆုံးသတ်တွင် မူလဝိညာဥ် ဆေးလုံးကို မသန့်စင်နိုင်ခဲ့ပေ။

ဤသို့ဖြင့် သူတို့သည် တိုက်ရိုက် ဖယ်ရှားခံလိုက်ရသည်။

တစ်နာရီလောက်အကြာတွင် ပထမအဆင့်သည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။

အဂ္ဂိရတ်ပြိုင်ပွဲကို လာရောက်ယှဥ်ပြိုင်သော ရာချီသည့် အဂ္ဂိရတ်သခင်များသည် ဒုတိယအဆင့်ကို အောင်မြင်စွာ တက်ရောက်သွားကြ၏။

သို့သော် လူတစ်ရာခန့်ကမူ မတက်ရောက်နိုင်ခဲ့ပေ။

"အဂ္ဂိရတ်ပြိုင်ပွဲရဲ့ ပထမအဆင့်က ပြီးသွားပါပြီ.. ဒုတိယအဆင့်ကို အောင်မြင်စွာ တက်ရောက်ခဲ့တဲ့ လူတိုင်းကို ဂုဏ်ပြုပါတယ်"

"ဒုတိယအဆင့် ပြိုင်ပွဲရဲ့ စစ်ဆေးမှုက ကိုယ်နှစ်သက်တဲ့ ဆေးလုံးကို သန့်စင်ဖို့ပဲ.. ဆေးနန်းတော်က မင်းတို့သန့်စင်ချင်တဲ့ဆေးအတွက် လိုအပ်တဲ့ ပစ္စည်းတစ်စုံစာကို ပြင်ဆင်ပေးမယ်"

"ပြိုင်ပွဲအချိန်က တစ်နာရီပဲ.. တစ်နာရီကြာပြီးရင် မင်းတို့ သန့်စင်ထားတဲ့ ဆေးလုံးရဲ့ အဆင့်အတန်းအလိုက် အဆင့်သတ်မှတ်မှာဖြစ်တယ်.. ထိပ်ဆုံး ဆယ်ယောက် စာရင်းဝင်ရင် ဆေးနန်းတော်ဆီကနေ ကြွယ်ဝတဲ့ ဆုလာဘ်တွေကို ရရှိနိုင်တယ်"

ပထမအဆင့် ပြီးဆုံးပြီးနောက်တွင် ဖျင်ရီရှန်းသည် အပိုစကားများကို မပြောတော့ဘဲ ဒုတိယအဆင့်၏ စည်းမျဉ်းများကို တိုက်ရိုက် ကြေညာလိုက်သည်။

ထို့နောက်တွင် ဖျင်ရီရှန်းသည် ပြိုင်ပွဲဝင်များကို ဒုတိယအဆင့်အတွက် သန့်စင်လိုသော ဆေးလုံးများအား တင်ပြရန် တောင်းဆိုလိုက်၏။

ဆေးနန်းတော်မှ ကြီးကြပ်သူ တစ်ဦးက တင်ပြလာသော ဆေးလုံး အမျိုးအစားကို မှတ်တမ်းယူခဲ့သည်။

ဤအဆင့်တွင် အဂ္ဂိရတ်ပြိုင်ပွဲ၏ ထိပ်ဆုံး ဆယ်ယောက်စာရင်း၌ ပါဝင်နိုင်ရန်အတွက် ပြိုင်ပွဲဝင် အားလုံးနီးပါးသည် သူတို့ အကောင်းဆုံး သန့်စင်နိုင်မည့် ဆေးလုံးများကိုသာ တင်ပြခဲ့ကြ၏။

မကြာခင်မှာပင် ဆေးလုံးကို တင်ပြရန် ကျန်းချန်၏ အလှည့်သို့ ရောက်လာသည်။

ဖျင်ရီရှန်းက ကျန်းချန်ကို ပြုံး၍ ကြည့်လိုက်သည်။

"ကောင်လေး... မင်းရဲ့ အလှည့် ရောက်ပြီ.. ဒီအဆင့်မှာ မင်းဘယ်လိုဆေးလုံးမျိုး သန့်စင်ချင်လဲ"

ကျန်းချန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"ကျွန်တော် ဟွန်ယွမ်ရွှေဆေးလုံးကို သန့်စင်မယ် အကြီးအကဲ"

အခန်း(၃၃၂) ပြီး၏

All Chapters