← Chapters

အခန်း (၃၃၃)

Vol. 23 Ch. 333

အခန်း (၃၃၃)

Vol. 23 Ch. 333

"ဒီကောင်လေးက ဟွန်ယွမ် ရွှေဆေးလုံးကို သန့်စင်ချင်တာလား"

ကျန်းချန်၏ အ​ဖြေကိုကြားသည်နှင့် ပတ်ဝန်းကျင်မှ အဂ္ဂိရတ်သခင် အားလုံးသည် ဆူညံသွားကြသည်။

"ငါ... ငါ နားကြားမှားတာလား.. ဒီကောင်လေးက တကယ်ပဲ ဟွန်ယွမ် ရွှေဆေးလုံးကို သန့်စင်ချင်တယ်လား"

"ဟွန်ယွမ် ရွှေဆေးလုံးက ပဉ္စမအဆင့်၊ အဆင့်မြင့် ဆေးလုံးပဲ"

ပဉ္စမအဆင့်၊ အဆင့်မြင့် ဟွန်ယွမ် ရွှေဆေးလုံး။

ထိုဆေးလုံးသည် စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်အဆင့် ကျင့်ကြံသူ၏ခွန်အားကို အဆင့်တစ်ခုထိ မြှင့်တင်ပေးနိုင်သော ဆေးလုံး ဖြစ်သည်။

ဤကဲ့သို့ ဆေးလုံးမျိုးသည် ပဉ္စမအဆင့် ဆေးလုံး အမျိုးအစားထဲတွင် သန့်စင်ရန် အခက်ခဲဆုံးပင်။

ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် ဖြစ်နေလျှင်ပင် တစ်ကြိမ်တည်းနှင့် သန့်စင်ရန် မသေချာပေ။

သိထားရမည်မှာ ဤဒုတိယအဆင့်သည် ဆေးပစ္စည်းတစ်စုံစာသာရရှိထား၍ အခွင့်အရေး တစ်ကြိမ်သာ ရှိခြင်း ဖြစ်၏။

သန့်စင်ထားသော ဆေးလုံး အဆင့်အတန်းက ပိုမြင့်လေ ထိပ်ဆုံး ဆယ်ယောက်စာရင်းထဲကို ဝင်ရောက်နိုင်ရန် ပို၍ မျှော်လင့်နိုင်သော်လည်း တစ်ကြိမ်ထဲဖြင့် သန့်စင်ရမည် ဖြစ်သည်။

တစ်ကြိမ် ကျရှုံးပါက ထိပ်ဆုံး ဆယ်ယောက်ထဲကို ဝင်ရောက်နိုင်မည့် အခွင့်အရေးအား လုံးဝ ဆုံးရှုံးခြင်းနှင့် အတူတူပင်။

ထို့ကြောင့် ဆေးလုံး သန့်စင်ရာတွင် သေချာစေရန်အတွက် လူအများစုသည် ၎င်းတို့ သန့်စင်နိုင်သော အဆင့်ထက် တစ်ဆင့်နိမ့်သော ဆေးလုံးများကိုသာ သန့်စင်ရန် ရွေးချယ်ခဲ့ကြသည်။

၎င်းတို့က ပဥ္စမအဆင့် စီနီယာ အဂ္ဂိရတ်သခင် ဖြစ်သည့် ကျန်းချန်အနေဖြင့် ပဉ္စမအဆင့် အလယ်အလတ် ဆေးလုံးကို ရွေးချယ်လိမ့်မည်ဟု ထင်ခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ဤအဂ္ဂိရတ်ပြိုင်ပွဲတွင် ကျန်းချန်အတွက် တစ်ခုတည်းသော ခြိမ်းခြောက်မှုသည် ကျီယွင်သာ ဖြစ်ပေသည်။

ထို့အပြင် ကျီယွင်သည် ပဉ္စမအဆင့် ဂျူနီယာ အဂ္ဂိရတ်သခင် တစ်ဦးသာ ဖြစ်၍ ကျန်းချန်က ပဉ္စမအဆင့် အလယ်အလတ် ဆေးလုံးကို သန့်စင်လျှင်ပင် ဤပြိုင်ပွဲတွင် ပထမနေရာကို အေးဆေးစွာ အနိုင်ရလိမ့်မည် မဟုတ်လော။

သို့သော် ကျန်းချန်က တစ်ဆင့်နိမ့်သည့် ဆေးလုံးကို မရွေးချယ်ရုံတင်မက သန့်စင်ရန် အခက်ခဲဆုံး ဆေးလုံးကိုပါ ရွေးချယ်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ပေ။

"ဟမ့်.. ဒါက တကယ်ကို ယုံကြည်မှုလွန်ကဲနေတာပဲ"

"ဒါလည်းကောင်းတာပဲ.. ဒီကောင် ဆေးသန့်စင်ရာမှာ ကျရှုံးသရွေ့ ငါက အဂ္ဂိရတ်ပြိုင်ပွဲရဲ့ နံပါတ်တစ် ဖြစ်လာလိမ့်မယ်"

ကျီယွင်သည် စိတ်ထဲကနေ ပြုံးလိုက်သည်။

ဟွန်ယွမ် ရွှေဆေးလုံးက မည်သို့သော ဆေးလုံးမျိုးလဲ ဆိုသည်ကို သူ တိတိကျကျ သိပေသည်။

ကျန်းချန်က ပဉ္စမအဆင့် စီနီယာ အဂ္ဂိရတ်သခင် ဖြစ်နေလျှင်ပင် ဟွန်ယွမ် ရွှေဆေးလုံးကို တစ်ကြိမ်တည်းနှင့် သန့်စင်နိုင်မည်ဟု သူမယုံကြည်ပေ။

"တကယ်ကို ယုံကြည်မှု မြင့်မားတဲ့ ကောင်လေးပဲ"

ဖျင်ရီရှန်း၏ မျက်လုံးများက လင်းလက်သွားခဲ့သည်။

ကြီးကြပ်သူက ပြိုင်ပွဲဝင်များ သန့်စင်ရန် လိုအပ်သော ဆေးလုံးများကို မှတ်တမ်းယူရန် ဆက်လက် လုပ်ဆောင်နေခဲ့၏။

အလွန် လျင်မြန်စွာပင် ကျီယွမ် ရွေးချယ်ရမည့် အလှည့်သို့ ရောက်လာသည်။

ကျီယွင်က ကျင့်ကြံသူ၏ စွမ်းအားကို အမြန် ပြန်လည်ရရှိစေနိုင်သည့် ပဉ္စမအဆင့် အခြေခံ ဆေးလုံးဖြစ်သော ဟွေယွမ်ထျန် ဆေးလုံးကို ရွေးချယ်လိုက်သည်။

ပြိုင်ပွဲဝင်များ သန့်စင်လိုသော ဆေးလုံးများကို စာရင်းကောက်ပြီးနောက်တွင် ဖျင်ရီရှန်းသည် ဆေးနန်းတော်မှ လူများကို လိုအပ်သည့် ဆေးဖက်ဝင် ပစ္စည်းများ ပြင်ဆင်ရန် တိုက်ရိုက် အမိန့်ပေးလိုက်သည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင် ဆေးနန်းတော်သည် ဆေးဖက်ဝင် ပစ္စည်းများကို ပြိုင်ပွဲဝင် အားလုံးထံ ဝေငှပေးလိုက်၏။

ဖျင်ရီရှန်းက တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်သည်။

"သန့်စင်ဖို့လိုအပ်တဲ့ ပစ္စည်းတွေ အမှားအယွင်း ရှိမရှိ စစ်ဆေးဖို့ ငါမင်းတို့ကို ငါးမိနစ် အချိန်ပေးမယ်"

သူ၏ စကားကို ကြားပြီးနောက်တွင် လူတိုင်းသည် မိမိတို့ သန့်စင်မည့် ဆေးလုံး၏ ဆေးပစ္စည်း တစ်စုံစာကို စစ်ဆေးလိုက်ကြသည်။

ငါးမိနစ်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့၏။

ဖျင်ရီရှန်းက မည်သူမှ အမှားကို တင်ပြခြင်း မတွေ့သောကြောင့် ပြိုင်ပွဲ စတင်ကြောင်း ကြေညာလိုက်သည်။

မကြာခင်မှာပင် အဂ္ဂိရတ်သခင် အတော်များများသည် အဂ္ဂိရတ်ကို စတင် လုပ်ဆောင်ခဲ့ကြသည်။

"ကျန်းချန်.. မင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသားပဲ.. မင်းက ပဥ္စမအဆင့်၊ အဆင့်မြင့် ဆေးလုံးကို သန့်စင်ဖို့ အတွက် ရွေးချယ်ရဲတယ်.. ယုံကြည်မှု လွန်ကဲလွန်းတာကလည်း ကျရှုံးမှုကို ဖြစ်စေနိုင်တာ မင်းသိရဲ့လား"

လူတိုင်းက အဂ္ဂိရတ်လုပ်ရန် စတင်နေသော အချိန်တွင် ကျီယွင်သည် ကျန်းချန်ကို လှောင်ပြောင်နေခဲ့သည်။

ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောဆိုလိုက်သည်။

"မင်းက ပဉ္စမအဆင့်၊ အခြေခံဆေးလုံးဖြစ်တဲ့ ဟွေယွမ်ထျန်ဆေးလုံးကို သန့်စင်ဖို့ ရွေးချယ်ခဲ့တာ မဟုတ်လား"

"ဟားဟား.. အဟုတ်ပဲ.. ငါက ပဉ္စမအဆင့် အခြေခံ ဆေးလုံးကို ရွေးချယ်ခဲ့တယ်.. ဘာကြောင့်လဲဆိုတော့ ငါက တစ်ကြိမ်တည်းနဲ့ သန့်စင်ဖို့ အောင်မြင်မယ် ဆိုတာကို လုံးဝ သေချာလို့ပဲ"

"ဒီအဂ္ဂိရတ်ပြိုင်ပွဲမှာ ငါက ပထမနေရာအတွက် အနိုင်ရဖို့ သေချာသလောက်ပဲ.. မင်းက ငါ့မှာ ဘာပြင်ဆင်မှုမှ မရှိဘူးလို့ ထင်နေတာလား"

ကျီယွင်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။

ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်ရာ စိမ်းပြာရောင် တောက်ပနေသော ဆေးမီးဖိုတစ်ခုသည် သူ၏ ရှေ့တွင် ဘွားခနဲ ပေါ်လာခဲ့သည်။

အခန်း(၃၃၃) ပြီး၏

All Chapters