← Chapters

အခန်း (၃၃၅)

Vol. 23 Ch. 335

အခန်း (၃၃၅)

Vol. 23 Ch. 335

ကျန်းချန်၏ မထင်မှတ်သော စွမ်းဆောင်ရည်သည် ပတ်ဝန်းကျင်မှ လူတိုင်းကို လျှပ်စီးဖြင့် တို့လိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။

"ဒီကောင်လေးရဲ့ အဂ္ဂိရတ် စွမ်းရည်က ငါ့ အမြင်တွေကို ဆန်းသစ်စေခဲ့တယ်"

ယခုလေးတင် ပထမအဆင့်တွင် ကျန်းချန်သည် မူလဝိညာဥ် ဆေးလုံးကို သန့်စင်ရန် ပါဝင်ပစ္စည်း ကိုးခုကို အတူတကွ သန့်စင်ခဲ့သည်။

ဤကဲ့သို့ အပြုအမူသည် ကမ္ဘာကို တုန်လှုပ်စေရန် လုံလောက်သည်။

သို့သော် ၎င်းတို့ မည်သည့်အခါမျှ တွေးမထားမိသည်မှာ ဤအဆင့်တွင် ကျန်းချန်၏ အဂ္ဂိရတ် စွမ်းရည်သည် ၎င်းတို့၏ အမြင်ကို ပို၍ ဆန်းသစ်စေခြင်းပင်။

"လက်တစ်ဖက်က အဂ္ဂိရတ် လုပ်ပြီး ကျန်လက်တစ်ဖက်က ဆေးမီးဖိုမှာ အကင် ကင်နေတာလား"

အံ့သြစရာအကောင်းဆုံးအရာမှာ ကျန်းချန်၏ ဤကဲ့သို့ လုပ်ဆောင်မှုသည် အဂ္ဂိရတ်လုပ်ငန်းစဥ်ကို မထိခိုက်စေခြင်းပင်။

ဤကောင်လေးသည် ပဉ္စမအဆင့်၊ အဆင့်မြင့် ဆေးလုံး ဖြစ်သည့် ဟွန်ယွမ် ရွှေဆေးလုံးကို သန့်စင်နေခဲ့သည်။

မည်သည့် အဂ္ဂိရတ်သခင် အတွက်မဆို ဆေးလုံး၏ အဆင့်အတန်း ပိုမြင့်လေ သန့်စင်ရန် ပိုခက်ခဲလေ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အဆင့်မြင့် ဆေးလုံးကို သန့်စင်ရာတွင် ပါဝင်သော ဆေးဖက်ဝင် ပစ္စည်းများ၏ ဆေးစွမ်းအားသည် ပိုပြီး ကြောက်စရာကောင်းသောကြောင့်ပင်။

အပူချိန်ကို ကောင်းစွာ မထိန်းချုပ်နိုင်လျှင် မီးဖိုပေါက်ကွဲခြင်းသည် သေချာပေါက် ဖြစ်စေလိမ့်မည်။

ထို့ကြောင့်ပင် ယေဘုယျအားဖြင့် အဂ္ဂိရတ်သခင်များသည် အဆင့်မြင့် ဆေးလုံးကို သန့်စင်သော အခါတွင် အာရုံစူးစိုက်မှုကို အမြင့်ဆုံး ထားရှိရသည်။

သို့သော် သူတို့ ရှေ့မှ ကလေးကမူ အဂ္ဂိရတ် လုပ်နေသောအချိန်မှာပင် အကင်ကင်နေခဲ့ရာ အမှန်တကယ်ပင် စိတ်တစ်ခုဖြင့် အလုပ်နှစ်ခုကို လုပ်နိုင်သည်ဟု ဆိုရပေတော့မည်။

အဂ္ဂိရတ်သခင် တစ်ယောက်က ကိုယ့်အဆင့်အတန်းနှင့် တူညီသော အဆင့်ရှိသည့် ဆေးလုံးကို သန့်စင်ရင်း လုပ်ချင်တာမှန်သမျှအား ပေါ့ပေါ့ပါးပါး လုပ်နိုင်သည်ကို သူတို့က ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

"ဒီစွမ်းဆောင်ရည်က လုံးဝကို နတ်ဆိုးဆန်လွန်းတယ်"

"ကောင်းလိုက်တဲ့ ထိန်းချုပ်နိုင်စွမ်းပါလား.. ဒီကောင်လေးက အဂ္ဂိရတ် အတွက် မွေးဖွားလာတဲ့ မွန်းစတား တစ်ကောင်ပဲ"

ဖျင်ရီရှန်းသည်လည်း ကျန်းချန်၏ စွမ်းဆောင်ရည်ကြောင့် အံ့အားသင့်သွားသည်။

သူက ကျန်းချန်ကို အံ့အားသင့်စွာ ကြည့်ပြီး ပါးစပ်ကနေ ခပ်တိုးတိုး မရေရွတ်ဘဲ မနေနိုင်ခဲ့ပေ။

ဤကောင်လေးသည် အသက်၁၆နှစ်သာ ရှိသေးသော်လည်း အဂ္ဂိရတ် ပညာရပ်တွင် သူ့လို သတ္တမအဆင့် အဂ္ဂိရတ် သခင်ပင် လိုက်မမီနိုင်သော အပိုင်းများ ရှိပေသည်။

ကျန်းချန်သည် လူတိုင်း၏ အံ့အားသင့်မှုကို ဂရုစိုက်မနေခဲ့ပေ။

ခဏအကြာတွင် သူကင်ထားသည့် အသားက ကျက်သွားခဲ့၏။

ကျန်းချန်က လက်ထဲတွင် အသားကင်ကို ကိုင်ကာ ဝါးနေရင်း ဆေးမီးဖိုကို ဆက်လက် ထိန်းချုပ်နေခဲ့သည်။

သူ၏ သက်သောင့်သက်သာရှိသော အသွင်အပြင်သည် လူတိုင်းကို နှုတ်ခမ်းများပင် ရွဲ့မလို ဖြစ်စေခဲ့၏။

သူတို့သာ သူတို့၏ မျက်လုံးနှင့် တပ်အပ် မမြင်ရလျှင် ကျန်းချန်သည် ဤအချိန်တွင် ပဉ္စမအဆင့်၊ အဆင့်မြင့် ဆေးလုံးကို သန့်စင်နေသည်ဟု ဘယ်လိုမှ ထင်မိမည် မဟုတ်ပေ။

အချိန်က အနည်းငယ် ကုန်ဆုံးသွားပြန်သည်။

ဒုတိယအဆင့်၏ အချိန်တစ်ဝက်ကို အလျင်အမြန် ဖြတ်သန်းသွားသည်။

ဤကာလအတွင်း အဂ္ဂိရတ် လုပ်ငန်းစဉ်တွင် အမှားအယွင်းများကြောင့် ပြိုင်ပွဲဝင် အတော်များများသည် တိုက်ရိုက် ဖယ်ရှားခံလိုက်ရသည်။

ကျန်ရှိသော ပြိုင်ပွဲဝင်များထဲမှ အများစုသည် စတုတ္ထအဆင့် ဆေးလုံးကို သန့်စင်နေခဲ့ကြ၏။

ပဉ္စမအဆင့်၊ အခြေခံ ဆေးလုံးကို သန့်စင်နေသော ကျီယွင်ပင် ဆေးသန့်စင်ခြင်းကို မကြာမီ အဆုံးသတ်နိုင်တော့မည် ဖြစ်သည်။

ကျီယွမ်၏ သန့်စင်မှုသည် ဤတစ်ခေါက်တွင် အလွန်တရာ ချောမွေ့နေခဲ့ပြီး ဘာပြဿနာမှ မကြုံတွေ့ရဘဲ ဆေးဖက်ဝင် ပစ္စည်းများကို မီးဖိုထဲ ထည့်နိုင်ခဲ့သည်။

ထို့နောက်တွင် ကျီယွင်သည် ဆေးလုံးသိပ်သည်းသည့် နည်းစနစ်ကို ကျွမ်းကျင်စွာ ပြသလိုက်သည်။

မိနစ်အနည်းငယ်လောက် ကြာပြီးနောက်တွင် သူသည် ပဉ္စမအဆင့် အခြေခံ ဆေးလုံးဖြစ်သည့် ဟွေယွမ်ထျန် ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲသည်။

ကျီယွင်က ဝင့်ကြွားသော အမူအရာဖြင့် ဆေးမီးဖိုထဲမှ ဟွေယွမ်ထျန် ဆေးလုံးကို ထုတ်ယူလိုက်သည်။

သူက ပတ်ဝန်းကျင်မှ လူတိုင်း၏ တအံတသြ ရေရွတ်သံကို လက်ခံရတော့မည်ဟု မျှော်လင့်ထားသော်လည်း မည်သည့်အသံမှ ထွက်မလာခဲ့ချေ။

ကျီယွင်က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူက ရုတ်တရက် ခေါင်းကို မော့၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ပတ်ဝန်းကျင်မှ လူတိုင်းသည် သူ၏ ဘေးမှ ဦးတည်ရာ ဆီသို့ အံ့အားသင့်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဤဦးတည်ရာသည် အံ့သြစရာကောင်းလောက်အောင်ပင် ကျန်းချန် ရှိသော ဦးတည်ရာ ဖြစ်နေ၏။

ကျီယွင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။

သူက လူတိုင်း၏ အကြည့်နောက်ကို အမြန် လိုက်ကြည့်လိုက်သည်။

ထိုအခါ ကျန်းချန်က ဆေးလုံးကို သန့်စင်နေရင်း အသားကင် စားနေသည်ကို မြင်လိုက်ရလျှင် သူ၏ တစ်ကိုယ်လုံးသည် ချက်ချင်းပင် ထိုင်းမှိုင်းသွားခဲ့သည်။

အခန်း(၃၃၅) ပြီး၏

All Chapters