အခန်း (၃၃၆)
Vol. 23 Ch. 336
"မဖြစ်နိုင်ဘူး.. ဒါက လုံးဝ မဖြစ်နိုင်ဘူး"
ကျီယွင်က ထိုမြင်ကွင်းကို မယုံနိုင်စွာ စိုက်ကြည့်နေပြီး လူတစ်ကိုယ်လုံးက ရူးတော့မလို ဖြစ်နေသည်။
"ဒီကောင်က တကယ်ပဲ အသားကင်နေရင်း အဂ္ဂိရတ်ကို လုပ်ဆောင်နေတာလား"
"ဒါက တကယ်ပဲ ပဉ္စမအဆင့်၊အဆင့်မြင့် ဆေးလုံးဖြစ်တဲ့ ဟွန်ယွမ် ရွှေဆေးလုံးကို သန့်စင်နေတာရော ဟုတ်ရဲ့လား"
"သတ္တမအဆင့် အဂ္ဂိရတ်သခင် ဖျင်ရီရှန်းတောင် ဟွန်ယွမ် ရွှေဆေးလုံးကို သန့်စင်တဲ့ လုပ်ငန်းစဉ်မှာ ဒီလောက်ထိ မစွမ်းဆောင်နိုင်မှာ ငါစိုးရိမ်မိတယ်"
ကျီယွင်က သူ့အကြည့်များကို မယုံနိုင်ခဲ့ပေ။
သူက သူ့ခြေထောက်ကို ပြင်းပြင်းထန်ထန် ဆွဲဆိတ်ကြည့်လိုက်ရာ ပြင်းထန်သော နာကျင်မှုသည် ချက်ချင်းပင် သူ့စိတ်ထဲကို စီးဝင်လာသည်။
ဤအချိန်မှသာ ကျီယွင်သည် ဤအရာအားလုံးက အမှန်တရား ဖြစ်မှန်း ယုံကြည်သွားခဲ့သည်။
သူက ကျန်းချန်ကို ထိတ်လန့်တကြား ကြည့်လိုက်၏။
သူ၏ အမူအရာကလည်း ချက်ချင်းပင် အကျည်းတန်သွားခဲ့သည်။
သူက ဤအဂ္ဂိရတ်ပြိုင်ပွဲ အတွက် အလွန် ကောင်းမွန်စွာ ပြင်ဆင်ထားခဲ့၏။
သူက စိတ်ဝိညာဥ် ဆေးမီးဖိုကိုပင် ထုတ်သုံးခဲ့သည်။
သို့သော်လည်း ဤအဂ္ဂိရတ် ပြိုင်ပွဲတွင် ကျန်းချန်လို မွန်းစတားတစ်ကောင်နှင့် တွေ့ဆုံလိမ့်မည်ဟု ကျီယွင် မမျှော်လင့်ထားခဲ့ပေ။
သူက ပဉ္စမအဆင့်၊ အခြေခံ ဆေးလုံးကို သန့်စင်ရန် စိတ်ဝိညာဥ် ဆေးမီးဖိုကို အားကိုးခဲ့ရသည်။
သို့သော် ကျန်းချန်သည် ပဉ္စမအဆင့်၊ အဆင့်မြင့် ဆေးလုံးကို ကိုယ်ပိုင် စွမ်းရည်ကိုသာ အားကိုးခဲ့၍ အလွယ်တကူ သန့်စင်နေခဲ့၏။
ထို့အပြင် ကျန်းချန်၏ တည်ငြိမ်သော အသွင်အပြင်ကို ကြည့်လျှင် ဟွန်ယွမ် ရွှေဆေးလုံးကို သန့်စင်နိုင်ရန်မှာ အချိန်တစ်ခုသာ လိုအပ်တော့မှန်း သိသာနေသည်။
ကျန်းချန်သာ တကယ်ပဲ ဟွန်ယွမ် ရွှေဆေးလုံးကို သန့်စင်နိုင်လျှင် အဂ္ဂိရတ်ပြိုင်ပွဲ၏ ပထမနေရာကို သိမ်းပိုက်မည့် သူ၏ အစီအစဉ်က ကျရှုံးလိမ့်မည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။
"မဖြစ်ဘူး"
"ငါက အဂ္ဂိရတ်ပြိုင်ပွဲမှာ ပထမနေရာကို ရယူပြီး ဆေးနန်းတော်သခင်ရဲ့ အမွေခံ ဖြစ်ရမယ်"
ကျီယွင်၏ မျက်လုံးထဲတွင် အေးစက်သည့် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
သူက ကိုယ်ခံပညာနှင့် အဂ္ဂိရတ်ပညာရပ်တွင် ပါရမီ အလွန် ကောင်းမွန်သော်လည်း ကျီမိသားစုတွင် နောက်ခံ အင်အားမကောင်းပေ။
ထို့ကြောင့် ကျီယွင်က ကျီမိသားစု၏ ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ချင်လျှင် အားကောင်းသည့် ထောက်ပံ့မှုကို ကျိန်းသေ လိုအပ်၏။
သူ့အတွက် ဆေးနန်းတော်က အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်မှာ သံသယ ရှိစရာပင် မလိုပေ။
"ကျန်းချန်.. မင်းရဲ့ အဂ္ဂိရတ် ပညာရပ်ကို ငါ တကယ် အထင်သေးခဲ့တာ ဝန်ခံပါတယ်"
"ဒါပေမယ့် ဒီတစ်ခေါက် အဂ္ဂိရတ် ပြိုင်ပွဲမှာ ပထမနေရာက ငါ့အတွက် အရမ်း အရေးကြီးတယ်"
"မင်းသာ ဟွန်ယွမ် ရွှေဆေးလုံး သန့်စင်တာကို စွန့်လွှတ်ပြီး အဂ္ဂိရတ် ပြိုင်ပွဲရဲ့ ပထမနေရာကို ပေးသရွေ့ ကျီလျန့်ကို သတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျီမိသားစုက မင်းကိုအရေးမယူစေရဘူးလို့ ငါ ကတိပေးတယ်.. ဘယ်လိုလဲ"
ကျီယွင်က အသက်ကို ခပ်ပြင်းပြင်းရှူပြီး နှစ်ကိုယ်ကြား အသံလွှင့်နည်းဖြင့် ကျန်းချန်ကို တိုက်ရိုက် ပြောလိုက်သည်။
ဘယ်လိုပဲ ဖြစ်ဖြစ် သူက အဂ္ဂိရတ် ပြိုင်ပွဲတွင် ပထမနေရာကို ရရှိရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ရပေမည်။
ကျီယွင်၏ အသံလွှင့်မှုကို ကြားလျှင် ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။
သူက ကျီယွင်ကို လှည့်ပင်မကြည့်ဘဲ ဟွန်ယွမ် ရွှေဆေးလုံး၏ နောက်ဆုံး လက်ကျန် ဆေးဖက်ဝင် ပစ္စည်းကို ဆေးမီးဖိုထဲကို တိုက်ရိုက် ထည့်လိုက်၏။
"ကျန်းချန်.. မင်းက ဝိုင်ကောင်းကို သောက်ဖို့ မကြိုးစားဘူး.. မင်းက တကယ်ပဲ ငါတို့ ကျီမိသားစုရဲ့ ရန်သူ အဖြစ်ခံမလို့လား"
ကျန်းချန်က သူ၏ တည်ရှိမှုကို လျစ်လျူရှုပြီး ဆေးလုံးကို ဆက်လက် သန့်စင်နေသည်ကို မြင်လျှင် ကျီယွင်၏ အမူအရာသည် အလွန်ပင် အကျည်းတန်သွားခဲ့၏။
သို့သော် သိပ်မကြာခင် ကျီယွင်သည် ကျန်းချန်ထံမှ တုံ့ပြန်မှုကို ရခဲ့သည်။
ကျန်းချန်၏ မျက်လုံးထဲတွင် စိတ်မရှည်သည့် အကြည့်တစ်ခု ရှိနေခဲ့၏။
သူ၏ လှောင်ပြောင်သောအသံသည် လေထဲတွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။
"ချီးထုပ်ကောင် ကျီယွင်.. မင်းရဲ့ မျက်နှာက တကယ်ကို အရေထူတာပဲ"
"မင်းက အဂ္ဂိရတ် ပြိုင်ပွဲမှာ ပထမနေရာကို ရယူဖို့ စွမ်းရည် မရှိတာ မင်းကိစ္စပဲ... ဘာလို့ ပြိုင်ပွဲရဲ့ ပထမနေရာကို အရှက်မရှိ လာတောင်းနေရတာလဲ"
"ငါ မင်းကို မပေးနိုင်ဘူးကွာ...မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ"
ကျန်းချန်က ထိုသို့ ပြောလိုက်သည့်အခါ ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော လူများ၏ အကြည့်များသည် ကျီယွင်၏ ခန္ဓာကိုယ်ပေါ်ကို ကျရောက်သွားခဲ့သည်။
ထို့အပြင် ဆေးနန်းတော် အရှင်သခင် ဖျင်ရီရှန်း၏ မျက်နှာထက်တွင်လည်း အနည်းငယ် မနှစ်မြို့သော အမူအရာ ရှိနေခဲ့၏။
သူက ကျီယွင်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။
သူ၏ အေးစက်သော အသံသည် ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့၏။
"ကျီယွင်.. မင်းက အဂ္ဂိရတ် ပြိုင်ပွဲဝင်ကို ဝင်ရောက် စွက်ဖက်ဖို့ ဆက်လက် ကြိုးစားနေမယ်ဆိုရင် ဒီနေရာကနေ ထွက်သွားလိုက်တော့"
အခန်း(၃၃၆) ပြီး၏