အခန်း (၃၃၉)
Vol. 23 Ch. 339
အဂ္ဂိရတ် ပြိုင်ပွဲတွင် ဆုလက်ခံရရှိပြီးနောက် ကျန်းချန်သည် ဆေးနန်းတော်တွင် ဆက်လက် မနေထိုင်တော့ပေ။
သူက ဖျင်ရီရှန်းကို နှုတ်ဆက်ကာ အားလုံး၏ အကြည့်အောက်မှာပင် ဆေးနန်းတော်၏ ရင်ပြင်မှ ထွက်ခွာလာခဲ့သည်။
ကျီယွင်က ထွက်ခွာသွားသော ကျန်းချန်၏ နောက်ကျောကို အေးစက်စွာ စိုက်ကြည့်နေခဲ့၏။
ထို့နောက် သူက ဗီအိုင်ပီထိုင်ခုံတွင် ထိုင်နေသော ကျီထျန်းလွေ့ ဆီသို့ စိတ်ပျက်လက်ပျက် အမူအရာဖြင့် လျှောက်သွားလိုက်သည်။
"အရမ်းကြီး စိတ်ဓာတ်ကျမနေပါနဲ့.. ဒီကောင်လေးက စစ်မှန်သော နဂါးနိုင်ငံကမှ မဟုတ်တာ.. သူက မင်းနဲ့ ဆေးနန်းတော် ရာထူးအတွက် ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ပါဘူး"
"ဒီနေ့ မင်း ရှုံးနိမ့်သွားပေမဲ့ အနာဂတ်မှာ ဆေးနန်းတော်ကို ထိန်းချုပ်ဖို့ အခွင့်အရေး မရှိတော့ဘူးလို့ မဆိုလိုဘူးလေ"
အနည်းငယ် စိတ်ဓာတ်ကျနေသော ကျီယွင်ကို ကြည့်ပြီး ကျီထျန်းလွေ့က အားပေးစကား ပြောလိုက်သည်။
"အကြီးအကဲ.. ကျန်းချန်က ဝမ်းကွဲညီလေး ကျီလျန့်ကို သတ်တဲ့ တရားခံဖြစ်ပေမဲ့ ဘာလို့ အကြီးအကဲက အသက် ချမ်းသာပေးခဲ့တာလဲ"
ကျီထျန်လွေ့က သူ့ကိုနှစ်သိမ့်ပေးခဲ့သော်လည်း ကျီယွင်သည်ကျီထျန်းလွေ့ကို အနည်းငယ် မကျေမနပ် ဖြစ်နေခဲ့၏။
လွန်ခဲ့သော သုံးရက်အကြာက သူသည် ကျီလျန့်၏ အလောင်းကို သယ်ကာ ကျီအိမ်တော်သို့ ပြန်လာပြီးနောက် ကျန်းချန်ကို သတ်ရန် ဤအဘိုးကြီး၏ အင်အားကို အသုံးပြုဖို့ မျှော်လင့်ခဲ့သည်။
သို့သော်လည်း ကျီထျန်းလွေ့သည် ကျန်းချန်ကို စာရင်းရှင်းရန် ဒေါသတကြီး ထွက်သွားပြီးမှ အဘယ်ကြောင့်မှန်း မသိ ကျန်းချန်ကို လွှတ်ပေးလိုက်၏။
ထိုသို့ဖြစ်လာမည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။
ကျီထျန်းလွေ့သာ ကျန်းချန်ကို လွှတ်မပေးခဲ့လျှင် ကျန်းချန်သည် ယနေ့ ကျင်းပသည့် အဂ္ဂိရတ်ပြိုင်ပွဲတွင် ပါဝင်ရန် မဖြစ်နိုင်တော့ပေ။
ထိုအတိုင်းသာ ဖြစ်လာလျှင် ကျန်းချန်သည် သူရည်ရွယ်ထားသည့် ပထမနေရာကို ခိုးယူနိုင်မည် မဟုတ်ချေ။
ဆိုရလျှင် ဤအဘိုးကြီးက ကျန်းချန်ကို မသတ်ခဲ့သောကြောင့် ဆေးနန်းတော်ကို ထိန်းချုပ်မည့် သူ၏ အစီအစဉ်က ပျက်စီးသွားရခြင်းပင်။
ကျန်းချန်က ဆေးနန်းတော် အရှင်သခင်ရာထူးကို ငြင်းပယ်လိုက်သော်လည်း ဤပြိုင်ပွဲတွင် ကျန်းချန်သည် သူ့ကို လုံးဝ လွှမ်းမိုးသွားပြီး ဖျင်ရီရှန်း၏ စိတ်နှလုံးသားထဲတွင်လည်း သူနှင့် ပတ်သက်၍ မကောင်းသော အထင်အမြင်ကို ကျန်ရစ်စေခဲ့သည်။
သူက ဆေးနန်းတော် အရှင်သခင် ဖြစ်လိုလျှင် သံသယဖြစ်ဖွယ်ရာမရှိဘဲ ယခင်ထက်ပင် ပို၍ ခက်ခဲလာမည် ဖြစ်၏။
"ဟမ့်.. ငါက လျန့်လေးအတွက် လက်စားချေဖို့ ဒီကောင်လေးကို မသတ်ချင်ဘူးလို့ မင်းထင်နေလား"
"ဒီကောင်လေးက ဘယ်သူလဲဆိုတာ မင်းသိလား.. သူက ထိုက်ရှဂိုဏ်းရဲ့ တပည့်ပဲ"
ကျီထျန်လွေ့က နှာခေါင်းရှုံ့၍ အေးစက်စွာ ပြောလိုက်သည်။
"ထိုက်ရှဂိုဏ်းက မြောက်ပိုင်း တောရိုင်းဒေသရဲ့ ဂိုဏ်းကြီး သုံးဂိုဏ်းထဲက တစ်ဂိုဏ်းပဲ..ထိုက်ရှဂိုဏ်းရဲ့ တပည့်ကို ပေါ်ပေါ်ထင်ထင် သတ်ရင် ဘယ်လို အကျိုးဆက်တွေ ရှိလာနိုင်တယ်ဆိုတာ မင်းသိသင့်တယ်"
"ဒီ.. ဒီကောင်က ထိုက်ရှဂိုဏ်းရဲ့ တပည့်လား.. ဘယ်လို ဖြစ်နိုင်မှာလဲ"
ကျီယွင်သည် ကျီထျန်းလွေ့၏ စကားကို ကြားပြီးနောက် အံ့သြ ထိတ်လန့်သော အရိပ်အယောင်သည် သူ၏ မျက်လုံးများထဲတွင် ဖုံးဖိမရစွာ ပေါ်လာခဲ့၏။
သူက မှင်တက်နေရာကနေ အသိစိတ်ကို ပြန်လည်ရရှိရန် အချိန်အတော်ကြာခဲ့သည်။
"အကြီးအကဲ.. ဒီကလေးက လျန့်လေးကို သတ်ခဲ့တဲ့အပြင် ဆေးနန်းတော်ကို ထိန်းချုပ်မဲ့ ကျွန်တော့်ရဲ့ အစီအစဉ်ကိုလည်း ဖျက်ဆီးလိုက်တယ်.. ကျွန်တော်တို့က ဒီအတိုင်းပဲ မေ့လိုက်ရမှာလား"
"ဟမ့်.. ဒီကောင်က ငါ့မြေးကို သတ်ခဲ့တယ်.. ငါ့မြေးအတွက် လက်စားမချေပေးရင် ငါက ယောက်ျားကောင်း ဘယ်ဟုတ်ပါတော့မလဲ.. ငါသူ့ကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး"
ကျီထျန်းလွေ့၏ အိုမင်းသော မျက်လုံးထဲတွင် အေးစက်သော တောက်ပမှု တစ်ခုသည် ရုတ်တရက် လင်းလက်သွားခဲ့သည်။
၎င်း၏ ပြတ်သားသော အသံသည် ကျီယွင်၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
"ငါတို့က ထိုက်ရှဂိုဏ်းရဲ့ တပည့်တွေကို ပေါ်ပေါ်ထင်ထင် မသတ်နိုင်ရင်တောင် စစ်မှန်သော နဂါးနိုင်ငံမှာ ဒီကောင်လေး ရှိနေသရွေ့ မြှုပ်နှံစရာ နေရာတောင်မရှိဘဲ သေစေနိုင်တဲ့ နည်းလမ်း ရာနဲ့ချီ ငါ့မှာ ရှိတယ်"
.................
ဆေးနန်းတော်မှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် ချင်းဟဲ ဆေးကုသရေးဌာနကို ပြန်ရန် ပြင်နေသောအချိန်တွင် သူ၏ နောက်မှ အလျင်စလို ခေါ်လိုက်သော အသံတစ်ခုကြောင့် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။
"အကြီးအကဲကျန်း.. ကျန်းချန်.. ခဏလောက် စောင့်ပါဦး"
ကျန်းချန်က ခေါင်းကို လှည့်ကြည့်လိုက်သောအခါ လူလတ်ပိုင်း အရွယ် ယောက်ျားတစ်ယောက်က သူ့ဆီသို့ လိုက်လာသည်ကို တွေ့လိုက်ရသည်။
ကျန်းချန်က တုံ့ဆိုင်းသော အမူအရာဖြင့် လူလတ်ပိုင်းအရွယ် ယောက်ျားကို ကြည့်လိုက်သည်။
"မင်းက ဘယ်သူလဲ"
လူလတ်ပိုင်းအရွယ် ယောက်ျားက ကျန်းချန်ကို လက်သီးဆုပ်၍ ဂါရဝပြုကာ သူ၏ လာရင်း ရည်ရွယ်ချက်များကို အလျင်မြန် ရှင်းပြလိုက်သည်။
"အကြီးအကဲကျန်းချန်.. ကျွန်တော်က လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမရဲ့ စစ်မှန်သော နဂါးနိုင်ငံ ဌာနခွဲ ဥက္ကဋ္ဌ ယွဲ့ယန်ချန်ပါ"
"အခုကျွန်တော်တို့ ဌာနခွဲမှာ ပြဿနာတချို့နှင့် ကြုံတွေ့နေရပါတယ်"
"ဒီတစ်ခေါက် အဂ္ဂိရတ်ပြိုင်ပွဲဆီ ကျွန်တော် ရောက်လာတာက တကယ်တော့ အကြီးအကဲ ကျန်းချန်ကို အကူအညီတောင်းဖို့အတွက်ပါ"
အခန်း(၃၃၉) ပြီး၏