← Chapters

အခန်း (၃၄၀)

Vol. 23 Ch. 340

အခန်း (၃၄၀)

Vol. 23 Ch. 340

"ငါက စစ်မှန်သော နဂါးနိုင်ငံကို လာတယ်ဆိုတာ ဘယ်လိုလုပ်သိတာလဲ"

ကျန်းချန်က သူ့ရှေ့မှ လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ကာ စူးစမ်းစွာ မေးလိုက်သည်။

"အကြီးအကဲယွဲ့ယန်ကျိုးက ကျွန်တော့်ကို ပြောပြတာပါ"

"လွန်ခဲ့တဲ့ လဝက်အကြာက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ဌာနချုပ်ကို ကျွန်တော် အကူအညီတောင်းခဲ့တယ်"

"အဲဒီနောက်မှာ အကြီးအကဲယွဲ့ယန်ကျိုးက ကျန်းချန်ဆိုတဲ့ ဂုဏ်ထူးဆောင် အကြီးအကဲက အဂ္ဂိရတ်ပြိုင်ပွဲမှာ ပါဝင်ဖို့ စစ်မှန်သော နဂါးနိုင်ငံကို လာမယ်လို့ အကြောင်းပြန်ခဲ့တယ်"

ယွဲ့ယန်ချန်က အလျင်အမြန် ပြောလိုက်သည်။

ကျန်းချန်က ခေါင်းညိတ်ပြီး တိုက်ရိုက် မေးလိုက်သည်။

"ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ပြောပြပါဦး"

သူက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အကြီးအကဲ ယွဲ့ယန်ကျိုးနှင့် ဆက်ဆံရေး ကောင်းမွန်ပြီး လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ဂုဏ်ထူးဆောင် အကြီးအကဲလည်း ဖြစ်သည်။

ယခု လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက အခက်အခဲ ဖြစ်နေခဲ့ရာ သူ့အနေဖြင့် ဘေးမှ ရပ်ကြည့်နေ၍ မဖြစ်ပေ။

"ဒီကိစ္စက လွန်ခဲ့တဲ့ တစ်လက စတင်ခဲ့တာပါ"

ယွဲ့ယန်ချန်က ကျန်းချန်ကို မဖုံးကွယ်ဘဲ ဇာတ်လမ်းကို တိုက်ရိုက် ပြောပြလိုက်သည်။

လွန်ခဲ့သော တစ်လက ဇူလုံမြို့မှ ယွီမိသားစုသည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမတွင် အဆင့်မြင့် ဆေးဝါး အများအပြားကို အော်ဒါ မှာယူခဲ့ပြီး တစ်လအတွင်း ပို့ဆောင်ခိုင်းခဲ့သည်။

ကနဦးတွင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ စွမ်းရည်အရ တစ်လဟူသော အချိန်သည် အော်ဒါမှာယူသော ဆေးလုံးများကို သန့်စင်ရန် လုံလောက်၏။

သို့သော် ဤအော်ဒါကို လက်ခံပြီးသည်နှင့် မကြာမီမှာပင် ပြဿနာ တက်လာမည်ဟု မည်သူသိနိုင်မည်နည်း။

လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက ငှားရမ်းထားသော စီနီယာ အဂ္ဂိရတ်သခင်များသည် အကြောင်းအမျိုးမျိုးပြကာ ထွက်ခွာသွားကြသည်။

နောက်ပိုင်းတွင် ယွဲ့ယန်ချန်သည် သူ လှည့်စားခံခဲ့ရသည်ကို သဘောပေါက်သွားခဲ့သည်။

ဤအရာအားလုံးသည် အခြေခံအားဖြင့် စစ်မှန်သော နဂါးနိုင်ငံရှိ သူတော်စင် နဂါးကုန်သွယ်ရေးခန်းမ၏ ပူးပေါင်းကြံစည်မှု တစ်ရပ်ပင် ဖြစ်၏။

သူတော်စင် နဂါးကုန်သွယ်ရေးခန်းမသည် ယွီမိသားစုကို အသုံးပြုကာ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကနေ အဆင့်မြင့် ဆေးလုံးများကို အော်ဒါအများအပြား မှာယူခဲ့ခြင်းပင်။

ထို့နောက်တွင် သူတော်စင်နဂါး ကုန်သွယ်ရေးခန်းမသည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အဂ္ဂိရတ်သခင်များကို ခြိမ်းခြောက်ပြီး ဆွဲဆောင်ခဲ့သည်။

၎င်းတို့က လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ အနေဖြင့် မည်သည့် အဂ္ဂိရတ်သခင်ကိုမှ အသုံးပြု၍ မရအောင် လုပ်ဆောင်ခဲ့၏။

ထို့ကြောင့် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမသည် သတ်မှတ်ထားသော အချိန်အတွင်း ဆေးဝါးများကို ပေးပို့ရန် နည်းလမ်း မရှိတော့ပေ။

သူတော်စင် နဂါးကုန်သွယ်ရေးခန်းမတွင် ရည်ရွယ်ချက် တစ်ခုသာ ရှိသည်။

ယင်းမှာ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို သိမ်းပိုက်ရန် ဖြစ်သည်။

အားကိုးရာမဲ့သော အခြေအနေဖြင့် ကြုံလာရသောကြောင့် ယွဲ့ယန်ချန်သည် ဌာနချုပ်ဆီ အကူအညီ လှမ်းတောင်းရတော့၏။

ဌာနချုပ်ရှိ ယွဲ့ယန်ကျိုးက ထိုသတင်းကို ရရှိပြီးနောက်တွင် စစ်မှန်သော နဂါးနိုင်ငံကို ကျန်းချန် ရောက်လာလိမ့်မည်ဟု အကြောင်းပြန်ခဲ့သည်။

ထို့ကြောင့် ယွဲ့ယန်ချန်သည် ဤနေရာသို့ ရောက်လာခဲ့ခြင်းပင်။

"အကြီးအကဲကျန်း.. အခု တစ်လပြည့်ဖို့ နှစ်ရက်၊ သုံးရက်ပဲ လိုတော့တယ်"

"ဆေးဝါးတွေကို အချိန်မီ မပေးပို့နိုင်ရင် သူတော်စင်နဂါး ကုန်သွယ်ရေးခန်းမက သေချာပေါက် လက်လျှော့မှာ မဟုတ်ဘူး"

"အဲဒီအချိန်ရောက်ရင် စစ်မှန်သော နဂါးနိုင်ငံမှာ တည်ထောင်ထားတဲ့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ဌာနခွဲက ပျက်စီးသွားနိုင်တယ်"

ယွဲ့ယန်ချန်က စိုးရိမ်စွာ ပြောလိုက်သည်။

"ငါသိသလောက်တော့ သူတော်စင်နဂါး ကုန်သွယ်ရေးခန်းမက စစ်မှန်သော နဂါးနိုင်ငံရဲ့ အားအကောင်းဆုံး ကုန်သွယ်ရေး အဖွဲ့အစည်းပဲ.. ဒါ့အပြင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမထက် ပိုအားကောင်းတယ်"

ကျန်းချန်က နားမလည်နိုင်စွာ မေးလိုက်သည်။

"သူတော်စင်နဂါး ကုန်သွယ်ရေးခန်းမရဲ့ အင်အားနဲ့ဆို လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို စစ်မှန်သော နဂါးနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်တာကို အလိုမရှိရင် သူတို့အနေနဲ့ လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမရဲ့ ဌာနခွဲ တည်ထောင်တာကို တားဆီးဖို့ အပြည့်အဝ စွမ်းရည်ရှိနေတာပဲ"

"ဘာလို့ သူတို့က ဒီလို အပိုကိစ္စတွေကို လုပ်ဆောင်ပြီး လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက ဌာနခွဲ တည်ထောင်ပြီးတဲ့ အထိ စောင့်ပြီးမှ သိမ်းပိုက်ဖို့ ကြံနေရတာလဲ"

"အကြီးအကဲကျန်းချန်က ကျွန်တော်တို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမအနေနဲ့ တစ်ချိန်က ပြိုင်ပွဲတစ်ခုမှာ သူတော်စင်နဂါး ကုန်သွယ်ရေးခန်းမကို အနိုင်ရခဲ့တာ မသိသေးတဲ့ပုံပဲ"

"ပြိုင်ပွဲရဲ့ စည်းမျဥ်းအရ သူတော်စင်နဂါး ကုန်သွယ်ရေးခန်းမက စစ်မှန်သော နဂါးနိုင်ငံမှာ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ ဌာနခွဲ လာတည်ထောင်တာကို ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူး"

"ဒါကြောင့်ပဲ သူတော်စင်နဂါး ကုန်သွယ်ရေးခန်းမက အပေါ်ယံမှာ ဝင်ရောက်မစွက်ဖက်ဘဲ ဒီလိုမျိုး ယုတ်မာတဲ့အစီအစဥ်ကို အသုံးပြုလာတာပဲ"

ယွဲ့ယန်ချန်က ခါးသီးစွာ ပြုံးလိုက်သည်။

"ဒီအရာအားလုံးက ကျွန်တော့်ရဲ့ ပေါ့ဆမှုတွေ​ကြောင့်ပါပဲ.. သူတော်စင်နဂါး ကုန်သွယ်ရေး ခန်းမကို အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားခဲ့တယ်"

သူ၏ ရှေ့မှ အကြီးအကဲ ကျန်းချန်သည် အလွန် ငယ်ရွယ်သော်လည်း ပဉ္စမအဆင့် စီနီယာ အဂ္ဂိရတ်သခင် ဖြစ်၏။

သို့သော်လည်း နှစ်ရက် သုံးရက်အတွင်း အဆင့်မြင့် ဆေးလုံး များကို အများအပြား သန့်စင်ရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။

"စိတ်မပူပါနဲ့.. အကိုယွဲ့က ဒီကိစ္စကို ကျွန်တော့်ထံ အပ်နှင်းထားတာကြောင့် ကျွန်တော်က အကိုယွဲ့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး"

ကျန်းချန်က ယွဲ့ယန်ချန်ကို ပေါ့ပါးစွာ ကြည့်လိုက်သည်။

သူ၏ ဝင့်ကြွားသော အသံသည် ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့၏။

"ကျွန်တော့်ကို လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမဆီ ခေါ်သွားပေးပါ"

"ကျွန်တော် ရှိနေသရွေ့ ဘယ်သူမှ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို သိမ်းပိုက်လို့ မရစေရဘူး"

အခန်း(၃၄၀) ပြီး၏

All Chapters