အခန်း (၃၄၄)
Vol. 23 Ch. 344
"ကောင်လေး မင်းသိပ်မလွန်လာနဲ့"
"ငါတို့ မထွက်သွားရင်ရော မင်းဘာတတ်နိုင်မှာမို့လဲ"
ယွီထိုက်က အေးစက်စွာ ပြုံးလိုက်ပြီး တိုက်ရိုက် အမိန့်ပေးလိုက်သည်။
"အနက်ရောင် ကိုယ်ရံတော်တို့.. ဒီကောင်လေးကို ကျောင်းမှန်းကန်မှန်း သိအောင် ဆုံးမလိုက်ကြစမ်း"
ယွီထိုက်၏ အမိန့်နှင့်အတူ သူ့နောက်မှ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူများသည် လျင်မြန်စွာ ပြေးထွက်လာကြသည်။
ယွဲ့ယန်ချန်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွား၏။
သူက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူများကို အနက်ရောင်ကိုယ်ရံတော် တချို့အား ပိတ်ဆို့ရန် အလျင်အမြန် အမိန့်ပေးလိုက်သည်။
သို့သော် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမတွင် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူသည် အကန့်အသတ်သာ ရှိသည်။
ယွဲ့ယန်ချန်က အကောင်းဆုံး ကြိုးစား၍ တားဆီးခဲ့သော်လည်း အနက်ရောင်ဝတ် ကိုယ်ရံတော် နှစ်ဦးက လွတ်ထွက်သွားခဲ့သည်။
ထိုနှစ်ဦးက ယွဲ့ယန်ချန်နှင့် အခြားသူများ၏ ကာကွယ်ရေးစည်းများကို ဖြတ်ကျော်ကာ ကျန်းချန်ဆီသို့ တိုက်ရိုက် ပြေးသွားကြသည်။
ဤအခြေအနေကို မြင်လျှင် ယန်ချင်းရွှယ်၏ မျက်နှာသည် ရုတ်တရက် အေးစက်သွားသည်။
သို့သော် သူသည် ရွေ့လျားရန် ပြင်လိုက်စဥ်မှာပင် ယွီထိုက်သည် အရိပ်တစ်ခုကဲ့သို့ ယန်ချင်းရွှယ် ရှေ့တွင် ပိတ်ရပ်လိုက်၏။
"ဖယ်ပေးစမ်း"
ယန်ချင်းရွှယ်သည် ယွီထိုက်ကို စူးရှစွာ စိုက်ကြည့်ပြီး ပြင်းထန်စွာ အော်လိုက်သည်။
"ဟားဟား.. ငါ့ကို ဖယ်ခိုင်းဖို့က မင်းရဲ့ စွမ်းရည်ပေါ်မှာပဲ မူတည်တယ်"
ယွီထိုက်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။
ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်၏ အထောက်အထားကို ဘေးဖယ်ထားလျှင် သူ့ရှေ့မှ အဘိုးကြီး၏ အင်အားသည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့်၉တွင်သာ ရှိသည်။
ယွီမိသားစု၏ အနက်ရောင်ကိုယ်ရံတော် အဖွဲ့ခေါင်းဆောင် အနေဖြင့် ယွီထိုက်သည် သူ၏ တိုက်ခိုက်ရေး စွမ်းအားကို အလွန် ယုံကြည်မှု ရှိခဲ့သည်။
ဆိုရလျှင် အဆင့်တူထဲတွင် သူ့ကို အနိုင်ယူနိုင်မည့်လူ အနည်းငယ်သာ ရှိ၏။
ထို့အပြင် သူ့ရှေ့မှ သဘာဝစွမ်းအားဖွင့်ခြင်း အဆင့်၉ ကျင့်ကြံသူ ဖြစ်သည့် အဘိုးကြီးသည် အဂ္ဂိရတ်ကို အဓိကထားသော အဂ္ဂိရတ်သခင် ဖြစ်နေဆဲပင်။
ယေဘုယျအားဖြင့် အဂ္ဂိရတ်သခင်များသည် တစ်နှစ်ပတ်လုံး အဂ္ဂိရတ်ကိုသာ အထူးပြု လေ့လာကြပြီး ကိုယ်ခံပညာကို လေ့ကျင့်ရန် အချိန် သိပ်မရှိကြပေ။
ထို့အပြင် အဂ္ဂိရတ်သခင် အများစု၏ ကျင့်ကြံခြင်းသည် ဆေးစွမ်းအားဖြင့် တည်ဆောက်ထား၍ သူတို့၏ တိုက်ခိုက်ရေး စွမ်းအားသည် အတော်လေး အားနည်းသည်။
ယွီထိုက်သည် သူ၏ ကိုယ်ပိုင် ခွန်အားဖြင့် ဤအဘိုးကြီးကို ဖိနှိပ်ရာတွင် ပြဿနာ မရှိဟု ယုံကြည်ခဲ့သည်။
ယန်ချင်းရွှယ်၏ မျက်နှာက ချက်ချင်းပင် ပြာနှမ်းသွားသည်။
သူက ယွီထိုက်ကို တိုက်ခိုက်ရန် ပြင်နေစဉ် ကျန်းချန်၏ လှောင်ရယ်သံသည် သူ့နားထဲတွင် ထွက်ပေါ်လာသည်။
"ဟားဟား.. အစ်ကိုယန်.. သူက အကိုယန်ကို ဝင်မကူစေချင်တဲ့ပုံပဲ.. အကိုယန် ဘေးကနေသာ စောင့်ကြည့်နေပါ"
"ဒါက သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့်၁က ကျင့်ကြံသူလေး နှစ်ဦးပါပဲ.. ကျွန်တော့်အတွက် ဘာပြဿနာမှ မရှိပါဘူး"
"သူတို့လို သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်က ကျင့်ကြံသူ တစ်ဦးထက်မက ကျွန်တော့် လက်ထဲတွင် သေဆုံးသွားပြီးပါပြီ"
ကျန်းချန်၏ ယုံကြည်မှုရှိသော စကားကို ကြားလျှင် ယန်ချင်းရွှယ်သည် အနည်းငယ် အံ့အားသင့်သွားသည်။
သူက ဧကရာဇ် အကဲဖြတ်မှုတွင် ကျန်းချန်က ဓားတစ်ချက် တည်းဖြင့် သဘာဝစွမ်းအားဖွင့်ခြင်းနယ်ပယ်အဆင့် ကျင့်ကြံသူကို သတ်ခဲ့သော အခြေအနေအား အလျင်အမြန် ပြန်လည် တွေးမိခဲ့သည်။
"ငါက အစိုးရိမ်လွန်ပြီး စိတ်ရှုပ်ထွေးသွားတာပါ"
ယန်ချင်းရွှယ်က ခါးသီးစွာ ပြုံး၍ ခေါင်းကို ခါယမ်းလိုက်သည်။
ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေး စွမ်းအားဖြင့်ဆိုလျှင် သဘာဝစွမ်းအားဖွင့်ခြင်း အဆင့် ကျင့်ကြံသူ နှစ်ဦးသည် သူ့ကို အန္တရာယ် အနည်းငယ်သာ ပေးနိုင်မည် ဖြစ်သည်။
ကျန်းချန်က အန္တရာယ် မရှိသောကြောင့် ယန်ချင်းရွှယ်သည် ဘာမျှ မလုပ်တော့ဘဲ ဘေးကနေ ကြည့်ရှုရန်ကိုသာ ရွေးချယ်လိုက်သည်။
သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ယွီထိုက်၏ မျက်လုံးများတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။
ကောင်လေးက သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူနှစ်ဦး၏ တိုက်ခိုက်မှုကို တားဆီးနိုင်သည်ဟု လေကြီးလေကျယ်ဖြင့် ပြောဆိုနေသည်ကို ဤအဘိုးကြီးက တကယ်ပဲ ယုံကြည်နေပါသလော။
ယွီထိုက်က အံ့အားသင့်ပြီး ဘာမျှ မလှုပ်ရှားခင် ကျန်းချန်က စတင် လှုပ်ရှားခဲ့သည်။
သူ့ထံမှ အရှိန်အဝါက ရုတ်တရက် မြင့်တက်လာပြီး စစ်မှန်သော အဓိပ္ပာယ် နှစ်ခုသည် တစ်ချိန်တည်းတွင် ပေါက်ကွဲထွက်လာခဲ့၏။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ချက်ချင်းပင် တစ္ဆေသရဲကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။
"လေဆန္ဒနဲ့ ဒုတိယအဆင့် ဓားဆန္ဒပဲ...အမြန် ပြန်ဆုတ်ကြ"
ယွီထိုက်၏ အမူအရာသည် ချက်ချင်းပင် ပြင်းထန်စွာ ပြောင်းလဲသွား၏။
သူက ကျန်းချန်ဆီသို့ ပြေးဝင်သွားသော အနက်ရောင် ကိုယ်ရံတော် နှစ်ဦးကို အလျင်အမြန် အော်ပြောလိုက်သည်။
သို့တိုင် ယွီထိုက်၏ သတိပေးမှုက နောက်ကျသွားသည်မှာ ထင်ရှား၏။
ဘာမျှ မပြင်ဆင်ထားသော အနက်ရောင် ကိုယ်ရံတော် နှစ်ဦးသည် ကျန်းချန်၏ စစ်မှန်သော အဓိပ္ပာယ်ဖြင့် ဖိနှိပ်ခံရပြီး လူတစ်ကိုယ်လုံးသည် ယာယီ ထိုင်းမှိုင်းသော အခြေအနေ ထဲသို့ ကျရောက်သွားခဲ့သည်။
ထိုအချိန်မှာပင် ကျန်းချန်၏ ပုံရိပ်သည် သူတို့ နှစ်ဦး၏ ဘေးတွင် တစ္ဆေကဲ့သို့ ပေါ်လာခဲ့၏။
ထို့နောက်တွင်မူ ဓားရောင်တစ်ချက် လက်သွားပြီး သူတို့၏ လည်ပင်းများကို တိုက်ရိုက် ဖြတ်သန်းသွားခဲ့သည်။
အခန်း(၃၄၄) ပြီး၏