အခန်း (၃၄၃)
Vol. 23 Ch. 343
"ဒီကောင်လေးက ဘယ်သူလဲ.. ဒီလောက်တောင် မောက်မာရဲတယ်"
"ဟားဟား.. နို့နံ့တောင်မစင်သေးတဲ့ ကလေးကို ယွီထိုက်ရှေ့မှာ မောက်မာမို့ဘယ်သူကများ မြှောက်ပေးလိုက်လဲ မသိဘူး"
ယွီထိုက်ထက်ပင် ပိုမို မောက်မာသော ကျန်းချန်၏ စကားများကို ကြားရလျှင် လူတိုင်းသည် စကားပင် မပြောနိုင် ဖြစ်သွားကြသည်။
လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမသည် အင်အားဖြည့်တင်းရန် လူတစ်ဦး ရှာဖွေရသည် ဆိုလျှင်ပင် ပို၍ ယုံကြည်အားထားရသူကို ရှာဖွေသင့်ပေသည်။
သို့သော်လည်း ယွဲ့ယန်ချန်သည် အသက် ဆယ့်ခြောက်နှစ်သို့မဟုတ် ဆယ့်ခုနစ်နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ရှာဖွေလာခဲ့သည်။
ဤသည်က သူတို့ကို နောက်ပြောင်နေခြင်းပင် မဟုတ်ပါလား။
ယွဲ့ယန်ချန် အနေဖြင့် ဤကောင်လေးကို အားကိုး၍ အခြေအနေကို ပြောင်းပြန်လှန်ကာ လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမကို ကယ်တင်နိုင်မည်ဟု ထင်နေသလား မပြောတတ်ပေ။
ကျန်းချန်၏ မောက်မာသော အသံသည် ယွီထိုက်၏ မျက်လုံးထဲကို အေးစက်သော အရိပ်အငွေ့ အနည်းငယ် ဖြတ်သန်းသွားစေခဲ့သည်။
သူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
"ကောင်လေး မင်းက ငါတို့ ယွီမိသားစုရဲ့ ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ဖို့ ဆုံးဖြတ်ထားပုံပဲ.. ဒီဇူလုံမြို့မှာ ယွီမိသားစုနဲ့ ထိပ်တိုက်တွေ့ချင်နေတယ် ဆိုတော့ သေချင်နေပြီလား"
"မင်းတို့အနေနဲ့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို ပြဿနာ မရှာသ၍ မင်းတို့ ယွီမိသားစု ကိစ္စကို ဝင်ရောက်စွက်ဖက်ဖို့ ငါ စိတ်မဝင်စားဘူး"
"မင်း ငါ့ကို ခြိမ်းခြောက်ဖို့ မကြိုးစားနဲ့"
"ငါက ရှေးဟောင်းမိသားစု သုံးခုထဲက ကျီမိသားစုရဲ့ တိုက်ရိုက် တပည့်ကိုတောင် သတ်ရဲတယ်.. မင်းတို့က ကျီမိသားစုထက် ပိုပြီး အစွမ်းထက်တယ်လို့ ထင်နေတာလား"
ကျန်းချန်သည် ယွီထိုက်ကို ပေါ့ပါးစွာ ကြည့်လိုက်သည်။
သူ၏ လေသံက အတိုင်းအဆမဲ့ လွှမ်းမိုးမှုကို ဖော်ထုတ်လိုက်သည်။
ကျန်းချန်၏ စကားများကို ကြားလျှင် ပတ်ဝန်းကျင်တွင် မယုံကြည်နိုင်လောက်အောင်ပင် တီးတိုး ဝေဖန်သံများ ဖြစ်ပေါ်လာသည်။
ယွီထိုက်၏ အမူအရာပင် အနည်းငယ် ပြောင်းလဲသွားသည်။
ယွီမိသားစုသည် ဇူလုံမြို့တွင် အားမနည်းသော်လည်း စစ်မှန်သော နဂါးနိုင်ငံ၏ ရှေးဟောင်းမိသားစု သုံးခုနှင့် နှိုင်းယှဉ်လျှင် ကွာဟချက်သည် အတော်လေး ကြီးမား၏။
ဤကောင်လေးသည် ကျီမိသားစုကိုပင် မကြောက်ရွံ့လျှင် သူတို့အနေဖြင့် ကောင်လေးကို ကြောက်ရွံ့စေရန် အရည်အချင်း မရှိပေ။
သို့သော်လည်း ယွီထိုက်သည် သူ့ရှေ့မှ ကောင်လေးက ကျီမိသားစုမှ လူကို သတ်ရဲသည်ဟု အမှန်တကယ် မယုံကြည်ပေ။
စစ်မှန်သော နဂါးနိုင်ငံ၏ ရှေးဟောင်းမိသားစု သုံးခုမှ တစ်ခုအနေဖြင့် ကျီမိသားစုသည် စစ်မှန်သော နဂါးနိုင်ငံတွင် ထိပ်တန်း အင်အားစုများထဲမှ တစ်ခု ဖြစ်သည်။
ဤစစ်မှန်သော နဂါးနိုင်ငံ၏ ဧကရာဇ်ပင် ကျီမိသားစု၏ တိုက်ရိုက် တပည့်များကို အလွယ်တကူ သတ်ရဲမည် မဟုတ်ပေ။
ဤကောင်လေးသာ တကယ်ပဲ ကျီမိသားစု၏ တိုက်ရိုက် တပည့်ကို သတ်ခဲ့လျှင် ယခုအချိန်အထိ ဇူလုံမြို့တွင် မည်သို့မျှ ထိခိုက်မှုမရှိဘဲ အသက်ရှင်နိုင်ပါမည်လော။
"ကောင်လေး စကားကြီးစကားကျယ်တွေ လျောက်ပြောတာ လျှာ ခလုတ်တိုက်မှာ မကြောက်ဘူးလား"
"ဒါဆိုလည်း မင်းမှာ ကျီမိသားစု တပည့်တွေကို သတ်နိုင်လောက်အောင် ဘယ်လိုမျိုး စွမ်းရည်တွေ ရှိလဲဆိုတာ ကြည့်ရသေးတာပေါ့"
စကားဆုံးသည်နှင့် ယွီထိုက်၏ ခန္ဓာကိုယ်ကနေ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်၉၏ အားကောင်းသော အရှိန်အဝါက တိုက်ရိုက် ပေါက်ကွဲထွက်လာသည်။
"ဟမ့်.. ကလေးကို အနိုင်ကျင့်ချင်တယ်ပေါ့"
"မင်းလို ကောင်က ဒီနေရာမှာ ရိုင်းစိုင်းဖို့ အရည်အချင်း မရှိသေးဘူး"
ယွီထိုက်ဆီမှ အရှိန်အဝါ ပေါက်ကွဲထွက်လာသည်နှင့် ယန်ချင်းရွှယ်သည် ကျန်းချန်၏ ရှေ့တွင် ချက်ချင်း ပေါ်လာသည်။
သူ၏ ခနဲ့တဲ့တဲ့ ရေရွတ်သံသည် ယွီထိုက်၏ နားထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့၏။
ကျန်းချန်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသော ယန်ချင်းရွှယ်ကို ကြည့်၍ ယွီထိုက်၏ မျက်လုံးများသည် ရုတ်တရက် ကျုံ့သွားသည်။
သူ့ရှေ့မှ အဘိုးကြီးထက် သူ့ထက် အားမနည်းရုံတင်မက ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်လည်း ဖြစ်သည်။
သို့သော်တွင် ဤတစ်ကြိမ် ယွီမိသားစု၏ နောက်ကွယ်၌ သူတော်စင်နဂါး ကုန်သွယ်ရေးခန်းမသည် အပြည့်အဝ ထောက်ပံ့ပေးထား၏။
ထို့ကြောင့် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် တစ်ဦးကို ယွီထိုက်သည် အလွန်အမင်း ကြောက်ရွံ့မှု မရှိပေ။
"ကောင်လေး မင်းဒီလောက်ထိ မောက်မာရဲတာ အံ့ဩစရာ မရှိတော့ဘူး.. မင်းကို အထောက်အပံ့ပေးဖို့ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် တစ်ဦး ရှိနေတာကိုး"
ယွီထိုက်က မဲ့ပြုံးပြုံးကာ ခနဲ့လိုက်သည်။
"ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်တစ်ဦးက ငါ့ကို တားဆီးနိုင်မယ်လို့ မင်းတကယ် ထင်နေလား"
"မင်းက အဓိပ္ပာယ်မဲ့တဲ့ စကားတွေ အတော်လေး ပြောနေတာပဲ"
ကျန်းချန်သည် ယွီထိုက်ကို ထူးခြားသော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
သူ့ထံကနေ အနည်းငယ် စိတ်မရှည်သော အသံ ထွက်ပေါ်လာသည်။
"မင်းကို တစ်မိနစ် အချိန်ပေးမယ်.. တစ်မိနစ်အတွင်း မင်းတို့တစ်ဖွဲ့လုံး ငါ့ရှေ့ကနေ ပျောက်ကွယ်သွားပေးပါ.. ငါ့ကို သတ်ဖြတ်ဖို့ တွန်းအားမပေးမိစေနဲ့"
အခန်း(၃၄၃) ပြီး၏