အခန်း (၃၄၅)
Vol. 23 Ch. 345
အနက်ရောင် ဝတ်စုံဝတ် ကိုယ်ရံတော် နှစ်ဦးသည် မည်သို့မျှ တုံ့ပြန်လိုက်ရခြင်း မရှိဘဲ မျက်လုံးများ မှောင်မိုက်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
မြေပြင်ပေါ်မှ အသက်ရှူသံ ကင်းမဲ့သွားသော အနက်ရောင် ကိုယ်ရံတော် နှစ်ဦးကို ကြည့်ကာ ယွဲ့ယန်ချန်နှင့် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှ လူများသည် အံ့အားသင့်သွားကြသည်။
ယွီထိုက်နှင့် ယွီမိသားစု၏ အနက်ရောင် ကိုယ်ရံတော် များသည်လည်း တုန်လှုပ်သွားကြသည်။
ပတ်ဝန်းကျင်မှ လူအားလုံးသည် တုန်လှုပ်ချောက်ချားကာ စကားပင် မပြောနိုင်လောက်အောင် ဖြစ်သွားကြသည်။
ဤအချိန်တွင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ တံခါးဝရှိ လေထုသည် သုသာန်တစ်စပြင် ကဲ့သို့ တိတ်ဆိတ်သွားသည်။
ခဏအကြာတွင် လူတိုင်းသည် မယုံကြည်နိုင်လောက်သော ဖြစ်ရပ်ကနေ ပြန်လည် သက်သာလာကြသည်။
"ဒီကောင်လေးက တကယ်ကို မယုံနိုင်စရာပဲ"
ဓားတစ်ချက်တည်းဖြင့် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် ကျင့်ကြံသူ နှစ်ဦးကို သတ်ပစ်လိုက်သော အသက် ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်အရွယ် ကောင်လေး။
ဤကောင်လေး၏ ကိုယ်ခံပညာ ပါရမီက မည်မျှပင် ကြောက်မက်ဖွယ် ကောင်းလိုက်ပါသနည်း။
"ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ယွီထိုက်သည် ထိုမြင်ကွင်းကို မှင်တက်စွာ စိုက်ကြည့်နေခဲ့၏။
သူ၏ မျက်လုံးထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ထွက်ပေါ်လာသည်။
ယွီထိုက်သည် ဇူလုံမြို့ရှိ ယွီမိသားစုတွင် မွေးဖွားခဲ့သည်။
သူ့ဘဝတစ်လျောက်လုံး မြင်ဖူးခဲ့သော ကိုယ်ခံပညာ ပါရမီရှင်များသည် မနည်းလှပေ။
စစ်မှန်သော နဂါးနိုင်ငံ၏ ရှေးဟောင်းမိသားစု သုံးခုမှ ထိပ်တန်း ပါရမီရှင်များပင် ဤမျှလောက် နတ်ဆိုးမဆန်ချေ။
အသက် ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦး။
မူလဘူတနယ်ပယ် အဆင့်၉ကို ရောက်ရှိထားပြီး ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပာယ် နှစ်ခုကို နားလည်ထားသည်။
ကြောက်စရာ အကောင်းဆုံးအရာမှာ ဓားဆန္ဒသည် ဒုတိယအဆင့်သို့ ရောက်ရှိနေခြင်းပင်။
ဤကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်နေသော ကိုယ်ခံပညာ ပါရမီကို နတ်ဆိုးထဲမှ နတ်ဆိုး၊ မွန်းစတားများထဲမှ မွန်းစတားဟုသာ တင်စားရပေမည်။
"မင်း.. မင်းဘယ်သူလဲ"
ယွီထိုက်သည် ဒေါသတကြီးဖြင့် ကျန်းချန်ကို ကြည့်လိုက်၏။
သူ၏ မျက်လုံးထဲတွင် မနာလိုသော အရိပ်အယောင် ရှိနေသည်။
ဤကောင်လေးသည် အလွန်တရာ မွန်းစတားဆန်လွန်း၏။
စစ်မှန်သော နဂါးနိုင်ငံ၏ ရှေးဟောင်းမိသားစု သုံးခု၏ ပါရမီရှင်များပင် ဤကောင်လေးလောက် အစွမ်းအစ မရှိလောက်ပေ။
ယွီထိုက်တွင် သံသယအချို့ ရှိနေခဲ့သည်။
ဤကောင်လေးသည် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူမှ မွေးထုတ်ထားသော တပည့်တစ်ယောက် ဖြစ်နေမည်လော။
ကျန်းချန်က အေးစက်စက် ကြည့်လိုက်သည်။
သူက ယွီထိုက်ကို လုံးဝ ဂရုမစိုက်ဘဲ ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်နှစ်မျိုးကို တစ်ဖန် အပြည့်အဝ အသုံးပြုလိုက်ပြန်သည်။
မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် အနက်ရောင် ဝတ်စုံဝတ် ကိုယ်ရံတော် တစ်ဦးသည် ကျန်းချန်၏ ဓားအောက်တွင် လဲကျသွားသည်။
"ကောင်လေး မင်းသေချင်နေပြီလား"
ယွီထိုက်၏ မျက်လုံးများက ရုတ်တရက် ကျဥ်းမြောင်းသွားသည်။
သူက ကျန်းချန်ကို တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ယန်ချင်းရွှယ်က သူ့ကို ပိတ်ဆို့ထားလိုက်သည်။
သူ၏ တိုက်ခိုက်ရေး စွမ်းအားက အားကောင်းသော်လည်း ယန်ချင်းရွှယ်သည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့်၉သို့ ရောက်ရှိသည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သည်။
ယွီထိုက်က ယန်ချင်းရွှယ်ကို အနိုင်ယူလိုလျှင်ပင် ဤသည်မှာ ခဏလေးနှင့် မပြီးနိုင်သော ကိစ္စတစ်ခု ဖြစ်သည်။
ထိုသို့ ယန်ချင်းရွှယ်က ယွီထိုက်ကို တားဆီးထားသော အချိန်အတွင်း ကျန်းချန်သည် အနက်ရောင်ဝတ် ကိုယ်ရံတော် တစ်ဦးကို အသာအယာ ခေါင်းဖြတ်လိုက်ပြန်၏။
"ရပ်.. ရပ်လိုက်တော့"
"ငါ့ရဲ့လူတွေကိုခေါ်ပြီး အခုပဲ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကနေ ထွက်သွားမယ်.. ဒါပေမဲ့ သဘောတူထားတဲ့ အတိုင်း သုံးရက်အကြာမှာ ပစ္စည်းကို လာယူမယ်"
ယွီထိုက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဤကောင်လေး၏ အင်အားသည် မူလဘူတ နယ်ပယ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်နှစ်မျိုးကိုပါ ပေါင်းစပ်ထားသောကြောင့် ရန်သူကို အဆင့်တစ်ဆင့်ထက်မက သတ်ပစ်ရန်မှာ ပြဿနာ မရှိပေ။
စင်စစ် သူ့လက်အောက်ရှိ အနက်ရောင် ဝတ်စုံဝတ် ကိုယ်ရံတော် အများစုသည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့်၁ ကျင့်ကြံသူများသာ ဖြစ်၏။
၎င်းတို့သည် ကျန်းချန်၏ ခန့်မှန်း၍ မရသော တိုက်ခိုက်မှုကို လုံးဝ ပိတ်ဆို့နိုင်ခြင်း မရှိပေ။
ဤအတိုင်းသာ ဆက်သွားနေလျှင် သူ့လက်အောက်ရှိ အနက်ရောင်ဝတ် ကိုယ်ရံတော်များကို ကျန်းချန်သည် ဖရဲသီးနှင့် ဟင်းသီးဟင်းရွက်များကို လှီးဖြတ်သကဲ့သို့ သတ်ပစ်လိမ့်မည် မဟုတ်ပါလား။
ထို့အပြင် ဤအနက်ရောင် ကိုယ်ရံတော်များသည် ယွီမိသားစု၏ ကျောရိုးများပင် ဖြစ်သည်။
သူတို့အားလုံးကိုသာ ယနေ့ ဤနေရာတွင် ဆုံးရှုံးလိုက်ရလျှင် သူတို့ ယွီမိသားစုသည် တကယ်ပင် ထိခိုက်သွားပေလိမ့်မည်။
"ဟားဟား.. ငါက မင်းကို ထွက်သွားဖို့ အခွင့်အရေး ပေးခဲ့ပြီးသားပဲ.. ဒါပေမဲ့ မင်းက တန်ဖိုးမထားခဲ့ဘူး"
"လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက မင်းတို့ လာချင်တိုင်းလာ သွားချင်တိုင်း သွားလို့ရတဲ့နေရာ မဟုတ်ဘူး"
"အခုမှ ထွက်သွားချင်တာလား..ဟက်.. စိတ်မကောင်းပါဘူး.. နောက်ကျသွားခဲ့ပြီ"
ကျန်းချန်က ခပ်ထေ့ထေ့ ရယ်မောကာ ပြောလိုက်သည်။
ထို့နောက်တွင် သူ၏ ပုံရိပ်သည် တစ္ဆေကဲ့သို့ နေရာမှာပင် တဖန် ပျောက်ကွယ်သွားပြန်၏။
အခန်း(၃၄၅) ပြီး၏