← Chapters

လောမိသားစုအတွက်ဆို ကျုပ်သွေးကိုပါ ပေးမယ်

Vol. 3 Ch. 30

လောမိသားစုအတွက်ဆို ကျုပ်သွေးကိုပါ ပေးမယ်

Vol. 3 Ch. 30

ဝှစ် ..

ထိုအခြင်းအရာကို မြင်သည်နှင့် တင်းချန်က ချက်ချင်း ထွက်ပြေးလိုက်သည်။

လောမိသားစုအား မိုးထားသည့် ဓားဆယ့်နှစ်ချောင်းကလည်း သူနှင့်အတူ ကောင်းကင်ယံသို့ ထိုးတက်သွားကြသည်။

" ချီးပဲကွာ ၊ ကျန်းရွှယ်ဂိုဏ်းက သူတွေ ငါ့ကို လှည့်စားလိုက်ကြတာပဲ ။ သူတို့ပြောတော့ လွယ်လွယ်လေးဆိုပြီး ခု ဘယ်လောက်တောင် လွယ်လိုက်သလဲ "

တင်းချန်က စိတ်ထဲမှ ကြိမ်ဆဲလိုက်သည်။

ယခုကဲ့သို့ ဖြစ်မည်ကိုသာ သူ ကြိုသိခဲ့ပါက သူ့အား မသေမချင်း ရိုက်သတ်လျှင်ပင် သူ ဤနေရာသို့ လာခဲ့မည် မဟုတ်ချေ။

ယခုတွင်မူ သူ ဤနေရာမှ အမြန်ဆုံး ထွက်သွားချင်စိတ်သာ ရှိတော့သည်။

သို့သော် ....

ဝှစ် ..

ထိုစဥ်မှာပင် ကြီးမားသည့် လူရိပ်ကြီးတစ်ခုက သူ့ရှေ့မှ ပိတ်ထားလိုက်သည်။

" မင်းက ထွက်ပြေးချင်တယ်ပေါ့လေ ။ ငါက မင်းကို ထွက်ပြေးခိုင်းမယ်လို့ ပြောခဲ့လို့လား "

နျိုဝူဖုန်းက အေးစက်စက် ပြောလိုက်သည်။

" ဟာ .. မြန်လိုက်တာ "

တင်းချန် အထိတ်တလန့် ဖြစ်သွားသည် ။

တစ်ဖက်လူ၏ အမြန်နှုန်းက သူ့ထက်များစွာ ပိုသာနေပေသည်။

ထိုသို့သော ရန်သူနှင့် ရင်ဆိုင်နေရသည့်အတွက် တင်းချန်း ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။

" သေစမ်းကွာ "

နျိုဝူဖုန်းက သူ့လက်ထဲမှ တင်းပုတ်ကို မြှောက်ကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် ...

နျိုဝူဖုန်း၏ လည်ပင်းမှ ဆက်သွယ်ရေးသလင်းကျောက်က အရောင်လက်လာ၏ ။

" ဟင် .. ဘာလဲဟ "

နျိုဝူဖုန်း မျက်မှောင်ကြုံ့သွားသည်။ ထို့နောက်သူက တင်းချန်အား လက်တစ်ဖက်ဖြင့် ချုပ်ထားကာ ကျန်လက်တစ်ဖက်ဖြင့် ဆက်သွယ်ရေးသလင်းကျောက်ထဲသို့ စိတ်စွမ်းအင်အချို့ ပစ်လွှတ်လိုက်သည်။

မကြာမီပင် ဆက်သွယ်ရေးသလင်းကျောက်က အရောက်တလက်လက် တောက်သွားပြီး အရိပ်တစ်ခု ထွက်လာ၏ ။

၎င်းမှာ နျိုထျဲ့ချူပင် ။

" အမေ "

နျိုဝူဖုန်း ဦးညွှတ်လိုက်သည်။

နျိုထျဲ့ချုက သူ့သားကို လှည့်ပတ်ကြည့်၍ ခေါင်းညိတ်လိုက်သည်။

" ကြည့်ရတာတော့ အခြေနေကောင်းနေတဲ့ ပုံပါပဲ ။ နင့်အဖိုးအိမ်ကိုရော ရောက်ပြီးပြီလား "

နျိုဝူဖုန်းက ခေါင်းညိတ်ကာ ပြန်ဖြေ၏ ။

" ဟုတ်ကဲ့ ၊ ခုနလေးတင်ပဲ ရောက်တယ်အမေ "

" နင့်အဖိုးအိမ်မှာ အားလုံး အဆင်ပြေရဲ့လား "

နျိုထျဲ့ချူ မေးလိုက်သည်။

" အမ် .. တစ်ခုတော့ ဖြစ်သွားတယ် "

နျိုဝူဖုန်းက အစောပိုင်းက ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်သည်။

သူ့စကားဆုံးသည်နှင့် နျိုထျဲ့ချူ၏ မျက်နှာထား ချက်ချင်း ပြောင်းသွား၏ ။

" ဘာ .. အဲ့လိုတွေ တကယ်ကြီး ဖြစ်သွားခဲ့တာလား ။ လောမိသားစုဘက်က အထိအခိုက်ရော ဖြစ်သွားသေးလား "

နျိုထျဲ့ချူက စိုးရိမ်တကြီး မေးလိုက်သည်။

" ကြည့်ရတာတော့ ဘာမှမဖြစ်သွားဘူးနဲ့တူတယ် "

နျိုဝူဖုန်း ပြန်ဖြေသည်။

နျိုထျဲ့ချူ၏ မျက်နှာ ဖြူဖျော့သွားကာ

" သား .. မင်း မနေ့ကတည်းက ထွက်သွားခဲ့တာလေ ။ ပျောင်ပိုင်မြို့က အဲ့လောက်လဲ မဝေးဘဲနဲ့ ဘာဖြစ်လို့ အခုမှ ရောက်သွားရတာလဲ ။ အခု ဘာမှ မဖြစ်သွားတာပဲ တော်သေးတာပေါ့။ တကယ်လို့ လောမိသားစုသာ တစ်ခုခု ဖြစ်သွားရင် နင့်ဦးလေးက အမေတို့ကို ဘယ်လိုထင်မလဲ "

ဟု ​အပြစ်တင်လိုက်သည်။

နျိုထျဲ့ချူ ဆူလိုက်သည့်အတွက် နျိုဝူဖုန်းတစ်ယောက် ခေါင်းငုံ့သွားကာ တစ်ကိုယ်လုံး တုန်သွားသည်။

" အမေပဲ ကျွန်တော့်ရဲ့ ပုံစံအမှန်နဲ့ မသွားဖို့ ပြောခဲ့တာလေ ။ ကျွန်တော်က လူအသွင်မပြောင်းတာ နှစ်တွေအများကြီး ကြာသွားပြီမို့ အသွင်ပြောင်းဖို့အတွက် အချိန်ယူလိုက်ရလို့ပပါဗျာ ။ အဲ့ဒါကြောင့် နည်းနည်းနောက်ကျသွားတာပါ "

နျိုထျဲ့ချူက မကျေနပ်သေးဟန်ဖြင့် ဆက်ပြောသည်။

" ထားလိုက်ပါ ၊ အဲ့ဒါကို အခု ခနမေ့လိုက်။ လောမိသားစုကို တိုက်ခိုက်ခဲ့ကြတဲ့ အရူးသုံးယောက်ကရော အခု ဘယ်မှာလဲ "

" ကျွန်တော် နှစ်ယောက်ကိုတော့ သတ်လိုက်ပြီ။ ဒါ နောက်ဆုံးတစ်ယောက်ပဲ ။ ခု ဒီလူကို အသေသတ်တော့မလို့ "

နျိုဝူဖုန်း ပြန်ဖြေလိုက်သည်။

သူ ပြောခဲ့သည့်အတိုင်းပင် ထိုလူအား သတ်ရန် ပြင်လိုက်သည်။

နျိုဝူဖုန်း၏ လက်ထဲတွင် ရှိနေသည့် တင်းချန်၏ မျက်နှာ ရုတ်ချည်းပြောင်းသွား၏။

သို့သော် .. ထိုအချိန်တွင် ...

နျိုထျဲ့ချူက အေးစက်စက် ပြောလိုက်သည်။

" နင်က သူ့ကို ဒီတိုင်း တင်းပုတ်နဲ့ပဲ  အသေရိုက်သတ်မလို့လား "

" ဟင် .. တခြား ဘာလုပ်ရဦးမှာလဲဗျ "

နျိုဝူဖုန်း နားမလည်နိုင် ဖြစ်သွားသည်။

နျိုထျဲ့ချူက သူ့သားအား စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။

" နင်က တကယ်ကို တုံးအတာပဲ ။ နင် သူ့ကို ဒီတိုင်း လွယ်လွယ်လေး ရိုက်သတ်လိုက်ရင် နင့်ဦးလေးနဲ့ အဖိုးတို့က နင် သူတို့ကို ဘယ်လိုကြိုးစားပြီး ကာကွယ်ပေးတယ်ဆိုတာ ဘယ်သိနိုင်တော့မလဲ "

နျိုဝူဖုန်း စိတ်ရှုပ်သွားဟန်ဖြင့် ခေါင်းကုတ်လိုက်သည်။

" အမေ .. ကျွန်တော် နားမလည်ဘူး "

နျိုထျဲ့ချူက ဒေါသတကြီးဖြင့်

" ငါ ပြောတာ နားထောင်စမ်း ။ နင် ပြိုင်ဘက်ကို ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရတဲ့ ပုံမျိုးဟန်ဆောင်လိုက်။ ပြီးရင် ပြိုင်ဘက်ကို သတ်ဖို့အတွက် နင်ကိုယ်တိုင်လဲ ဒုက္ခ ခံခဲ့ရတဲ့ပုံပေါက်အောင် ဒဏ်ရာကြီးကြီးတစ်ခု ရသလိုပါ ဟန်ဆောင်လိုက်။ ဒါမှ လောမိသားစုက နင့်ကို တန်ဖိုးထားကြမှာ "

ဟု ပြောလိုက်သည်။

နျိုဝူဖုန်းက တင်းချန်ဘက်သို့ လှည့်ကြည့်၍ အထွန့်တက်လိုက်သည်။

" ဒါပေမယ့် ဒီကောင်တွေက အမှိုက်လိုပဲ အမေရ ။ တစ်ချက်တည်း ရိုက်လိုက်ရုံနဲ့တင် သေသွားရော ။ ဘယ်လိုလုပ်ပြီး တိုက်ပွဲပြင်းပြင်း ဖြစ်ပါ့မလဲ "

နျိုထျဲ့ချူက စိတ်ညစ်သွားဟန်ဖြင့်

" ငါ့မှာ ဘယ်လိုလုပ်ပြီး ဒီလို တုံးအတဲ့ သားတစ်ယောက် ရှိနေရတာပါလိမ့် ။ သူတို့က နင့်ကို ထိခိုက်အောင် မလုပ်နိုင်ဘူးဆိုရင်တောင် ဒီတိုင်းရပ်ပြီး သူတို့လုပ်တာကို ခံလိုက်ပေါ့ဟယ် ။ နင် ဒဏ်ရာ ရတယ်ဆိုရင်ကို အဆင်ပြေပြီ "

ဟု ပြောလိုက်သည်။

နျိုဝူဖုန်း ကခေတ္တမျှ တိတ်သွားပြီး နောက်မှသာ ခေါင်းညိတ်၍ ပြောလိုက်သည်။

" ဟုတ်ကဲ့ ၊ ပြောတဲ့အတိုင်း လုပ်လိုက်ပါ့မယ် "

သူက ထိုသို့ ပြောပြီးသည်နှင့် သူ့လက်ထဲမှ တင်းချန်အား အောက်သို့ ပစ်ချလိုက်သည် ။

တင်းချန်မှာ ယခုမှသာ အနည်းငယ် စိတ်သက်သာရာ ရသွားပြီး အသက်ဝဝ ရှူလိုက်သည်။

သို့သော် တစ်ချိန်တည်းမှာပင် နျိုဝူဖုန်းကို ပိုပို၍လည်း ကြောက်လာ၏။

ထိုနတ်ဆိုးဘုရင်က အစွမ်းထက်လှပေသည်။

" ဟေ့ ကောင်လေး .. မင်း ဓားကိုယူပြီး ငါ့ကို ခုတ်လိုက် "

နျိုဝူဖုန်းက ဂုဏ်ယူစွာ ပြောလိုက်သည်။

" ဟင် .. ကျုပ် မလုပ်ဝံ့ပါဘူးဗျာ ။ ကေျးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ နတ်ဆိုးဘုရင်ကြီးခင်ဗျာ "

တင်းချန်က လျှင်မြန်စွာပင် ဒူးထောက်၍ အရိုအသေပေးလိုက်သည်။

" မလုပ်ဝံ့ဘူး ဟုတ်လား .. မင်း မလုပ်ရင် ငါမင်းကို ခုချက်ချင်း သတ်ပစ်မှာ "

နျိုဝူဖုန်းက ထပ်ပြောလိုက်သည် ။

" ဟင် "

တင်းချန်  နားမလည်နိုင်ဘဲ မျက်နှာချက်ချင်း ပျက်သွားသည်။

ထိုနတ်ဆိုးဘုရင်၏ ခေါင်းထဲတွင် မည်သို့ တွေးနေသနည်း။

" လုပ်စမ်းပါကွာ ၊ မင်းရဲ့ အစွမ်းအထက်ဆုံး သိုင်းကွက်နဲ့ ငါ့ကို ခုတ်လိုက်။ မင်းနိုင်ရင် မင်းကိုငါ အသက်ရှင်ခွင့် ပေးမယ်။ ဒါ မင်းရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ "

နျိုဝူဖုန်းက ထပ်ပြောလိုက်သည်။

ထိုစကားကို ​ကြားသောအခါ တင်းချန်၏ မျက်လုံးထဲတွင် ရက်စက်သော အငွေ့အသက်များ ဖျတ်ခနဲ လက်သွား၏ ။

" ကောင်းပါပြီ ၊ ဒါ ခင်ဗျား ပြောတာနော် "

" ဓားဆယ့်နှစ်လက် ထွက်လာကြ "

ချွှင် ... ချွှင် ....

ဓားဆယ့်နှစ်ချောင်းလုံးက ဓားအိမ်မှ တစ်ပြိုင်နက်တည်း ကျွတ်ထွက်လာကာ သူ့အနောက်ဘက်တွင် စုစည်းသွားကြသည်။

" နတ်ဆိုးဘုရင် .. ဒါ ခင်ဗျားပြောလို့ ကျုပ် လုပ်ရတာနော် ။ ကြွားတာတော့ မဟုတ်ပေမယ့် ကျုပ်ရဲ့ အစွမ်းအထက်ဆုံး ဓားသိုင်းကွက်ကို ထိပ်တန်းအဆင့် ဓားသမားတစ်ယောက်က သင်ပေးခဲ့တာပဲ ။ ဒီဓားရဲ့ အစွမ်းက တစ်နယ်လုံးကိုတောင် ဖိနှိပ်နိုင်တယ်။ နတ်ဆိုးဘုရင်ကြီး .. ခင်ဗျား ဒီဓားကို တားချင်ရင်တောင် တားနိုင်မှာ မဟုတ်ဘူး "

တင်းချန်က အော်လိုက်သည်။

" တကယ်လားဟ"

နျိုဝူဖုန်းက သူ့အား စိတ်ဝင်တစား ပြန်ကြည့်နေ၏ ။

" ဟား ဟား .. ခင်ဗျားက သေချင်နေတာပဲ ။ ဓားဆယ့်နှစ်သွယ် .. တစ်ချောင်းတည်းဖြစ် .. "

ချွမ် ..

ချက်ချင်းပင် ဓားဆယ့်နှစ်လက်က ကြီးမားသော ဓားအရိပ်ကြီး တစ်ခုအဖြစ် စုစည်းသွားသည်။

" ကောင်းကင်ယံကို ဓားတစ်ချက်တည်းနဲ့ ဖျက်ဆီးစေ "

တင်းချန်၏ ကျယ်လောင်သော အော်သံနှင့်အတူ ဧရာမဓားရိပ်ကြီးက နျိုဝူဖုန်းဆီသို့ တဟုန်ထိုး တိုးဝင်သွားသည်။

ဘုန်း ..

ရုတ်ချည်းပင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။

တင်းချန်၏ ကြီးမားသော ဓားရိပ်ကြီးက နျိုဝူဖုန်း၏ ခန္ဓာကိုယ်ပေါ်မှ အကာအကွယ် အလင်းတန်းနှင့် ထိကာ ရှေ့သို့ အနည်းငယ် ဆက်တိုးသွားသည်။

ထို့နောက်တွင်မူ ၎င်းက အစိတ်စိတ်အမွှာမွှာ ကျိုးကြေသွား၏ ။

တစ်စက္ကန့်မျှ အတွင်းမှာပင် ဓားဆယ့်နှစ်ချောင်းလုံး သံတိုသံစများအဖြစ်သို့ ကျိုးပျက်သွားခဲ့လေပြီ။

သို့တိုင် ၎င်းက နျိုဝူဖုန်း ၏ အကာအကွယ် အလင်းတန်းကိုပင် မချိုးဖောက်နိုင်ခဲ့ပါ။

နျိုဝူဖုန်းက ခေါင်းငုံ့၍ တင်းချန် တိုက်ခိုက်ခဲ့သော နေရာသို့ ကြည့်ကာ အံ့အားသင့်သွားသည်။

" ဖျက်ဆီးခြင်းဓားကွက် တဲ့ .. နာမည်ကတော့ ဟုတ်နေတာပဲကွာ၊ အဲ့ဓားကွက်က ကြက်ပဲသတ်လို့ရမယ် ။ ဒါက ရှိသမျှအစွမ်း အကုန်ပဲလား "

သူက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

လောထျန်းက သူ့အကာကွယ် အလင်းတန်းအား မထူးခြားဟန်ဖြင့် ချိုးဖျက်ခဲ့သည်ကိုလည်း သူ သတိရသွား၏။

သို့သော် သူ့ရှေ့မှ လူကမူ စွမ်းအင်များကို အချိန်အတန်ကြာ စုစည်းပြီး ရှိသမျှအစွမ်းဖြင့် တိုက်ခိုက်ခဲ့သည့်တိုင် သူ့အစွမ်းက ဤမျှသာ ရှိသည်တဲ့လား .. ။

" ဟင် "

တင်းချန်မှာလဲ လုံးဝ နားမလည်နိုင်ဘဲ ဖြစ်နေသည်။

သူသည် သူ့တိုက်ခိုက်စွမ်းရည်ကို အမြဲယုံကြည်မှု အပြည့်ရှိခဲ့သူဖြစ်သည်။

သူ သုံးခဲ့သည့် သိုင်းကွက်က နျိုဝူဖုန်းအား အသေမသတ်နိုင်လျှင်ပင် ဒဏ်ရာကြီးစွာရအောင် လုပ်နိုင်လိမ့်မည်ဟုသာ သူ ထင်ထားခဲ့သည်။

သို့သော် ယခုတွင်မူ ....

" သေစမ်းကွာ "

ထိုစဥ် နျိုဝူဖုန်းက အထင်သေးဟန်ဖြင့် လက်ထဲမှ  တင်းပုတ်ကို မြှောက်ကာ တင်းချန်အား ထုပစ်လိုက်တော့သည်။

" ယား .. "

တင်းချန်က တင်းပုတ်အား တားဆီးရန် ကြိုးစားလိုက်သည်။

သို့သော် ထိုကြိုးစားမှုက အချည်းနှီးပင် ။

ဘုန်း ....

မထူးဆန်းစွာပင် တင်းချန်တစ်ကိုယ်လုံး ညက်ညက်ကျေသွားတော့သည်။

" အရူးကောင် .. နင် သူ့ကို သတ်လိုက်ရင် တိုက်ပွဲပြင်းပြင်း ဖြစ်ခဲ့တယ်လို့ ဘယ်လိုဟန်ဆောင်မလဲဟဲ့ "

ဘေးမှ နျိုထျဲ့ချူ၏ အရိပ်က ဒေါသမျက်နှာဖြင့် ကြည့်နေသည်။

" အ ..  ကျွန်တော် တောင်းပန်ပါတယ် အမေ။ ကျွန်တော် ကိုယ့်ကိုကိုယ် မထိန်းလိုက်နိုင်ဘူး ။ အခု ဘာဆက်လုပ်ရမလဲ "

ထိုစဥ်မှသာ နျိုဝူဖုန်း အသိဝင်သွားကာ ပျာပျာသလဲ ပြောလိုက်သည်။

နျိုထျဲ့ချူက သုန်မှုန်နေသော မျက်နှာဖြင့် ပြန်ပြော၏။

" သူက သေသွားပြီဆိုတော့ နင့်ကိုယ်နင် သွေးနည်းနည်းထွက်အောင် လုပ်ဖို့ နည်းလမ်းရှာရမယ်။ ဒါမှ နင် အမှတ်ရမာ .. နားလည်လား ။ အမေရော မင်းရောက အပြင်လူတွေပဲ ။ ဒီတော့ မင်း အဘိုးရဲ့ အသိမှတ်ပြုတာကို ခံချင်ရင် မင်း လောမိသားစုအတွက် သွေးထွက်မှ ရလိမ့်မယ် "

နျိုဝူဖုန်း ခေါင်းငုံ့ကာ သူ့တင်းပုတ်အား ကြည့်လိုက်သည်။

ခဏအကြာတွင်မူ သူက စိတ်ဆုံးဖြတ်ပြီးသွားဟန်ဖြင့် တင်းပုတ်ကိုကိုင်၍ သူ့ခေါင်းသူ ခပ်ပြင်းပြင်း ရိုက်ချလိုက်တော့သည်။

ဘုန်း ...

မိုးချုန်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၏ ။

ချက်ချင်းပင် နျိုဝူဖုန်း၏ ခေါင်းမှ သွေးများ စီးကျလာသည်။

" အမေ .. ဒါဆို အဆင်ပြေပြီလား "

ထိုအချိန်တွင် နျိုဝူဖုန်းမှာ ဒဏ်ရာကြောင့် မူးနောက်နေပြီး ပျံဖို့ပင် အနိုင်နိုင် ကြိုးစားနေရတော့သည် ။

" ကောင်းတယ် ၊ အခု လောမိသားစုဆီကို ပြန်သွားလို့ရပြီ။ မှတ်ထားနော် .. သား  ဒီနေ့ကစပြီး လောမိသားစုကို အသက်နဲ့လဲ ကာကွယ်ရမယ် "

နျိုထျဲ့ချူက ပြောလိုက်သည်။ စကားဆုံးသည်နှင့် သူမ၏ အရိပ် ပျောက်ကွယ်သွား၏။

All Chapters