အောင်မြင်မှုရဲ့အသီးအပွင့်
Vol. 53 Ch. 733
Translator - Hsue Htet
ဘုန်း!
ယွဲ့ယင်း၏သွေးမျိုးဆက် ပြောင်းလဲသွားခဲ့ပြီး လောကတစ်ခွင် အပြငအထန် တုန်ခါစေခဲ့သည်။ နတ်ဘုရားစွမ်းအင်ပါဝင်သည့် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်မှ တွဲလောင်းကျဆင်းလာသည်။ ထိုသို့ေသာ အရှိန်အဝါကြိုးမျှင်တန်းတစ်သောင်းသည် ယွဲ့ယင်း၏ဘေးပတ်လည်တွင် ရစ်ဝဲနေသည်။ ဤသည်မှာ ကမ္ဘာလောက၏ ထိပ်တန်းသွေးမျိုးဆက်အဖြစ်သို့ ပြောင်းလဲခြင်း၏ ခမ်းနားထည်ဝါသောမြင်ကွင်း ဖြစ်ပေသည်။
နတ်ဘုရားအရှိန်အဝါကြိုးမျှင်တန်းများ၏ ထွက်ပေါ်လာမှုသည် ယွဲ့ယင်းအား တုနှိုင်းမဲ့ပုဂ္ဂိုလ်ကြီးကဲ့သို့သော ပုံရိပ်မျိုးဖြစ်သွားစေသည်။ ခန္ဓာကိုယ်တွင် သွေးနီရောင်အလင်းများ ရစ်ပတ်နေပြီး သွေးရောင်မြူခိုးထုကြား နစ်မြုပ်နေသည်။ ၎င်းအခြင်းအရာသည် နတ်ဘုရားအရှိန်အဝါကြိုးမျှင်များနှင့် ရောယှက်သွားပြီး ခန္ဓာကိုယ်အတွင်းရှိ အရိုးများ၌ သဏ္ဍာန်မျိုးစုံကို ရေးထွင်းခပ်နှိပ်သွားသည်။
ဘုန်း!
ယွဲ့ယင်းထံမှ အင်အားကြီးမားလှစွာသော စွမ်းအင်များ ဖြာထွက်လာခဲ့ပြီး ဝန်းကျင်တစ်ခွင်အား လွှမ်းခြုံသွားခဲ့ရာ ရွှမ်းယွမ်နှင့် ကွေ့ဝူတို့အား မထိန်းချုပ်နိုင်စွာ တုန်လှုပ်သွားစေသည်။ ရွှမ်းယွမ်နှင့် ကွေ့ဝူတို့သည် မိမိတို့မှ သေခြင်းတရားထက် ခြေလှမ်းလိုက်ရသည့်အလား ချောက်ချားသွားရခြင်းအား မရပ်တန့်နိုင်ပါချေ။
ယွဲ့ယွင်း၏ပြောင်းလဲမှုနှင့်အတူ သူမ၏နောက်ရှိ လဝန်းယုန်ပုံရိပ်သည်လည်း တုန်ခါလာခဲ့ပြီး မြင့်သွန်းသည့်ပုံရိပ်ကြီးမှာ တောပသောအလင်းများ ဖြာထွက်လာခဲ့သည်။ ပုံရိပ်ထက်တွင် အက္ခရာတန်းများ ရေးထွင်းထားသကဲ့သို့ ထွက်ပေါ်လာခဲ့ရာ လဝန်းယုန်ပုံရိပ်ကြီးမှာ ကြောက်ခမန်းလိလိသော အရှိန်အဝါနှင့်ဖုံးလွှမ်းသွားစေခဲ့သည်။ ထို့ကြောင့် အဝေးရှိ ရွှမ်းယွမ်နှင့် ကွေ့ဝူတို့မှာ တုန်လှုပ်မိကြရပြန်သည်။
ဝမ်ဖုန်းပင်လျှင် စိတ်နှလုံး အနည်းငယ်တုန်လှုပ်သွားရသောကြောင့် ပုံရိပ်အား မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် ဖြာထွက်နေခဲ့သော အရှိန်အဝါအား ဝမ်ဖုန်းပင်လျှင် အနည်းငယ် ကြောက်ရွံ့မိရသည်။ ဤလျှို့ဝှက်ဆန်းကြယ်သည့် ကြောက်မက်ဖွယ်အရှိန်အဝါကြီးအား ဖောက်ထွင်းမမြင်နိုင်ပါချေ။
ဂျစ်!
ကြောက်ခမန်းလိလိသော အရှိန်အဝါများ ဆက်လက်ဖြာထွက်နေသောကြောင့် ကမ္ဘာလောကကြီးလည်း အဆက်မပြတ် တုန်ခါနေသည်။ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးမှ ယွဲ့ယင်းအား ဂုဏ်ပြုပေးနေသည့်အလား ခမ်းနားမှုများစွာ ဖြစ်တည်နေခဲ့ပြီး လောကတစ်ခွင်လုံးမှာ ရှုမငြီးဖွယ် ပန်းချီကားတစ်ချပ်အလား လှပနေတော့သည်။
ဝမ်ဖုန်းတို့၏ အကြည့်များအောက်၌ လဝန်းယုန်ပုံရိပ်သည် ရုတ်တရက် သေးကျုံ့သွားခဲ့သည်။ ထိုသို့သေးကျုံးသွားခြင်းနှင့်အတူ မူလက ပုံရိပ်ယောင်သည် အစိုင်အခဲဖြစ်လာသည်။ ဖြာထွက်နေသော အရှိန်အဝါသည် ပို၍ကြောက်မက်ချောက်ချားဖွယ် ကောင်းလာခဲ့ပြီး လေဟာပြင်အား သာမန်မျက်လုံးဖြင့် မြင်နိုင်သည့်အခြေအနေအထိ ပုံပျက်သွားစေသည်။
လဝန်းယုန်၏ပုံရိပ်ယောင် အစိုင်အခဲအဖြစ် ပြောင်းလဲသွားပြီးနောက်တွင် လဝန်းယုန်ထံမှ သစ်သီးရနံ့ရှိသော အငွေ့အသက် ထွက်ပေါ်လာသည်။ လေဟာပြင်ထက်တွင် အမိန့်စာတန်း ပေါ်ထွက်လာခဲ့ပြီး လဝန်းယုန်၏ခန္ဓာကိုယ်နှင့် ရောယှက်သွားခဲ့သည်။ ကောင်းကင်တစ်ခွင်လုံး အဆက်မပြတ် တုန်ခါနေလျက် လျှို့ဝှက်ဆန်းကြယ်သော အက္ခရာတန်းများ ပြန်ကျဲ့လာနေသည်မှာ ထူးခြားစွမ်းအင်ကြီးတစ်မျိုးမှ ၎င်းအက္ခရာတန်းများကို ဆွဲငင်နေသည့်အလားပင်.. ၎င်းအက္ခရာတန်းများအား လျှို့ဝှက်ဆန်းကြယ်သော ပုံစံတစ်မျိုးဖြင့် ရွေ့လျားနေစေသည်။
ဂျစ်!
၎င်းထူးခြားစွမ်းအင်၏ လွှမ်းမိုးမှုအောက်၌ လျှို့ဝှက်ဆန်းကြယ်အက္ခရာတန်းများသည် ရွှေရောင်တောင်ပသော ပလ္လင်အဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။ ရွှေရောင်ပလ္လင် ဖြစ်တည်သွားပြီးနောက်တွင် လဝန်းယုန်နှင့် ထိခတ်သွားခဲ့သည်။ လဝန်းယုန်သည် စွမ်းအင်၏ဆွဲငင်ခြင်းခံရပြီး ရွှေရောင်ပလ္လင်သို့ ရုတ်တရက် ပျံသန်းသွားခဲ့ပြီး စင်မြင့်ထက်တွင် နတ်ဘုရားတစ်ပါးကဲ့သို့သော အသွင်ဖြင့် ထိုင်ေနသည်။
ဘုန်း!
လဝန်းယုန် ပလ္လင်ထက်တွင် ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် နတ်ဘုရားအရှိနအဝါများ ရုတ်ချည်း ဖြာထွက်လာသည်။ လောင်ထျန်းဧကရာဇ်နယ်ပယ်သို့ တက်လှမ်းသွားခဲ့ပြီး တိုးတက်မှု ရပ်တန့်မသွားသေးပေ။
သူမ၏သွေးမျိုးဆက်သည် အလုံးစုံပြောင်းလဲသွားပြီး သူမဟ ခန္ဓာကိုယ်တွင် ရွှေခရမ်းရောင်သွေးများ စီးဆင်းနေသည်။ ခန္ဓာကိုယ်မှ တောက်ပသော နတ်ပန်းများ ပွင့်လန်းလာခဲ့ရာ အလွန်တရာ ရိုသေလေးမြတ်ဖွယ် ဖြစ်နေတော့သည်။ မနီးမဝေးရှိ ရွှမ်းယွမ်းနှင့် ကွေ့ဝူတို့သည် ယွဲ့ယင်းအား တိုက်ရိုက် မကြည့်ရှုဝံ့ကြချေ။
မရေမတွက်နိုင်သော သွေးနီရောင်အက္ခရာများ ယွဲ့ယင်း၏ခန္ဓာကိုယ်ထက်တွင် ရွေ့လျားနေလျက် အကြွင်းမဲ့လျှို့ဝှက်ဆန်းကြယ်သော ပြောင်းလဲမှုများကို ထုတ်လွှတ်နေသည်။ ထိုအခိုက်အတန့်၌ ယွဲ့ယင်း၏သွေးမျိုးဆက်သည် အမြင့်ဆုံးအဆင့်သို့ တိုက်ရိုက်တက်လှမ်းခဲ့ပြီး လဝန်းယုန်သားရဲ၏သွေးမျိုးဆက်နှင့် တူညီသောအဆင့်သို့ ရောက်ရှိခဲ့သည်။ လောကတစ်ခွင်မှာ နတ်ဘုရားအမိန့်စာတန်းများဖြင့် ပြည့်နှက်နေသည်။ ကောင်းကင်သည် အလင်းဖြာနေပြီး တိမ်စိုင်တိမ်စများစွာ
ထွက်ပေါ်နေပြီး မြင်ကွင်းတစ်ခုလုံးမှာ အံ့အားသင့်ဖွယ်ဖြစ်နေတော့သည်။
ရွှမ်းယွမ်နှင့် ကွေ့ဝူတို့သည် ကောင်းကင်မြင်ကွင်းကိုကြည့်၍ အံ့အားသင့်နေကြသည်။ သူတို့၏စိတ်အစဉ်သည် ထိုမြင်ကွင်း၏ ဆွဲဆောင်ခြင်းခံလိုက်ရကာ အချိန်အတော်လေး ကြာမြင့်သည်အထိ အသိစိတ်ပြန်မကပ်နိုင်ဘဲ ဖြစ်သွားရပေသည်။
ဝမ်ဖုန်းပင်လျှင် မသိမသာ ခေါင်းညိတ်မိရသည်။ သွေးပျစ်ခဲနတ်သစ်သီးသည် လောက၏ တစ်ခုတည်းသော အလေးအမြတ်သစ်သီးဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်ပေသည်။ ယွဲ့ယင်း၏ကျင့်ကြံဆင့်အား လောင်ထျန်းဧကရာဇ်အဆင့်သို့ တက်လှမ်းစေခဲ့ပြီး စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုအပ်တော့သည်။
ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံး၌ ယွဲ့ယင်းသည် အစ်အမှန်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိသည့် ပထမဆုံးသူလည်း ဖြစ်သည်။
သေချာပေါက်ပင် ယွဲ့ယင်း၏ လက်ရှိအခြေအနေအရ တစ်ဟုန်ထိုးတက်လှမ်းသွားသော ကျင့်ကြံဆင့်အား ဖမ်းဆုပ်နိုင်ရန်မှာ မဖြစ်နိုင်သေးပေ။ သူမအနေဖြင့် အပြည့်အဝထိန်းချုပ်နိုင်ရန် အချိန်လိုအပ်လိမ့်ဦးမည်။ ထိန်းချုပ်နိုင်သည့်အချိန်သို့ ရောက်သောအခါ ယွဲ့ယွင်း၏ တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် အလွန်ကြောက်မက်ဖွယ်အဆင့်သို့ တက်လှမ်းသွားလိမ့်မည်။ ထိုအခါ လောင်ထျန်းဧကရာဇ်နယ်ပယ်ကျင့်ကြံဆင့်ဖြင့် စစ်မှန်သောပြည့်ရှင်ဧကရာဇ်နယ်ပယ်၏ အင်အားနှင့် ယှဉ်နိုင်ရန်ဟူသည် ပြဿနာမရှိတော့ပေ။
စနစ်၏အကာအကွယ်ကြောင့် မဟုတ်ခဲ့လျှင် လဝန်းယုန်သွေးမျိုးဆက်ကြောင့် ထွက်ပေါ်လာသော အရှိန်အဝါသည် မျှော်စင်ကြီးတစ်ခုလုံးကို တုန်လှုပ်စေရန် လုံလောက်၏။ အပြင်လောကသို့ပင် ရိုက်ခတ်မှု ရှိသွားနိုင်ပေသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏မြင်ကွင်း မွေးဖွားလာခြင်းအပြင် ဝမ်ဖုန်း ပိုင်ဆိုင်သည့် လျှို့ဝှက်ဆန်းကြယ်မှုကိုပါ ပေါင်းထည့်လိုက်လျှင် စနစ်၏အကာအကွယ်အပြင်ဘက်၌ ကောင်းကင်မြင်ကွင်း ပျံ့နှံ့မှုအား မည်သူမျှ ဟန့်တားနိုင်လိမ့်မည် မဟုတ်ပေ။
ဂျစ်!
အချိန်မည်မျှ ကြာမြင့်သွားခဲ့သည် မသိပေ။ ကောင်းကင်မြင်ကွင်းကြီး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ရွှေရောင်ပလ္လင်ထက်ရှိ လဝန်းယုန်သည်လည်း ရွှေပလ္လင်နှင့်အတူ ယွဲ့ယင်း၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းဝင်ရောက်သွားသည်။
ထိုပေါင်းစည်းမှုကြောင့် ယွဲ့ယင်း အံ့ဩသွား၏။ သူမကို ဝန်းရံနေခဲ့သော တောက်ပသည့်အလင်းများ ရုတ်ချည်းပျောက်ကွယ်သွားခဲ့ပြီး အလင်းဖြင့်ကွယ်နေသော မျက်နှာလေးမှာလည်း ရှင်းလင်းသွားခဲ့သည်။ ရွှမ်းယွမ်နှင့် ကွေ့ဝူတို့သည် ယွဲ့ယင်း၏မျက်နှာကို မြင်သောအခါ နှလုံးအိမ်မှာ အရှိန်ပြင်းစွာ ခုန်လှုပ်သွားရသည်။ ရှက်ရွံ့သွားကြသည့်အလား မျက်နှာများ နီမြန်းကုန်ကြသည်။
သွေးမျိုးဆက်ပြောင်းလဲပြီးနောက်တွင် မူလကတည်းက လှပသော ယွဲ့ယင်းသည် ပို၍ပင် ဆွဲဆောင်မှုရှိလာခဲ့သည်။ ခန္ဓာကိုယ်နောက်မှ ခပ်ဖျော့ဖျော့အလင်းနှင့်အတူ မျက်မှောင်မှေးကျုံ့လိုက်ဟန်နှင့် အပြုံးတို့မှာ ရင်ခုန်ဖွယ်ဖြစ်သည်။ အသားအရေသည် ရွှန်းစို၍ ကျောက်စိမ်းကဲ့သို့ ဖြူစင်ပေသည်။
အထူးသဖြင့် လူ၏ဝိဉာဉ်ကို သွေးဆောင်ဖျားယောင်းရန် လုံလောက်သော အရည်ရွှန်းလဲ့သည့် မျက်လုံးဝိုင်းကြီးများ ဖြစ်၏။ ရွှမ်းယွမ်နှင့် ကွေ့ဝူတို့သည် ပို၍စိတ်လှုပ်ရှားလာကြသည်။ နှာတံမြင့်မြင့်၊ နှုတ်ခမ်းစိုစိုတို့မှာလည်း အလွန်တရာ ဆွဲဆောင်မှုရှိလှပေသည်။ ပုလဲတန်းကဲ့သို့ နှင်းဖြူရောင် သွားလေးများသည်လည်း နှစ်လိုဖွယ်ကောင်းလှပေသည်။
၎င်းမှာ ယွဲ့ယင်းသည် နတ်ဆိုးမိစ္ဆာဖြစ်နေသောကြောင့် ဖြစ်နိုင်ပါ၏။ သွေးမျိုးဆက် အဆင့်တိုးတက်ပြီးနောက်တွင် သူမ၏ခန္ဓာကိုယ်၏ နှစ်လိုဖွယ်ကောင်းမှုသည် ပို၍အားေကာင်းထင်ရှားလာခဲ့သည်။ ယွဲ့ယင်း၏ လှုပ်ရှားမှုတစ်ချက်တိုင်းတွင် ဆွဲဆောင်မှုရှိနေခဲ့ရာ ရွှမ်းယွမ်နှင့် ကွေ့ဝူတို့မှာ ထိန်းချုပ်နိုင်စွမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေရတော့သည်။
သွေးမျိုးဆက်ပြောင်းလဲပြီးသည်မှာ မကြာသေးရာ ယွဲ့ယင်းသည် သူမ၏အရှိန်အဝါကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။ သူမ၏ခန္ဓာကိုယ်မှာ နတ်ဘုရားအလင်းဖျော့ဖျော့ တောက်ပနေဆဲဖြစ်သည်။ သူမ၏ အပြုအမူတစ်ချက်သည် သက်ရှိသတ္တဝါအားလုံးကို ပြောင်းပြန်လှန်ပစ်ရန် လုံလောက်ပေသည်။
ယွဲ့ယင်း ဤသွေးမျှော်စင်မှ လမ်းလျှောက်ထွက်သွားလိုက်သည်နှင့် ပျက်သုဉ်းခြင်းနယ်ပယ်၏ ထိပ်တန်းအလှလေးများစာရင်းသို့ ဝင်ရောက်နိုင်သည်ဟုဆိုလျှင် ချဲ့ကားပြောဆိုခြင်း မဟုတ်ပါချေ။ ယွဲ့ယင်း၏အလှတရားသည် များစွာသော မျိုးဆက်သစ်လေးများအား ရူးသွပ်သွားစေနိုင်ပေသည်။
တုနှိုင်းမဲ့ဂိုဏ်းတော်ကြီး