အကြီးအကဲ ၅ဦး
Vol. 53 Ch. 734
Translator - Hsue Htet
“ရှပ်!”
ယွဲ့ယင်း၏ နှစ်လိုဖွယ်သော ခန္ဓာကိုယ်မှ လောင်ထျန်းဧကရာဇ်အထွတ်အထိပ်အဆင့် အရှိန်အဝါများ ဖြာထွက်လာသည်။ ယွဲ့ယင်းအား ဗဟိုပြု၍ စွမ်းအင်များ အရပ်လေးမျက်နှာသို့ ပျံ့နှံ့ရိုက်ခတ်သွားပြီး လောကတစ်ခွင်ကို တုန်ခါသွားစေသည်။ မိုင်တစ်သောင်းခန့်အထိသော လေဟာပြင်သည် သာမန်မျက်လုံးဖြင့် မြင်တွေ့နိုင်သည်အထိ ပုံပျက်သွားခဲ့သည်။ ပင့်ကူအိမ်ကဲ့သို့ အနက်ရောင် အက်ကွဲကြောင်းများ အရပ်လေးမျက်နှာသို့ ပျံ့နှံ့နေသည်မှာ ကောင်းကင်ပြိုပျက်တော့မည့်အလားပင်။
ခမ်းနားထည်ဝါသော အရှိန်အဝါကြောင့် ကွေ့ဝူနှင့် ရွှမ်းယွမ်တို့မှာ စိတ်နှလုံးတုန်လှုပ်၍ ဝိဉာဉ်သည်လည်း ဆုတ်ပြဲသွားတော့မည့်အလား တုန်ယင်နေရသည်။
သူတို့နှစ်ဦးသည် ယွဲ့ယင်းအား မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။ မျက်နှာအမူအရာတို့မှာ ထိတ်လန့်နေကြပေသည်။
ဝမ်ဖုန်းသည်လည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး မထိန်းချုပ်နိုင်စွာ ခေါင်းညိတ်အသိအမှတ်ပြုမိရသည်။ ဤသွေးပျစ်ခဲနတ်သစ်သီးသည် အမှတ်တကယ် လောကအဖိုးထိုက်ရတနာ ပီသပါပေသည်။ ၎င်း၏ အကျိုးသက်ရောက်မှုသည် အမှန်တကယ်ပင် ကြောက်ခမန်းလိလိ အင်အားကြီးမားလှပေသည်။
ယွဲ့ယင်းသည် ဘိုးေဘးအဆင့်သွေးမျိုးဆက်သို့ ပြောင်းလဲသွားခဲ့ပြီး လဝန်းယုန်သွေးမျိုးဆက်ကို ဖြစ်တည်စေခဲ့ရုံမျှမက ကျင့်ကြံမှုအခြေခံသည်လည်း သွေးမျိုးဆက်ပြောင်းလဲမှုကြောင့် လောင်ထျန်းဧကရာဇ်အဆင့်သို့
တက်လှမ်းသွားခဲ့သည်။
မကြာမီက ယွဲ့ယင်းသည် ပြင်းထန်လှသည့်တိုက်ပွဲကို ကြုံတွေ့ခဲ့ပြီးနောက် သူမ၏သွေးမျိုးဆက်ကို လောင်ကျွမ်းစေခဲ့သည်။ ထို့ကြောင့် သူမ၏ပင်ကိုကောင်းမွန်သော အထုံပါရမီသည် သာမန်အဆင့်မျှ ဖြစ်သွားခဲ့သည်။
“ရှပ်!”
ယွဲ့ယင်း၏မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ အလင်းတစ်စ ဖြတ်ပြေးသွားပြီး လေထုကို ထိုးဖောက်သွားရာ မည်းနက်သောအပေါက်ကြီးနှစ်ပေါက် ဖြစ်ပေါ်လာသည်။ ထိုအခိုက်အတန့်၌ ယွဲ့ယင်းသည် စိတ်လှုပ်ရှားလွန်းသောကြောင့် ခန္ဓာကိုယ်တွင်းစွမ်းအင်များသည် အပြင်းအထန် ပြည့်လျှံစီးဆင်းနေခဲ့သည်။ ကမ္ဘာလောကကြီး၏ တုန်ခါမှုသည်လည်း ပို၍ပြင်းထန်လာခဲ့သည်။
ယွဲ့ယင်းသည် သူမ၏ဝိဉာဉ်အား အလဲအထပ်လုပ်ရန် ရွေးချယ်လိုက်ခြင်းမှာ အလွန်ကံကောင်းပေသည်။ သို့မဟုတ်ပါက သူမအနေဖြင့် အဘယ်သို့များ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်းသည့် အခွင့်အရေးကြီးကို ရရှိနိုင်ပါအံ့နည်း။ သူမ၏ မူလအခြေအနေမှာ အသုံးမကျသူတစ်ဦးမျှအထိ မဟုတ်သည့်တိုင် သာမန်မျှသော အထုံပါရမီအား ပိုင်ဆိုင်ထားသူဖြစ်ခဲ့သည်။ သူမသည် သာမန်ကျင့်ကြံသူတစ်ဦးဖြစ်လေရာ သွေးပျစ်ခဲနတ်သစ်သီးကဲ့သို့သော အရာအား အဘယ်သို့များ ရယူနိုင်ပါလိမ့်မည်နည်း။။
အမှန်အတိုင်းဆိုရလျှင် ယခင်က သူမသည် တန်ဖိုးမရှိပါချေ။ သို့သော် ဝမ်ဖုန်းမှ သွေးပျစ်ခဲနတ်သစ်သီးအား သူမအတွက် အသုံးပြုပေးခဲ့ရာ မည်သည့်နတ်ဆိုးမိစ္ဆာမျိုးနွယ်စုအား အစားထိုးခံရသည်ဖြစ်စေ ယွဲ့ယင်းသည် ဝမ်ဖုန်းတို့အား နတ်ဆိုးဘိုးဘေးဘုရားကျောင်းသို့ ခေါ်သွားပေးရန် သဘောတူမည်ဖြစ်သည်။ ဝမ်ဖုန်းအား ကျေးဇူးရှင်အဖြစ် သတ်မှတ်ပြီး ပြန်လည်မွေးဖွားလာသော မိဘတစ်ဦးအဖြစ်ပင် လေးစားပေးနိုင်ပေသည်။
အခြားနတ်ပစ္စည်းများဖြစ်ပါက နတ်ဆိုးမျိုးနွယ်စုသည် စိတ်ပါဝင်စားလိမ့်မည် မဟုတ်ပေ။ သို့သော် သွေးပျစ်ခဲနတ်သစ်သီးမှာမူ သွေးမျိုးဆက်အား အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ပေးနိုင်သည့် နတ်ပစ္စည်းတစ်ခုဖြစ်သည်။ ထို့ကြောင့် နတ်ဆိုးမျိုးနွယ်များကို အလွန်တပ်မက်စေပေသည်။ မည်သည့်နတ်ဆိုးမျိုးနွယ်ဖြစ်စေ သွေးပျစ်ခဲနတ်သစ်သီးကို လိုချင်တပ်မက်စိတ်အား မတွန်းလှန်နိုင်ပါချေ။
သို့တိုင် ဝမ်ဖုန်းသည် သူမကို သွေးပျစ်ခဲနတ်သစ်သီးအား ပေးအပ်ခဲ့ပြီး ပြန်လည်တောင်းဆိုသည့်အရာမှာ သူမ၏သစ္စာတရားသာ ဖြစ်ခဲ့သည်။ ဤအပေးအယူသည် သူမ၏ဘဝတစ်လျှောက်လုံးတွင် ပြုလုပ်ခဲ့ဖူးသည့် အပေးအယူများထဲတွင် အထိုက်တန်ဆုံးသော အပေးအယူဟု ယွဲ့ယင်း ခံစားမိပေသည်။
ယွဲ့ယင်း စိတ်နှလုံးအတွင်းမှ စိတ်လှုပ်ရှားနေမှုကို တွန်းလှန်၍ ဝမ်ဖုန်းကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် ကျေးဇူးတင်ခြင်း၊ ပျော်ရွှင်မှု အစရှိသော ခံစားမျိုးစုံသည် အဆုံးမရှိ ထင်ဟပ်နေလေသည်။ အလွန်တရာ ရှုပ်ထွေးလွန်းလှပေသည်။
“ယွဲ့ယင်းကို ပေးခဲ့တဲ့ အခွင့်အရေးအတွက် ကျေးဇူးတင်ပါတယ်။ အခုအချိန်ကစပြီးတော့ အစ်ကိုကြီး အမိန့်ပေးလိုက်တာနဲ့ ဓားတောင်နဲ့မီးပင်လယ်ကို ဖြတ်ကျော်ရမယ်ဆိုရင်တောင်မှ ယွဲ့ယင်း သေချာပေါက် နာခံမှာပါ။ ယွဲ့ယင်း တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး”
ထိုစကားလုံးများသည် လောကတစ်ခွင်၌ မိုးခြိမ်းသံအလား မြည်ဟီးသွားခဲ့သည်။ ကွေ့ဝူနှင့် ရွှမ်းယွမ်တို့ပင်လျှင် ယွဲ့ယင်း၏စကားထဲမှ ခိုင်ကြည်မှုကို ခံစားနိုင်ပေသည်။
ထိုအခါ ဝမ်ဖုန်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သွေးပျစ်ခဲနတ်သစ်သီးကို အသုံးပြုလိုက်ရခြင်းမှာ ထိုက်တန်ပေသည်။ သွေးပျစ်ခဲနတ်သစ်သီးကဲ့သို့သော နတ်ပစ္စည်းများသည် ဝမ်ဖုန်းအတွက်လည်း အမှန်တကယ် အံ့ချီးဖွယ်ကောင်း၍ အင်အားကြီးမားပါ၏။ သို့သော် ၎င်းတို့မှာ အသုံးဝင်ရုံသာ ဖြစ်သည်။ မှန်ကန်သည့်လူကို ရွေးချယ်နိုင်လျှင် သန္ဓေသား၏တန်ဖိုးကို အမြင့်ဆုံးသို့ မြှင့်တင်နိုင်လိမ့်မည် မဟုတ်ပါလော။
“မင်း ငါ့အပေါ် သစ္စာရှိနေသ၍ ငါမင်းကို ဆိုးဆိုးရွားရွား မဆက်ဆံပါဘူး”
“အဲ့လိုဆိုရင် မင်းရဲ့ဝိဉာဉ်ကို ပြန်ပေးဖို့လည်း ပြဿနာရှိမှာ မဟုတ်ဘူး”
ဝမ်ဖုန်း ယွဲ့ယင်းအား တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
ယွဲ့ယင်း၏ဝိဉာဉ် မရှိလျှင်သော်မှ ဝမ်ဖုန်း၏ တိုက်ခိုက်ချေမှုန်းစွမ်းရည်ဖြင့် ယွဲ့ယင်းသည် လောင်ထျန်းဧကရာဇ်အဆင့်ဖြစ်စေ၊ စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့် ကျင့်ကြံသူဖြစ်စေ ယွဲ့ယင်းအား သတ်ဖြတ်နိုင်စွမ်းရှိသည်ဖြစ်၏။
ဝမ်ဖုန်း၏စကားအဆုံး၌ ယွဲ့ယင်း၏ မျက်လုံးလှလှလေးများ မှေးကျုံ့သွား၏။ သူမ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ ယွဲ့ယင်းသည် မိမိ၏ဝိဉာဉ်ကို ထုတ်ပေးခဲ့ချိန်ကတည်းက ထိုဝိဉာဉ်အား ပြန်ရလိမ့်မည်ဟူသည့် အတွေးမရှိပါချေ။ ဝမ်ဖုန်းအား အလုံးစုံ ပေးအပ်လိုက်ပြီးဖြစ်သည်။
သူမ၏ သွေးမျိုးဆက်ပြောင်းလဲမှုသည် အမျိုးသားအပေါ် အဘယ်မျှ ဆွဲဆောင်မှုရှိကြောင်းကို ယွဲ့ယင်း ကောင်းကောင်းသိ၏။ ဖြောင့်မတ်တည်ကြည်သော အမျိုးသားများပင်လျှင် သူမ၏အလှတရားအောက်တွင် ကျရှုံးသွားနိုင်ပေသည်။
သို့သော် ဝမ်ဖုန်းသည်လည်း သူမ၏ဝိဉာဉ်အား ပြန်ပေးရန်ဆန္ဒရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ၎င်းမှာ ကတိစကားသက်သက်သာ ဖြစ်ခဲ့လျှင်သော်မှ ယွဲ့ယင်းအတွက် လုံလောက်ပေသည်။ သွေးပျစ်ခဲနတ်သစ်သီးကဲ့သို့သော အထွတ်အမြတ်ပစ္စည်းကို အခြားသူတစ်ယောက်သို့ ပေးအပ်ခဲ့သူမှာ ယွဲ့ယင်းဖြစ်ခဲ့လျှင် ယွဲ့ယင်းအနေဖြင့် ထိုလူ၏အသက်ကို ကျိန်းသေပေါက် သူမ၏လက်ထဲတွင် ဆုပ်ကိုင်ထားမည်ဖြစ်ပါ၏။
“သခင့်ကို ကျေးဇူးတင်ပါတယ်။ ယွဲ့ယင်း သခင့်အတွက်ဆို မီးတောင်နဲ့ပင်လယ်ပြင်ကိုလည်း ဖြတ်ကျော်ပေးနိုင်ပါတယ်”
ယွဲ့ယင်း ဝမ်ဖုန်းကို လေးနက်စွာ အရိုအသေပြု၍ တုံ့ပြန်သည်။
ဝမ်ဖုန်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် မေးမြန်းသည်။
“နတ်ဆိုးဘိုးဘေးဘုရားကျောင်းကို ဘယ်တော့သွားနိုင်မလဲ”
ထိုအခါ ယွဲ့ယင်း၏မျက်နှာ တောင့်ခဲသွား၏။ သူမ လေးနက်စွာသော အသံအနေအထားဖြင့် ပြန်ဖြေသည်။
“ယွဲ့ယင်းရဲ့သွေးမျိုးဆက်က ဘိုးဘေးအဆင့်ကို ရောက်ရှိပြီး ကျင့်ကြံဆင့်လည်း လောင်ထျန်းဧကရာဇ်အထွတ်အထိပ်အဆင့်ကို တက်လှမ်းသွားပြီးပေမဲ့ နတ်ဆိုးဘိုးဘေးဘုရားကျောင်းက နတ်ဆိုးလောကအတွက် အလွန်တရာ အထွတ်အမြတ်ထားရတဲ့အရာ ဖြစ်ပါတယ်။ ကျွန်မ တစ်ယောက်တည်း ဝင်မှာဆိုရင်တော့ ကျွန်မရဲ့ လက်ရှိသွေးမျိုးဆက်နဲ့ဆို ပြဿနာမရှိနိုင်ပါဘူး”.
“ဒါပေမဲ့ တခြားအရွယ်ရောက်ပြီးသူတွေကိုပါ ခေါ်ပြီးဝင်ဖို့အတွက်ကတော့ နတ်ဆိုးဘိုးဘေးဘုရားကျောင်း အကြီးအကဲတွေရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်”
“အို ဘယ်လိုမျိုးလဲ”
ဝမ်ဖုန်း၏မျက်နှာ ပျက်ယွင်းသွားပြီး နူးညံ့စွာ မေးလိုက်သည်။
“နတ်ဆိုးဘိုးဘေးဘုရားကျောင်းမှာ ပုံမှန်အားဖြင့် အကြီးအကဲ၅ယောက်က တစ်ဖက်တစ်ချက်စီမှာ စောင့်ကြပ်ကြပါတယ်။ အကြီးအကဲ၅ယောက်လုံးက စစ်မှန်သောပြည့်ရှင်ဧကရာဇ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတွေပါ။ သူတို့ရဲ့အင်အားက မှန်းဆလို့မရနိုင်အောင် နက်နဲကြတယ်။ နတ်ဆိုးဘိုးဘေးဘုရားကျောင်းကို ဝင်ရောက်ဖို့အတွက် သူတို့ရဲ့ခွင့်ပြုချက် လိုအပ်တယ်”
ယွဲ့ယင်း၏စကားကို နားထောင်ပြီးနောက် ဝမ်ဖုန်း မျက်မှောင်ကြုတ်မိလိုက်သည်။
“ဒီလောကမှာ နတ်ဆိုးမျိုးနွယ်ရဲ့ ကျင့်ကြံမှုအဆင့် ကန့်သတ်ချက်က ဘာလဲ”
“စစ်မှန်သောပြည့်ရှင်ဧကရာဇ် အထွတ်အထိပ်အဆင့်ပါ”
“ထိပ်တန်းနတ်ဆိုးမျိုးနွယ်စုရဲ့ ဘိုးဘေးတွေရော၊ နတ်ဆိုးဘိုးဘေးဘုရားကျောင်းရဲ့ အကြီးအကဲတွေရော အားလုံးက ဒီလောကရဲ့ အမြင့်ဆုံးကန့်သတ်ချက်ကို ရောက်နေကြပြီ။ ဒါပေမဲ့ အင်အားအရာကို ယှဉ်ကြည့်မယ်ဆိုရင်တော့ နတ်ဆိုးဘိုးဘေးဘုရားကျောင်း အကြီးအကဲတွေက အင်အားအကြီးမားဆုံးပဲ”
ဝမ်ဖုန်း၏အမေးကို ယွဲ့ယင်းသည် တုံ့ဆိုင်းတွေဝေခြင်းမရှိ၊ ကွယ်ဝှက်ခြင်းမရှိ ပြန်ဖြေပေးသည်။ လက်ရှိအချိန်တွင် ယွဲ့ယင်း သစ္စာခံထားသည်မှာ နတ်ဆိုးမျိုးနွယ် မဟုတ်ဘဲ ဝမ်ဖုန်းဖြစ်၏။
“သူတို့ရဲ့ခွင့်ပြုချက်ကို ဘယ်လိုရနိုင်မလဲ”
ယွဲ့ယင်းသည် အချိန်ခဏကြာ စဉ်းစားတွေးတောနေပြီးနောက် ခေါင်းခါရမ်းလာသည်။
“ယွဲ့ယင်းလည်း မသိဘူး။ အရင်တုန်းကတော့ နတ်ဆိုးဘိုးဘေးဘုရားကျောင်းထဲကို ဝင်နိုင်ဖို့က ဝင်မယ့်သူရဲ့ သွေးမျိုးဆက်အပေါ်ပဲ အလုံးစုံ မူတည်ခဲ့တာ။ သွေးမျိုးဆက်က အရည်အချင်းပြည့်မှီသ၍ အကြီးအကဲ၅ယောက်က ဟန့်တားမှာ မဟုတ်ဘူး”
“နတ်ဆိုးဘိုးဘေးဘုရားကျောင်းထဲကို အပြင်လူတွေ ခေါ်ဖို့ကတော့ ကျွန်မလည်း ပထမဆုံးပဲ။ အကြီးအကဲ၅ဦးက ဘယ်လိုတွေ အခက်တွေ့စေမလဲတော့ ကျွန်မလည်း မသိဘူး”
“ဒါပေမဲ့ ကျွန်မရဲ့လက်ရှိသွေးမျိုးဆက်နဲ့ဆို အကြီးအကဲ၅ဦးလည်း သခင်တို့ကို ခက်ခဲအောင် မလုပ်ရဲလောက်ပါဘူး”
ယွဲ့ယင်းသည် သူမ၏ သွေးမျိုးဆက်နှင့်ပတ်သက်ပြီး ယုံကြည်မှုအပြည့်ရှိသည်။ သူမ၏ သွေးမျိုးဆက်ကို ပြသလိုက်လျှင် အကြီးအကဲ၅ဦးသည် သူမနှင့် ဝမ်ဖုန်းတို့အား အခက်မတွေ့စေလောက်ဟု ယုံကြည်ပေသည်။ ဤလောက၏ မည်သူမျှ သူမကဲ့သို့သော သွေးမျိုးဆက်အဆင့်သို့ မရောက်ရှိနိုင်ကြသည် မဟုတ်ပါလော။
တုနှိုင်းမဲ့ဂိုဏ်းတော်ကြီး