နတ်ဆိုးမျိုးနွယ်ကြီး အောင်မြင်ထမြောက်ပြီ
Vol. 53 Ch. 736
Translator - Hsue Htet
ဘုန်း!
အကြီးအကဲ၅ဦးသည် အံ့ဩထိတ်လန့်သွားမှုကြောင့် မထိန်းချုပ်နိုင်စွာ နက်နဲလှစွာသောစွမ်းအင်များကို ထုတ်လွှတ်မလိုက်ကြသည်။ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး အပြင်းအထန် တုန်ခါသွားပြီး ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းကြီးများသည် အကြီးအကဲ၅ဦးကို ဗဟိုပြု၍ ပျံ့နှံ့ထွက်ပေါ်လာသည်။
အကြီးအကဲ၅ဦးမှာ အံ့ဩထိတ်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့် အခြားစိတ်ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်မှာ အလွန်တရာ ရှုပ်ထွေးလှပေသည်။ မူလက တည်ငြိမ်နေခဲ့သော မျက်နှာအမူအရာများသည်လည်း မတည်ငြိမ်ကြတော့ပေ။
အကြီးအကဲ၅ဦးသည် ဤလောက၌ ဘိုးဘေးအဆင့်သွေးမျိုးဆက်အား ပိုင်ဆိုင်သူ တည်ရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။
ဘိုးဘေးအဆင့်သွေးမျိုးဆက်!
၎င်းမှာ နတ်ဆိုးမျိုးနွယ်ဝင်တိုင်း ရှာဖွေကြသည့် အထက်တန်းလွှာ သွေးမျိုးဆက်ဖြစ်သည်။ သို့သော် ဘိုးဘေးအဆင့်သွေးမျိုးဆက်ကို ပိုင်ဆိုင်ရန်ဟူသည် အလွန်ခက်ခဲ၏။ ရှေးယခင်အချိန်များကတည်းက ဘိုးဘေးအဆင့်သွေးမျိုးဆက်ပိုင်ရှင် နတ်ဆိုးမျိုးနွယ် တစ်ယောက်သော်မျှ မရှိခဲ့ဖူးပေ။
အကြီးအကဲ၅ဦးသည် ယွဲ့ယင်း၏သွေးမျိုးဆက် အရှိန်အဝါကြောင့် တုန်လှုပ်နေကြသည်။
ဘိုးဘေးအဆင့်သွေးမျိုးဆက်ဟူသည် နတ်ဆိုးမျိုးနွယ်စု၏ မူလအရင်းခံဖြစ်သော သွေးမျိုးဆက်ဖြစ်သည်။ ဥပမာ ယွဲ့ရှန်းနတ်ဆိုးမျိုးနွယ်စု၏ မူလအရင်းခံ သွေးမျိုးဆက်သည် လဝန်းယုန်သွေးမျိုးဆက်ဖြစ်သည်။ ယခု ယွဲ့ယင်းပိုင်ဆိုင်ထားသည့် သွေးမျိုးဆက်ဖြစ်၏။
ဘိုးဘေးအဆင့်သွေးမျိုးဆက် ထွက်ပေါ်လာပါက ၎င်းသွေးမျိုးဆက်ပိုင်ရှင်သည် မည်သည့်နတ်ဆိုးမျိုးနွယ်မှဖြစ်စေ အရေးပါသူဖြစ်၏။
အကြီးအကဲ၅ဦးမှာ အဘယ်မျှ စိတ်လှုပ်ရှားနေကြသည်ကို ဘုရားသာလျှင် သိရှိပေလိမ့်မည်။ သူတို့သည် ဝမ်ဖုန်းတို့ကိုပင် လျစ်လျူရှုထားကြကာ သူတို့၏မျက်လုံးထဲတွင် ယွဲ့ယင်းတစ်ဦးတည်းသာလျှင် တောက်ပစွာဖြစ်တည်နေပေသည်။
“လပြည့်ဝန်းနတ်ဆိုးဂိုဏ်းမှာ ဘိုးဘေးအဆင့်သွေးမျိုးဆက်ရှိလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူးပဲ။ နတ်ဆိုးမျိုးနွယ်စုကတော့ ပျော်ရွှင်ဝမ်းမြောက်သင့်တာပါပဲ!”
အကြီးအကဲရှီးကန်းကျင့်သည် ယွဲ့ယင်းကို အချိန်ခဏကြာ စိုက်ကြည့်လျက် စိတ်နှလုံးတုန်လှုပ်မှုကို ဖိနှိပ်ခြင်းမပြုဘဲ ခံစားချက်စွက်၍ ပြောလာခဲ့သည်။
အခြားအကြီးအကဲများသည် စကားမဆိုကြသော်ငြား သူတို့သည်လည်း စိတ်ခံစားချက်များ ပြည့်နှက်ရောသွမ်းနေပေသည်။ သူတို့သည် နတ်ဆိုးမျိုးနွယ်စုထဲတွင် ဘိုးဘေးအဆင့်သွေးမျိုးဆက်ကို ပိုင်ဆိုင်သူရှိလာခဲ့ပြီး ထိုပုဂ္ဂိုလ်အား မျက်မြင်တွေ့ နိုင်ဖို့ရာ မျှော်လင့်ရန် မဝံ့ရဲခဲ့ပေ။ သို့ဖြစ်ရာ သူတို့ ယခုချက်ချင်း သေဆုံးရလျှင်ပင် ထိုက်တန်ပေသည်။
အကြီးအကဲ၅ဦး၏ ယခုလက်ရှိအဆင့်သို့ ရောက်ရှိပြီးလျှင် ရှေ့ဆက်တက်လှမ်းရန်အတွက် အလွန်တရာခက်ခဲသည်။ ထို့ကြောင့် အကြီးအကဲ၅ဦးအတွက် သူတို့၏ကျင့်ကြံဆင့်နှင့် အသက်တို့မှာ အရေးမကြီးတော့ပေ။ ဤလောကတွင် အင်အားကြီးမားသည့် နတ်ဆိုးမျိုးနွယ်များ ပေါ်ပေါက်လာခြင်းသာလျှင် သူတို့၏ တစ်ခုတည်းသော ဆန္ဒဖြစ်သည်။
နတ်ဆိုးမျိုးနွယ်စု အင်အားကြီးမားမှသာ ဤလောကကို ထိုးဖောက်၍ လောကအစစ်သို့ သွားနိုင်မည်ဖြစ်သည်။ ဤလောကထဲတွင် ပိတ်မိနေမည့်အစား လောကကြီးတစ်ခုလုံးကို မြင်တွေ့နိုင်မည်ဖြစ်ပြီး ကျင့်ကြံဆင့်သည်လည်း ကြက်သွေးရောင်ဧကရာဇ်အဆင့်သို့ ကျော်လွန်နိုင်မည်ဖြစ်သည်။
ဤလောကကို ထိုးဖောက်မထွက်သ၍ သူတို့သည် စစ်မှန်သောပြည့်ရှင်ဧကရာဇ် အထွတ်အထိပ်အဆင့်တွင်သာ ပိတ်မိနေကာ အဆင့်တက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။
အကြီးအကဲ၅ဦးသည် ထိုသို့ စဉ်းစားတွေးတောခြင်းကြောင့် နတ်ဆိုးမျိုးနွယ်အားလုံး၏ လေးစားရသူများ ဖြစ်လာခဲ့ပြီး ဤလောက၏ နတ်ဆိုးမျိုးနွယ်များအတွက် တားမြစ်နယ်မြေကဲ့သို့ နတ်ဆိုးဘိုးဘေးဘုရားကျောင်းအား စောင့်ရှောက်ကြခြင်းဖြစ်သည်။
“မိန်းကလေး ဒီနားလာပြီး ဒီလူအိုကြီးကို ကောင်းကောင်းကြည့်ခွင့်လေး ပေးပါဦး”
အကြီးအကဲရှီးကန်းကျင့်မှ ယွဲ့ယင်းကို လက်ယပ်ခေါ်သည်။ သူ၏မျက်နှာအမူအရာသည် အသက်အရွယ်ကြီးရင့်သည့် အဖိုးအိုတစ်ယောက်ကဲ့သို့ ကြင်နာနွေးထွေးနေသည်။
အကြီးအကဲရှီးကန်းကျင့်နှင့် တူညီစွာပင် အခြားအကြီးအကဲများ၏ မျက်နှာအမူအရာများသည်လည်း ကြင်နာနွေးထွေးနေကြသည်။ သူတို့သည် ယွဲ့ယင်းကို မိမိတို့၏မြေးမလေးအား ကြည့်နေသကဲ့သို့ ကြင်နာနွေးထွေးမှုများ ပြည့်လျှမ်းစွာဖြင့် ကြည့်နေခဲ့ကြသည်။
“ကျွန်မ နတ်ဆိုးဘိုးဘေးဘုရားကျောင်းထဲကို ဝင်ချင်ပါတယ်”
သို့သော် ယွဲ့ယင်းသည် အကြီးအကဲရှီးကန်းကျင့်၏ စကားကို နားမထောင်ပေ။ အကြီးအကဲရှီးကန်းကျင့်ကို စိုက်ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏ တင့်တယ်လှပသော ခန္ဓာကိုယ်လေးသည် အကြွင်းမဲ့သော ဩဇာကြီးမားသည့် အငွေ့အသက်များ လွှမ်းခြုံလျက် သူ၏နောက်ရှိ လဝန်းယုန်ပုံရိပ်သည် တောက်ပစွာ ပွင့်လန်းနေသည်။ တောက်ပသည့်အလင်းသည် ယွဲ့ယင်းအား ၉လောက၏ နတ်သမီးတစ်ပါးကဲ့သို့သော အသွင်အပြင်ရှိစေကာ တိုက်ရိုက်မမြင်တွေ့နိုင်သော အင်အားအရှိန်အဝါမျိုးလည်း ရှိနေသည်။
“သေချာပေါက် ဝင်လို့ရတာပေါ့!”
“မင်းရဲ့အဲဒီသွေးမျိုးဆက်နဲ့ကို မင်းမှ ဘုရားကျောင်းထဲဝင်ဖို့ အရည်အချင်းမပြည့်မီဘူးဆိုရင် ဒီလောကမှာ ဘယ်နတ်ဆိုးမျိုးနွယ်ဝင်မှ ဒီနတ်ဆိုးဘိုးဘေးဘုရားကျောင်းထဲဝင်ဖို့ အရည်အချင်းပြည့်မီမှာ မဟုတ်ဘူး”
ယွဲ့ယင်း၏အပြုအမူကို အကြီးအကဲရှီးကန်းကျင့်သည် စိတ်ဆိုးဒေါသထွက်ခြင်း မရှိပေ။ သို့သော် ဂျစ်တိုက်တတ်သည့် မျိုးဆက်သစ်အငယ်လေးနှင့် စကားပြောေနသည့်အလား ပို၍နှစ်လိုဖွယ်သော ကြင်နာသည့်အပြုံးဖြင့် ပြောလာခဲ့သည်။
အကြီးအကဲရှီးကန်းကျင့်၏ စကားကို ကြားပြီးနောက်တွင် ယွဲ့ယွင်းသည် စိုးစဉ်သော်မျှ ပျော်ရွှင်ဝမ်းမြောက်ဟန် ဖြစ်မသွားဘဲ ပို၍မျက်နှာတည်လိုက်၏။
ဘိုးဘေးအဆင့်သွေးမျိုးဆက်ကို ရရှိပြီးချိန်တွင် ယွဲ့ယင်းသည် မိမိမှာ နတ်ဆိုးဘိုးဘေးဘုရားကျောင်းထဲသို့ အခက်အခဲမရှိ ဝင်ရောက်နိုင်လိမ့်မည်ဟု သိထားပြီးဖြစ်၏။ သို့သော် ခက်ခဲလိမ့်မည်မှာ ဝမ်ဖုန်းတို့ဖြစ်သည်။
နတ်ဆိုးဘိုးဘေးဘုရားကျောင်းသည် ဤလောက၏ နတ်ဆိုးမျိုးနွယ်များအတွက် အထွတ်အမြတ်ထားရသော နေရာဖြစ်သည်။ နတ်ဆိုးမျိုးနွယ်ဝင်များပင်လျှင် ဘုရားကျောင်းထဲသို့ ဝင်ရောက်ရခြင်းမှာ ထိုမျှမရိုးရှင်းပေ။ သွေးမျိုးဆက်အဆင့် မလုံလောက်ပါက ဘုရားကျောင်းထဲသို့ ခြေချခွင့်မရနိုင်ပေ။
နတ်ဆိုးမျိုးနွယ်ဝင်တွေတောင် အရမ်းခက်ခဲနေတာကို အပြင်လူတွေဆို ဘယ်လိုလုပ်ပါ့မလဲ။
ယွဲ့ယင်း မည်မျှတွေးတောကြည့်ပါစေ ဤနတ်ဆိုးဘိုးဘေးဘုရားကျောင်းထဲသို့ အပြင်လူဝင်ရောက်နိုင်သည့်အကြောင်းကို တစ်ကြိမ်တစ်ခါသော်မျှ မကြားဖူးပါချေ။
“ကျွန်မ ဒီလူကြီးမင်းတို့ကိုပါ အထဲခေါ်သွားမယ်”
ယွဲ့ယင်း အံကိုတင်းတင်းကြိတ်၍ အကြီးအကဲ၅ဦးကို စေ့စေ့ကြည့်ကာ ဝမ်ဖုန်းတို့ကို ညွှန်ပြ၍ အခိုင်အမာပြောလိုက်သည်။ သူမ၏အသံမှာ အလွန်တင်းမာနေခဲ့သည်။
ယွဲ့ယင်း၏စကားများသည် ပေါ့ပါးသော်ငြား မိုးခြိမ်းသံကဲ့သို့ မြည်ဟီးသွားသည်။ အကြီးအကဲ၅ဦး၏ နားစည်ထဲတွင် ကျယ်လောင်စွာ မြည်ဟီးသွားခဲ့ပြီး ခန္ဓာကိုယ်များတုန်လှုပ်လျက် ဝမ်ဖုန်းတို့ကို ကြည့်လာကြသည်။
အကြီးအကဲ၅ဦးသည် ထိုအခါမှသာ ဝမ်ဖုန်းတို့ထံ အကြည့်ရောက်လာခဲ့သည်။ ထိုမတိုင်မီကလည်း အကြီးအကဲ၅ဦးသည် ဝမ်ဖုန်းတို့၏တည်ရှိမှုကို ခံစားမိပါ၏။ သို့သော် ဝမ်ဖုန်းတို့ကို အာရုံမစိုက်ခဲ့ခြင်းသာဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ ကွဲပြား၏။ ယွဲ့ယင်းသည် နတ်ဆိုးမျိုးနွယ်စု၏ ကံကြမ္မာကိုပြောင်းလဲရန် မျှော်လင့်ချက်ဖြစ်သော ဘိုးဘေးအဆင့်သွေးမျိုးဆက်ပိုင်ရှင်ဖြစ်သည်။ သို့သော် ထိုမျှော်လင့်ချက်၏စိတ်နှလုံးသည် နတ်ဆိုးမျိုးနွယ်စုအား ဦးစားပေးထားဟန် မရချေ။
“သူတို့လား”
“မင်းက ဂုဏ်သရေရှိနတ်ဆိုးမျိုးနွယ်ဝင်တစ်ဦးဖြစ်ပြီး ဘိုးဘေးအဆင့်သွေးမျိုးဆက်ပိုင်ရှင်ပဲ။ မင်းမှာ ဒီလောကရဲ့ နတ်ဆိုးမျိုးနွယ်အားလုံးထက် ပိုထူးကဲတဲ့ သွေးမျိုးဆက်ရှိတယ်။ အဲဒါကို မင်းက အဲဒီလူတွေကို ဘုရားကျောင်းထဲ ခေါ်သွားချင်တယ်ပေါ့လေ”
“ကလေး မင်းက ဘိုးဘေးအဆင့်သွေးမျိုးဆက်ပိုင်ရှင်တစ်ယောက်၊ မင်းပခုံးထက်မှာ ထမ်းပိုးထားတာက မင်းတစ်ယောက်တည်းရဲ့ အနာဂတ်ပဲ မဟုတ်တော့ဘူး။ ဒီလောကရဲ့ နတ်ဆိုးမျိုးနွယ်စုအားလုံးရဲ့ အနာဂတ်ကို ထမ်းပိုးထားရတာပဲ။ အဲဒါကြောင့် အမှားမလုပ်မိစေပါနဲ့!”
အကြီးအကဲရှီးကန်းကျင့်သည် မျက်လုံးအိမ်တို့ကိုမှေးကျဉ်းကြည့်လျက် ယွဲ့ယင်းအား နူးညံ့စွာ တီးတိုးပြောဆိုသည်။ အကြီးအကဲ၏စကားများသည် ပေါ့ပါးသော်ငြား နားထောင်ရသူကို ကြက်သီးမွေးညင်းများ ထသွားစေကာ ဤဝန်းကျင်တစ်ခွင်ရှိ အပူချိန်ကို လူများချမ်းတုန်လောက်သည်အထိ ကျဆင်းသွားစေခဲ့သည်။
အခြားသောအကြီးအကဲများသည် စကားမဆိုဘဲ ယွဲ့ယင်းအား အေးစက်သောအကြည့်များဖြင့် ကြည့်နေကြသည်။ သူတို့၏မျက်လုံးထောင့်စွန်းတို့မှာမူ ဝမ်ဖုန်းတို့အား သတိထားကြည့်နေခဲ့လျက် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်နှက်နေပေသည်။
ဘိုးဘေးအဆင့်သွေးမျိုးဆက်ပိုင်ရှင် ယွဲ့ယင်းသည် ဤလောက၏ နတ်ဆိုးမျိုးနွယ်တိုင်းအတွက် ရိုသေလေးမြတ်ရသူ ဖြစ်လိမ့်မည်။ အကြီးအကဲ၅ဦးပင်လျှင် ယွဲ့ယင်းနှင့် မယှဉ်နိုင်ပေ။ သို့သော် ယွဲ့ယင်း၏ကျင့်ကြံဆင့်မှာ အစစ်အမှန်ဧကရာဇ်အစစ်သို့ပင် မရောက်ရှိသေးပေ။ အဲဒီလောက်နဲ့များ အပြင်လူကို ခေါ်လာရဲရသလား။
ယွဲ့ယင်း၏ ဘိုးဘေးအဆင့် သွေးမျိုးဆက်ကြောင့်သာ မဟုတ်ခဲ့လျှင် ခုနက စကားတစ်ခွန်းဖြင့်ပင် အကြီးအကဲ၅ဦးသည် ယွဲ့ယင်းအား ရိုက်သတ်ခဲ့ပြီး ဖြစ်လောက်ပါ၏။
တုနှိုင်းမဲ့ဂိုဏ်းတော်ကြီး