← Chapters

အကြီးအကဲ၏ဩဇာသက်ရောက်မှု

Vol. 53 Ch. 737

အကြီးအကဲ၏ဩဇာသက်ရောက်မှု

Vol. 53 Ch. 737

Translator - Hsue Htet

“ကျွန်မ မှားပြောနေတာမဟုတ်ဘူး။ သခင်ကြီးကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်မလည်း ဘိုးဘေးအဆင့်သွေးမျိုးဆက်ကို ရနိုင်ခဲ့မှာမဟုတ်ဘူး။ ဘာကိစ္စပဲရှိရှိ သခင်ကြီးကို နတ်ဆိုးဘိုးဘေးဘုရားကျောင်းထဲကို ကျိန်းသေပေါက်ခေါ်သွားရမယ်။ အကြီးအကဲတို့က ဟန့်တားချင်တယ်ဆိုရင် ယွဲ့ယင်းကို ရိုင်းပျတယ်ဆိုပြီး အပြစ်မတင်ပါနဲ့!”

အကြီးအကဲရှီးကန်းကျင့်၏ စကားကိုကြားသောအခါ ယွဲ့ယင်း၏မျက်နှာထားသည် တင်းမာသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ အရှိန်အဝါများထွက်ပေါ်လာသည်။ အသံနက်ဖြင့် အော်ဟစ်၍ ထိုခက်ထန်သည့်အသံသည် မိုးကြိုးသံကဲ့သို့ လောကတစ်ခွင်ပဲ့တင်ထပ်သွားသည်။

ယွဲ့ယင်းသည် ကြင်နာမှုကိုသိရှိနားလည်ပြီး ပြန်မပေးဆပ်လိုသည့်လူမျိုး မဟုတ်ပေ။ သူမ၏ဝိဉာဉ်ကို ဝမ်ဖုန်းမှ ထိန်းချုပ်ထားခြင်း မဟုတ်ခဲ့လျှင်သော်မှ သူမသည် ဝမ်ဖုန်း၏ကျေးဇူးအတွက် ပြန်ပေးဆပ်မည်ဖြစ်၏။ အကြီးအကဲ၅ဦး၏ ရန်သူဖြစ်ရလျှင်သော်မှ ဝမ်ဖုန်းတို့ကို နတ်ဆိုးဘိုးဘေးဘုရားကျောင်းထဲသို့ ခေါ်သွားမည်ဖြစ်သည်။

အား!

ယွဲ့ယင်း၏စကားကြောင့် အကြီးအကဲ၅ဦးသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့၏မျက်လုံးအစုံတို့၌ အေးစက်သည့်အလင်းများ တောက်ပနေခြင်းကိုလည်း အချင်းချင်းမြင်တွေ့လိုက်ကြသည်။

ဘုန်း!

သက်ပြင်းချသံ ပဲ့တင်ထပ်သွားပြီးနောက် အကြီးအကဲ၅ဦးခန္ဓာကိုယ်များမှ ကြောက်ခမန်းလိလိအရှိန်အဝါများ ဖြာထွက်လာသည်။ အင်အားကြီးမားလှစွာသော စွမ်းအင်လှိုင်းများသည် အရပ်လေးမျက်နှာသို့ မုန်တိုင်းကဲ့သို့ တိုက်ခတ်ပျံ့နှံ့သွားပြီး လေဟာပြင်သည် သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သည်အထိ တွန့်လိမ်ပုံပျက်သွားခဲ့သည်။ အမဲရောင်အက်ကွဲကြောင်းကြီးများ ပျံ့နှံ့လာခဲ့ကာ ကောင်းကင်ကြီးပြိုကျပျက်စီးတော့မည့်အလား အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

“မင်းစိတ်လွတ်နေပြီပဲ။ ဒီအကြီးအကဲက မင်းရဲ့စိတ်ကို ပြန်ထိန်းညှိပေးပါရစေ”

အကြီးအကဲရှီးကန်းကျင့်သည် မျက်လုံးအိမ်တို့မှေးကျုံ့လျက် ယွဲ့ယင်းကိုစိုက်ကြည့်၍ တည်ကြည်လေးနက်စွာ ပြောသည်။

ထို့နောက် အကြီးအကဲသည် ‌သူ၏ခြောက်ကပ်ကပ်လက်တစ်စုံကို ‌ဆန့်ထုတ်၍ ကြမ်းကြမ်းတမ်တမ်းဆုပ်ကိုင်ဟန်ပြုသည်။ ထိုအခါ ဝန်းကျင်တစ်ခွင်ရှိ ကောင်းကင်ဘုံနှင့်ကမ္ဘာ‌ေမြစွမ်းအားများသည် အကြီးအကဲ၏ လက်ဖဝါးထက်သို့ ရုတ်ချည်းစုစည်းသွား၍ လက်ဖဝါးမှာ တောက်ပစွာအလင်းဖြာသည်။ လက်ဖဝါးထက်၌ အက္ခရာမျှင်တန်းများ ထွက်ပေါ်လာခဲ့ရာ နတ်ဘုရား၏လက်ဖဝါးအလား အကြွင်းမဲ့အရှိန်အဝါများ ပါဝင်နေသည်။

ဂျစ်!

ကောင်းကင်ဘုံနှင့် ကမ္ဘာ‌ေမြကြီးသည် ၎င်းစွမ်းအင်ကို ကြောက်ရွံ့နေသည့်အဘား လေဟာပြင်သည် အပြင်းအထန်တုန်ခါလာခဲ့သည်။ ဝန်းကျင်တစ်ခွင်၌ တည်ရှိသော မြင့်သွန်းသည့်သစ်ပင်များအားလုံး အစိတ်စိတ်အပိုင်းပိုင်း ပြိုကွဲပျက်စီးသွားရပြီး ကောင်းကင်တွင်လည်း အမှုန်အမွှားများ ပြည့်နှက်သွားခဲ့ရာ ကမ္ဘာလောကကြီးမှာ အုံ့မှိုင်းသွားတော့သည်။

ဘုန်း!

အကြီးအကဲရှီးကန်းကျင့် လက်ဖဝါးကို တွန်းလိုက်သည့်အခါ ခမ်းနားကြီးကျယ်လှစွာသော စွမ်းအင်များသည် ဧရာမလက်ဖဝါးသဏ္ဍာန်ကြီး၏အဖြစ် ဖွဲ့စည်းဖြစ်တည်သွား၏။ အရပ်လေးမျက်နှာကို တွန်းထုတ်ဖျက်စီးပစ်နိုင်စွမ်းသော အားကောင်းလှသည့် အသွင်အပြင်ဖြင့် ဝမ်ဖုန်းတို့ကို ဦးတည်တိုက်ခိုက်သည်။ ၎င်းလက်ဖဝါးသဏ္ဍာန်စွမ်းအင်သည် ဝမ်ဖုန်းတို့အား အသားစဉ်းကောအဖြစ် ဖိချေဖျက်စီးပစ်တော့မည့်အလားပင်။

ဘုန်း!

အကြီးအကဲရှီးကန်းကျင့်မှ ထိုသို့ဒေါသတကြီးတိုက်ခိုက်လာသောအခါ ယွဲ့ယင်း၏မျက်နှာလှလှလေးမှာ အမူအရာပြောင်းလဲသွား၏။ ခန္ဓာကိုယ်အနေအထားလည်း ပြောင်းလဲသွားကာ ဝမ်ဖုန်းတို့ရှေ့သို့ ရုတ်ချည်း ရောက်လာသည်။ သူမ၏လှပတင့်တယ်သော ခန္ဓာကိုယ်လေးမှ စွမ်းအင်များဖြာထွက်ထုတ်လွှတ်နေကာ သူမ၏နောက်ဘက်ရှိ လဝန်းယုန်ပုံရိပ်သည် လဝန်းယုန်အစစ်အမှန် ပေါ်ထွက်လာသည့်အလား တစ်စတစ်စ ပို၍ကြီးထွားလာနေသည်။

သူမ၏အင်အားသည် အကြီးအကဲ၅ဦးနှင့် မယှဉ်နိုင်ကြောင်း သိထာသော်ငြား၊ ဝမ်ဖုန်း၏အင်အားသည် သူမထက် သာလွန်သည်ကို သိထားသော်ငြား ယွဲ့ယင်းသည် အကြီးအကဲရှီးကန်းကျင့်မှ ဝမ်ဖုန်းတို့အား တိုက်ခိုက်ခြင်းကို ဘာမှမလုပ်ဘဲ ရပ်ကြည့်မနေနိုင်ပေ။ သူမသည် ယခုတွင် နတ်ဆိုးမျိုးနွယ်ဝင်တစ်ဦး မဟုတ်ပါဘဲ ဝမ်ဖုန်း၏လူဖြစ်သည်။ သို့ဖြစ်ရာ ဝမ်ဖုန်းတိုက်ခိုက်ခံနေရခြင်းအား သူမ ဒီတိုင်း ရပ်ကြည့်မနေနိုင်ပါချေ။

ထိုအတွေးဆန္ဒအလျောက် ယွဲ့ယင်းထံမှ ဖြာထွက်နေသော စွမ်းအင်များသည် ပို၍ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ သူမ၏နောက်ရှိ လဝန်းယုန်ပုံရိပ်သည် အပြည့်အဝ ဖွဲ့စည်းတည်ဆောက်သွားပြီးဖြစ်၍ အဆင့်အတန်းမြင့်မား၍ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါသည် လောကတစ်ခွင် လွှမ်းခြုံသွားသည်။ တိုက်ခိုက်နေကြသူအားလုံးသည် ဆုံးဖြတ်ချက်ခိုင်ကြည်နေကြလျက် ဂုဏ်သိက္ခာကြီးမြင့်သော အသွင်အပြင်ရှိကြပေသည်။

အဆင့်အတန်းမြင့်မားတဲ့ သွေးမျိုးဆက်က ဘယ်လိုလုပ်ပြီး အပြင်လူတစ်ယောက်ကို သစ္စာခံနေရတာလဲ။ ဒါက နတ်ဆိုးမျိုးနွယ်အတွက် မျှော်လင့်ချက်ပဲ၊ ဘာတွေပဲဖြစ်နေပါစေ အဆုံးရှုံးခံလို့မဖြစ်ဘူး။

ဘုန်း!

ယွဲ့ယင်း၏လှုံ့ဆော်မှုဖြင့် သူမ၏နောက်ရှိ လဝန်းယုန်သည် အဆင့်အတန်းမြင့်မားသော နတ်သားရဲတစ်ကောင်ကဲ့သို့ လျင်မြန်ဖျတ်လတ်စွာ ခုန်ထွက်လာသည်။ ၎င်းပုံရိပ်သည် ကမ္ဘာလောက၏ အကြွင်းမဲ့စွမ်းအင်များ ခြံရံလျက် အကြီးအကဲကန်းကျင့်မှ ထုတ်လွတ်တိုက်ခိုက်သော လက်ဖဝါးသဏ္ဍာန်သို့ ပြေးဝင်သွားသည်။

ယွဲ့ယင်းသည် သူမ၏အင်အားအလုံးစုံကို ထုတ်သုံးထားခြင်းဖြစ်သည်ဟု သတ်မှတ်နိုင်၏။ သူမ၏ကျင့်ကြံဆင့်သည် လောင်ထျန်းဧကရာဇ်အထွတ်အထိပ်အဆင့်မျှသာဖြစ်ရာ သူမ၏အင်အားသည် စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့် ကျင့်ကြံသူထက် မသာလွန်နိုင်ပါချေ။

ဝမ်ဖုန်းသည် စွမ်းအင်ဖြာထွက်လျက် တိုက်ခိုက်ပေးလာသည့် ယွဲ့ယင်းကိုမြင်သောအခါ ခေါင်းညိတ်အသိအမှတ်ပြုမိရသည်။ ယွဲ့ယင်းသည် ဒီနေ့မှသာ ဘိုးဘေးအဆင့်သွေးမျိုးဆက်သို့ ပြောင်းလဲသွားခဲ့ခြင်းဖြစ်၍ သူမ၏စစ်မှန်သော အရည်အချင်းမှာ အပြည့်အဝ ထွက်ပေါ်လာခြင်း မရှိသေးပေ။ ယွဲ့ယင်း၏တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် ကြောက်ခမန်းလိလိသော အဆင့်တစ်ခုအထိ တက်လှမ်းသွားနိုင်ကောင်း၏။

သို့သော် ယွဲ့ယင်းသည် ယခုအချိန်တွင် အားကောင်းသည့် တိုက်ခိုက်ချေမှုန်းစွမ်းရည်ကို အသုံးပြုနိုင်ခဲ့လျှင်သော်မှ အကြီးအကဲ၅ဦးအတွက်မူ ထိုတိုက်ခိုက်ချေမှုန်းစွမ်းရည်သည် အတွေ့အကြုံမရင့်သန်သေးသော စွမ်းရည်လေးမျှသာ ဖြစ်ချေရော့မည်။

ဘုန်း!

ဝမ်ဖုန်းတို့၏အကြည့်များအောက်၌ ဧရာမလက်ဖဝါးသဏ္ဍာန်နှင့် လဝန်းယုန်ပုံရိပ်တို့် ထိခတ်သွားကြသည်။ တုန်လှုပ်ချောက်ချားဖွယ် ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး တိမ်စိုင်များသည်လည်း မှိုပွင့်လေးများအလား လွင့်ထွက်ကုန်သည်။ အရပ်လေးမျက်နှာသို့ အဆုံးအစမဲ့စွမ်းအင်များ ရိုက်ခတ်သွားပြီး ဝန်းကျင်တစ်ခွင်ရှိ အရာအားလုံးကို ဖျက်ဆီးသွားခဲ့သည်။ နတ်ဆိုးဘိုးဘေးဘုရားကျောင်းအား ဗဟိုပြုလျက် အချင်းဝက်မိုင်တစ်သောင်းအကွာအဝေးအား စွမ်းအင်များ ပျံ့နှံ့ရိုက်ခတ်သွားသည်။

မြင့်သွန်းသောသစ်ပင်အိုကြီးများဖြစ်စေ ကျောက်တောင်ကြီးများဖြစ်စေ စွမ်းအင်နှစ်ခု၏ထိခတ်မှုအင်အားအောက်၌ အစိတ်စိတ်အမွှာမွှာပျက်စီးကုန်ကြရပြီး မီးခိုးမြူမှုန်များဖြင့် လောကတစ်ခွင်လွှမ်းခြုံသွားသည်။ နေရာတစ်ခုလုံး၌ ဝမ်ဖုန်းတို့မှအပ နတ်ဆိုးဘုရားကျောင်း အကြီးအကဲများသာလျှင် ပုံမပျက်ကျန်ရစ်နေခဲ့သည်။

ကြောက်ခမန်းလိလိစွမ်းအင်နှစ်ခု၏ ထိခတ်မှုသည် နတ်ဆိုးဘိုးဘေးဘုရားကျောင်းအပေါ် စိုးစဉ်းမျှ သက်ရောက်မှုရှိဟန် မရပေ။ ၎င်းဘုရားကျောင်းသည် တုန်ခါမှုအနည်းငယ်မျှပင် မဖြစ်ပေါ်ခဲ့ပေ။

ထိခတ်မှုကြောင့် ဖြာထွက်သွားသော စွမ်းအင်များသည် နတ်ဆိုးဘိုးဘေးဘုရားကျောင်းကို ထိခတ်လုနီးတွင် ဘုရားကျောင်းမှ ဖြာထွက်နေ‌ခဲ့သော လျှို့ဝှက်ဆန်းကြယ်စွမ်းအင်၏ စုပ်ယူခြင်းခံလိုက်ရကြောင်းကို ဝမ်ဖုန်း သတိထားမိခဲ့သည်။ ဝမ်ဖုန်း၏မျက်လုံးများ ပို၍တောက်ပသွား၏။

ဘုန်း!

ကောင်းကင်တစ်ခွင် ဖုန်မှုန့်မြူခိုးများ လွှမ်းခြုံသွားချိန်၌ ခေါင်းလောင်းသံကဲ့သို့အသံတစ်သံ အရပ်လးမျက်နှာ၌ ပဲ့တင်ထပ်လာသည်။  ထိုမြူခိုးထုထဲမှ ပုံရိပ်တစ်ခု ပျံသန်းဝင်ရောက်လာသည်ကိုလည်း မြင်တွေ့လိုက်ရသည်။ ထိုပုံရိပ်သည် မြေပြင်သို့ ထိုးကျသွားခဲ့ရာ မြေပြင်၌ လူသဏ္ဍာန်တွင်းနက်ကြီး ဖြစ်ပေါ်သွားရသည်။

အဟွတ်!

ယွဲ့ယင်း၏မျက်နှာသည် ဖြူဖျော့နေလျက် သွေးတစ်ပွက်အန်ထွက်သွားရသည်။ သူမသည် အကြီးအကဲ၅ဦးကို မလွှဲတမ်းကြည့်လျက် တွင်းထဲမှ ပြန်ထလာသည်။ သူမသည် စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့်ကို ယှဉ်နိုင်လောက်သည်အထိ အင်အားကုန်ထုတ်လွှတ်ခဲ့သော်ငြား အကြီးအကဲ၅ဦးကို မယှဉ်နိုင်ပေ။ ဤလောက၌ သာမန်စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့်သည်လည်း ထိုအကြီးအကဲများ၏ ပြိုင်ဘက်မဟုတ်နိုင်ချေ။

သေချာပေါက်ပင် အကြီးအကဲ၅ဦးနှင့် ယှဉ်တိုင်ခြင်းတွင် အသက်မသေဆုံးဘဲနှင့် ခုခံနိုင်ခဲ့သည် ယွဲ့ယင်း၏တိုက်ခိုက်ချေမှုန်းစွမ်းရည်သည်လည်း အလွန်တရာအားကောင်းလှကြောင်း သက်သေပြပြီးဖြစ်လေသည်။

သာမန်လောင်ထျန်းဧကရာဇ်အဆင့်ကျင့်ကြံသူသည် ပါရမီရှင်တစ်ဦးဖြစ်လျှင်သော်မှ အကြီးအကဲ၅ဦး၏ သက်ညှာမှုကင်းမဲ့သော တိုက်ကွက်ကို ခံနိုင်ရည်ရှိရန် အလွန်ခက်ခဲလှသည်။

“ပြန်လာခဲ့၊ အပြင်လူတွေက မင်းရဲ့ကြိုးစားမှုနဲ့ မထိုက်တန်ဘူး”

“ဘိုးဘေးအဆင့်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့မင်းက ဒီလောကရဲ့ မြင့်မြတ်တဲ့နတ်ဆိုးကြီးဖြစ်လာဖို့ ကံကြမ္မာပါရှိပြီးသူပဲ။ မင်းရဲ့ စိတ်အားထက်သန်စွာ ထောက်ပံ့ကူညီမှုနဲ့ ဘယ်သူမှ မထိုက်တန်နိုင်ဘူး”

အကြီးအကဲရှီးကန်းကျင့်၏ စကားသံသည် လောကတစ်ခွင်ကို တုန်ခါသွားစေခဲ့သည်။ အကြီးအကဲသည် လက်နောက်ပစ်၍ ရပ်နေလျက် ယွဲ့ယင်းအား သံမဏိအလား ခိုင်ကြည်သည့် မျက်ဝန်းတို့ဖြင့် ငုံ့ကြည့်နေခဲ့သည်။

တုနှိုင်းမဲ့ဂိုဏ်းတော်ကြီး

All Chapters