ကျားဖြူ
Vol. 53 Ch. 738
Translator - Hsue Htet
အခြားအကြီးအကဲများသည်လည်း ယွဲ့ယင်းအား ရှင်းပြ၍မရနိုင်သော မျက်နှာအမူအရာတို့ဖြင့် ကြည့်နေကြသည်။ တစ်ပြိုင်နက်တည်း၌ အကြီးအကဲများထံမှ သတ်ဖြတ်လိုခြင်းအငွေ့အသက်များသည် ပို၍အေးစက်လာခဲ့သည်။ ထိုသတ်ဖြတ်လိုခြင်းအငွေ့အသက်သည် ယွဲ့ယင်းကို ဦးတည်ခြင်းမဟုတ်ဘဲ ဝမ်ဖုန်းသို့ ဦးတည်နေခြင်းဖြစ်သည်။
ဝမ်ဖုန်းကြောင့်သာ မဟုတ်ရင် ယွဲ့ယင်းက ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နေမှာလဲ။
နတ်ဆိုးမျိုးနွယ်ရဲ့ မြင့်မြတ်တဲ့ပုဂ္ဂိုလ်အဖြစ် ကံကြမ္မာဖန်လာတဲ့ယွဲ့ယင်းက အပြင်လူတစ်ယောက်ရဲ့ လက်အောက်ငယ်သားဖြစ်နေတာကို သူတို့ဘယ်လိုများ သည်းခံနိုင်ပါ့မလဲ။ ဒါက သူတို့အကြီးအကဲတွေအတွက်ပဲ အရှက်ရစရာ မဟုတ်ဘူး။ လောကတစ်ခွင်က နတ်ဆိုးမျိုးနွယ်ဝင်အားလုံးအတွက် အရှက်ရစရာကြီးပဲ။
“နတ်ဆိုးမျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့တည်ရှိမှုကြီးဆိုတော့ရော ဘာဖြစ်သလဲ။ အကြီးအကဲတို့ရဲ့ ကျွန်မအပေါ်ကြင်နာမှုက ကျွန်မက နတ်ဆိုးမျိုးနွယ်ရဲ့ မြင့်မြတ်တဲ့တည်ရှိမှုကြီးဖြစ်နေတာနဲ့ မယှဉ်နိုင်ပါဘူး”
အကြီးအကဲရှီးကန်းကျင့်၏ စကားတို့ကြောင့် ယွဲ့ယင်း၏မျက်နှာလှလှလေး တောင့်ခဲသွားခဲ့ပြီး ယွဲ့ယင်းမှ လေးနက်စွာပြန်ပြောသည်။ သူမ၏စကားလုံးများ၌ အကြွင်းမဲ့သော ဆုံးဖြတ်ချက်ခိုင်မာမှုများ ကိန်းအောင်းနေကာ နတ်ဆိုးမျိုးနွယ်၏ မြင့်မြတ်သောတည်ရှိမှုဟူသည့် အရာသည်ပင် သူမ၏ ဝမ်ဖုန်းအပေါ်ထားရှိသည့် သစ္စာတရားအား မတုန်လှုပ်စေနိုင်ပေ။
၎င်းမှာ ဝမ်ဖုန်းသည် သူမ၏ဝိဉာဉ်ကို ထိန်းချုပ်ထားသောကြောင့်သာ မဟုတ်ပါဘဲ ဝမ်ဖုန်း၏ မှန်းဆရန်နက်နဲသည့် အကျင့်စရိုက်ကြောင့်လည်းဖြစ်သည်။ ဝမ်ဖုန်းသည် သွေးပျစ်ခဲနတ်သစ်သီးကဲ့သို့အရာအား ရိုးရှင်းသည့်အသုံးအဆောင်ပစ္စည်းလေးကဲ့သို့ သူ့အား ပေးပစ်နိုင်ခဲ့သူ မဟုတ်ပါလော။
သူမ၏အမြင်သည် မမှားယွင်းနိုင်ဟု ယွဲ့ယင်း ယုံကြည်ထား၏။ ထို့ကြောင့် သူမ၏အသက်ကို ကျေးဇူးတရားအား ပြန်ပေးဆပ်ရန်အတွက်သာမကဘဲ တက်လမ်းရှာဖွေရန်အတွက်ပါ ဝမ်ဖုန်းသို့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
“စိတ်ကြီးဝင်နေတာပဲ!”
ယွဲ့ယင်း၏စကားအဆုံး၌ အကြီးအကဲငါးဦးတို့သည် အမျက်ဒေါသကြောင့် နီမြန်းလာကြတော့သည်။ မီးတောင်ပေါက်ကွဲသည်ကဲ့သို့ အမျက်ဒေါသကြောင့် အထက်ကောင်းကင်ထိတိုင် တုန်ခါလျက် ကမ္ဘာမြေမှာလည်း မီးတောက်များ တောက်လောင်နေသည့်အလား အပူချိန်ထိုးတက်လာခဲ့သည်။
“နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်ဖြစ်ပြီးတော့ ဘယ်လိုတောင် နတ်ဆိုးမျိုးနွယ်ရဲ့ မြင့်မြတ်တဲ့တည်ရှိမှုကို အထင်မြင်သေးရဲရတာလဲ!”
အကြီးအကဲကျုံးမင်၏ မျက်လုံးအိမ်တို့ပြူးကျယ်လာခဲ့ကာ ယွဲ့ယင်းအား အေးစက်စွာ ကြည့်နေ၏။ ဒေါသတကြီးအော်ဟစ်ပြောဆိုလိုက်သောအခါ မိုးခြိမ်းသံကဲ့သို့ အရပ်လေးမျက်နှာသို့ မြည်ဟီးသွားသည်။ ထိုအသံကြောင့် ဝမ်ဖုန်း၏နောက်ရှိ ရွှမ်းယွမ်နှင့် ကွေ့ဝူတို့မှာ တုန်လှုပ်သွားကြရသည်။
ဤနေရာ၌ သာမန်လူများရှိနေခဲ့လျှင် ဤကြောက်မက်ဖွယ်အသံလှိုင်းဖြင့်ပင် လန့်သေသွားခဲ့လောက်ပြီးဖြစ်၏။
“စကားတွေပြောနေလည်း အသုံးမဝင်ဘူး။ ဒီအကြီးအကဲရဲ့ရှေ့မှာ မင်းက အထက်စီးဆန်လွန်းတယ်!”
ထိုစကားနှင့်အတူ အကြီးအကဲကန်းကျင့်၏မျက်နှာသည် မှုန်မှိုင်းသွားကာ ဟိန်းဟောက်ပြောဆိုသည်။ ခန္ဓာကိုယ်တစ်ခုလုံး စွမ်းအင်ဖြာထွက်၍ စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့်၏ ကြီးမြတ်လှသော စွမ်းအင်သည် မုန်တိုင်းကဲ့သို့ တိုက်ခတ်လာသည်။ ကမ္ဘာလောကတစ်ခုလုံးမှာလည်း အပြင်းအထန်တုန်ခါလာခဲ့သည်။
“ကျားဖြူဟာ လောကတစ်ခွင်ထွန်းတောက်လေတယ်!”
ထိုသို့ရေရွတ်၍ အကြီးအကဲရှီးကန်းကျင့်သည် လက်ကိုအဆက်မပြတ် ဝှေ့ယမ်းသည်။ သူ၏လက်ချောင်းများ၌ အက္ခရာအမျှင်တန်းများ ပြည့်နှက်သွား၏။
ထိုအက္ခရာမျှင်တန်းများသည် တဖြည်းဖြည်းစုစည်းသွားကြပြီး ဧရာမကျားဖြူသဏ္ဍာန်သို့ ဖွဲ့စည်းဖြစ်တည်သွားသည်။ ကျားဖြူ၏အင်အားကြီးမားသော အရှိန်အဝါသည် လောကတစ်ခွင် လွှမ်းခြုံသွားပြီး ကျားဖြူအစစ်တစ်ကောင် ဆင်းသက်လာသည့်အလား မြင်ရသူကို မထိန်းချုပ်နိုင်စွာ တုန်လှုပ်စေသည်။
ကျားဖြူသဏ္ဍာန်ဖြစ်တည်သွားပြီးနောက် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ အရပ်လေးမျက်နှာ၌ စိမ့်ဝင်ပျံ့နှံ့လာသည်။ အလွန်ထက်ရှသည့် ဓားသွားတို့ ပါဝင်နေသည့်အလား ယွဲ့ယင်းနှင့် ရွှမ်းယွမ်တို့သည် မိမိတို့၏ဝိဉာဉ်များမှာ ထိုထက်ရှသည့်ဓားသွားကြောင့် နာကျင်စွာ ဆုတ်ပြဲသွားရတော့မည်ဟု ခံစားနေရသည်။
ယွဲ့ယင်းမျက်မှောင်ကြုတ်သွားပြီး စိတ်နှလုံးတုန်လှုပ်သွားသည်။ ခုနက သူမနှင့် တိုက်ခိုက်ခဲ့သည့် အကြီးအကဲရှီးကန်းကျင့်၏အင်အားသည် သူမကို အလျှော့ပေးထားခဲ့ခြင်းဖြစ်ပြီး ယခုမှသာ အကြီးအကဲရှီးကန်းကျင့်၏ အင်အားအစစ်အမှန်ဖြစ်ကြောင်းကို ယွဲ့ယင်း နားလည်လိုက်ရသည်။
ထိုကျားဖြူထံမှ ထုတ်လွှတ်နေသည့် အရှိန်အဝါပင်လျှင် အသက်အန္တရာယ်ခြိမ်းခြောက်မှုကို ခံစားမိစေသည်။ အကြအကဲရှီးကန်းကျင့်သည် သူမနှင့်တိုက်ခိုက်စဉ်က ဤသို့စွမ်းအင်မျိုးကို ထုတ်လွှတ်ခဲ့လျှင် ယွဲ့ယင်းမှာ စိုးစဉ်းသော်မျှ ခုခံနိုင်စွမ်းရှိခဲ့လိမ့်မည် မဟုတ်ပေ။
ဂါးး!
အချိန်တစ်ခုကြာမြင့်ပြီးနောက် အကြီးအကဲရှီးကန်းကျင့်၏ ကျားဖြူသဏ္ဍာန်သည် ပြီးပြည့်စုံသွားခဲ့သည်။ ကျားဖြူ၏မျက်လုံးအိမ်များ ရုတ်ချည်းပွင့်လာခဲ့ပြီး ကြက်သွေးနီရောင် မျက်လုံးအစုံတို့၌ ကြမ်းကြုတ်ရက်စက်မှုများ ထင်ဟပ်နေသည်။ ကျား၏ဟိန်းဟောက်သံသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားပြီး ၎င်းဟိန်းဟောက်သံနှင့်အတူ ကြောက်ခမန်းလိလိသော နတ်ဆိုးဝိဉာဉ်ကိုလည်း ခံစားမိနိုင်သည်။
ထိုအခိုက်အတန့်၌ ကမ္ဘာလောကကြီးတစ်ခုလုံးတွင် ထိုကျားဖြူတစ်ကောင်သာ ကျန်ရစ်တော့သည့်အလား ထင်မှတ်ရ၏။ ကျားဖြူ၏အရှိန်အဝါသည် အဆုံးမရှိပျံ့နှံ့နေသည်မှာ နတ်သားရဲကြီး ဤလောကသို့ ဆင်းသက်လာသည့်အလားပင်။
“သူ့ကိုသတ်!”
အကြီးအကဲရှီးကန်းကျင့်၏ မျက်လုံးအစုံ၌ အေးစက်သည့်အလင်းတောက်ပသွား၏။ ထို့နောက် ဝမ်ဖုန်းသို့ လက်ညှိုးညွှန်ပြ၍ အသံနက်ဖြင့်အော်ပြောသည်။ သူ၏စကားလုံးများ၌ အကြွင်းမဲ့အမျက်ဒေါသနှင့် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပါဝင်နေသည်။
ယွဲ့ယင်း၏တည်ရှိမှုသည် ဤလောက၏နတ်ဆိုးမျိုးနွယ်တိုင်းအတွက် အလွန်အရေးပါသည်။ သို့သော် သူမသည် ဝမ်ဖုန်းကဲ့သို့အပြင်လူ၏ သွေးဆောင်ဖြားယောင်းခံထားရလေရာ အကြီးအကဲငါးဦးမှာ အဘယ်သို့များ အမျက်ဒေါသမထွက်နိုင်ပါအံ့နည်း။
ဂါးး!
အကြီးအကဲရှီးကန်းကျင့်၏ စကားအဆုံး၌ ကျားဖြူ၏ဟိန်းဟောက်သံ ပဲ့တင်ထပ်ထွက်ပေါ်လာပြန်ကာ ဝမ်ဖုန်းဆီသို့ ဦးတည်လာသည်။ ဖြာထွက်ရုံမျှသော စွမ်းအင်လေးသည်ပင် ဝန်းကျင်တစ်ခွင်ရှိ လေဟာပြင်ကို အက်ကွဲကြောင်းများအဖြစ် ကွဲအက်သွားစေသည်။
လျှပ်တစ်ပြက်အတွင်း၌ ကျားဖြူသည် ဝမ်ဖုန်းတို့ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ကျားဖြူကြီး နီးကပ်လာသည်နှင့်အမျှ တောင်ကြီးတစ်လုံးမှ ဖိနှိပ်ထားသကဲ့သို့ ဖိအားကြီးတစ်မျိုး ဝမ်ဖုန်းတို့အပေါ်သို့ ကျရောက်လာသည်။ ဝမ်ဖုန်းမှအပ ရွှမ်းယွမ်နှင့် ကွေ့ဝူတို့သည် တစ်ကိုယ်လုံးတုန်ယင်နေသွားခဲ့ပြီး အလွန်နာကျင်နေသည့်အမူအရာသို့ ပြောင်းလဲသွား၍ ဒူးထောက်ကျသွားတော့သည်။
ထိုသို့ကြောက်ခမန်းလိလိသော ဖိအားကြီးသည် သူတို့ခံနိုင်ရည်ရှိသည့်အရာ မဟုတ်ပေ။ ဖိအားအများစုကို ဝမ်ဖုန်းမှ ခုခံပေးထားသောကြောင့် မဟုတ်ခဲ့လျှင် သူတို့မှာ ရပ်နေရန်ပင် တတ်နိုင်တော့မည် မဟုတ်ပေ။
လေးလံသည့်ဖိအားကြီးအပြင် ဝိဉာဉ်ကိုထိတ်လန့်ချောက်ချားစေသည့် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါလည်း တည်ရှိနေသည်။
“ဟမ့်!”
ကျားဖြူသည် လက်သည်းချွန်များကို ပင့်မြှောက်၍ ဝမ်ဖုန်းတို့အား ရိုက်ချကုတ်ခြစ်လုနီးသည့်တိုင် ဝမ်ဖုန်းသည် အရေးမထားဟန်ဖြင့် ရပ်၍ အေးစက်စွာ လှောင်ရယ်သည်။
“ဘုန်း!”
အေးစက်သည့် အသံဖျော့ဖျော့နှင့်အတူ ဝမ်ဖုန်းထံမှ အင်အားကြီးမားလှစွာသောစွမ်းအင်များ ဖြာထွက်လာ၏။ ထိုစွမ်းအင်သည် ဧကရာဇ်ဘိုးဘေးအဆင့်မျှဖြစ်ပြီး စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့်အား မယှဉ်နိုင်ဟု ထင်မှတ်ရလောက်အောင် အားနည်းသည်ထင်ရ၏။
ဂျစ်!
ဝမ်ဖုန်း လက်ကိုဆန့်ထုတ်၍ ဖမ်းဆုပ်ဟန်ပြုလိုက်ရာ လက်ထဲ၌ ဟွမ်းချွမ်ဖေးရှန်ဓားထွက်ပေါ်လာသည်။ ဩဇာကြီးမားလှစွာသော ဓားအရှိန်အဝါသည် တစ်ကိုယ်လုံးလွှမ်းခြုံသွား၏။ သူ၏နောက်၌ ကောင်းကင်သို့ဆန်တက်နေသည့် ထက်ရှသည့်ဓားသွားတစ်ခု တည်ရှိနေသည့်အလားပင်။
ယခင်က ဝမ်ဖုန်းသည် ဓားအိမ်ထဲရှိ နတ်ဓားတစ်လက်ဟု ဆိုနိုင်၏။ ထက်ရှမှု စိုးစဉ်းသော်မျှ မမြင်တွေ့ရဘဲ အလွန်သာမန်ဆန်သည်။ သို့သော် ဝမ်ဖုန်းမှ စတင်လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ဓားအိမ်မှထုတ်ယူလိုက်သည့် ဓားတစ်လက်ကဲ့သို့ ကြောက်ခမန်းလိလိသော ထက်ရှသည့်ဓားသွားသဖွယ် ဖြစ်သွားလေသည်။
ဝမ်ဖုန်း မျက်လုံးအိမ်တို့အား အနည်းငယ်မှေးကျုံ့၍ ခန္ဓာကိုယ်စွမ်းအင်များကို ဆက်လက်ဖြာထွက်နေစေသည်။ စွမ်းအင်များသည် သူ၏လက်မောင်းမှတစ်ဆင့် ဟွမ်းချွမ်ဖေးရှန်ဓားထဲသို့ စီးဆင်းနေသည်။
ကြီးကျယ်ခမ်းနားလှစွာသော စွမ်းအင်များ တစ်ဟုန်ထိုးစီးဝင်စုပုံလာခြင်းကြောင့် ဟွမ်းချွမ်ဖေးရှန်ဓားသည် အပြင်းအထန်တုန်ခါနေခဲ့သည်။ ဓားတုန်ခါထိခတ်သံများ ပဲ့တင်ထပ်လျက် ဓားသည် အသက်ဝင်လာ၍ ကောင်းကင်ကို ခုတ်ပိုင်းပစ်တော့မည့်အလားပင်။
ဝမ်ဖုန်းကို ဗဟိုပြု၍ လီတစ်သောင်းအကွာအဝေးရှိ လေဟာပြင်မှာ ထက်ရှသည့်ဓားအရှိန်အဝါကို ခံနိုင်ရည်မရှိတော့ဘဲ ရုတ်ချည်းပြိုကျပျက်စီးကုန်ကြသည်။
“ဓားတစ်ချက်ဖြင့် လောကကိုပိုင်းခြားစေ!”
ဝမ်ဖုန်း၏နှုတ်ခမ်းမှ မပြတ်မသားစကားသံ ထွက်ပေါ်လာသည်။ ထိုစကားသံနှင့်အတူ ဝမ်ဖုန်း၏ခန္ဓာကိုယ်ထက်တွင် အက္ခရာများထွက်ပေါ်လာ၏။ အက္ခရာလေးမျှသာဖြစ်သည့်တိုင် ၎င်းတို့သည်လည်း လူကိုတုန်ယင်စေနိုင်သော ထက်ရှမှုများဖြင့် ပြည့်နှက်နေပေသည်။
၎င်းအက္ခရာများစုစည်းသွားခဲ့ပြီး လူများ မျှော်လင့်မှန်းဆနိုင်သည်ထက် သာလွန်သော အလင်းတောက်ပမှုကို ဖြစ်ပေါ်စေခဲ့သည်။
တုနှိုင်းမဲ့ဂိုဏ်းတော်ကြီး