တုနှိုင်းမဲ့အသွင်အပြင်
Vol. 53 Ch. 739
Translator - Hsue Htet
ဘုန်း!
ဝမ်ဖုန်းမှ ဓားကို အောက်သို့ခုတ်ပိုင်းလိုက်ရာ ဓားသဏ္ဍာန်များစွာထွက်ပေါ်လာပြီး ကျားဖြူသဏ္ဍာန်သို့ ရုတ်ချည်း ဦးတည်သွားသည်။ ဓားသွားများသည် ပြိုင်ဘက်ကင်းအင်အားကြီးဖြင့် ဟိန်းဟောက်နေသော ကျားဖြူကို ခုတ်ပိုင်းထိုးဖောက်သွား၏။
ဝမ်ဖုန်း ရပ်နေသည့်နေရာကို စမှတ်အဖြစ်ယူ၍ နတ်ဆိုးဘိုးဘေးဘုရားကျောင်းကို ဆုံးမှတ်အဖြစ် မြေပြင်တစ်လျှောက်လုံးမှာ ထိုဓားသွားများ၏အရှိန်အဝါကြောင့် ကွဲအက်ကုန်ကြသည်။
အကြီးအကဲငါးဦးသည်လည်း ဝမ်ဖုန်း၏ကြောက်မက်ဖွယ်အင်အားကို ခံစားမိသောအခါ မျက်လုံးအိမ်တို့မှေးကျဉ်းသွားကြပြီး မျက်နှာထက်တွင် ထိတ်လန့်မှုအချို့ ထင်ဟပ်သွားရသည်။ ဤစွမ်းအင်တစ်ခုတည်းဖြင့်ပင် သူတို့မှာ တုန်လှုပ်သွားကြရ၏။ စိတ်နှလုံးအတွင်း၌ ခြိမ်းခြောက်မှုကြီးကို ခံစားလိုက်ရလေရာ အကြီးအကဲငါးဦးမှာ မယုံကြည်နိုင်ဖြစ်နေကြလေသည်။
အကြီးအကဲငါးဦးသည် ဝမ်ဖုန်း၏ကျင့်ကြံဆင့်မှာ စစ်မှန်သောဧကရာဇ်အဆင့်သို့ မရောက်ရှိသေးကြောင်း ခံစားသိထား၏။ သို့သော် ဝမ်ဖုန်းမှ ထုတ်ဖော်ပြသခဲ့သည့် တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် အလွန်တရာ အံ့ချီးဖွယ်ကောင်းလှပေသည်။ စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့်ကိုပင် ယှဉ်နိုင်စွမ်း၏။
ဤသို့ ကြောက်မက်ဖွယ်ကောင်းလှစွာသော တိုက်ခိုက်ချေမှုန်းစွမ်းရည်အား မမြင်တွေ့ဖူးသကဲ့သို့ ကြားသိဖူးခြင်းလည်း မရှိပါချေ။
ဘုန်း!
အကြီးအကဲငါးဦး၏ တုန်လှုပ်နေသော အကြည့်များအောက်၌ ဝမ်ဖုန်းမှ ထုတ်လွှတ်လိုက်သည့် အဟုန်ပြင်းလှစွာသော ဓားသဏ္ဍာန်များသည် ကျားဖြူနှင့် ထိခတ်သွားသည်။ ပေါက်ကွဲသံကျယ်ကြီး လောကတစ်ခွင် ပဲ့တင်ထပ်သွားပြီး ကြီးမားပြင်းထန်လွန်းသည့် စွမ်းအင်များသည် မုန်တိုင်းကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ စွမ်းအင်ထိခတ်သွားခဲ့သော အရပ်လေးမျက်နှာရှိ အရာအားလုံးမှာ ပျက်စီးကုန်ရသည်။
မြေပြင်သည်လည်း အလွှာထူတစ်လွှာ မြောက်တက်သွားခဲ့ပြီး အဆုံးမဲ့သော ဖုန်မှုန့်မြူခိုးများ ကောင်းကင်တစ်ခွင် ပြည့်နှက်သွားခဲ့သည်။ ကမ္ဘာလောကတစ်ခုလုံးမှာ လုံးလုံးလျားလျား နောက်ကျိသွားခဲ့၏။
ဘုန်း!
ကြောက်ခမန်းလိလိသော အဟုန်ပြင်းသည့် ဓားစွမ်းအင်သည် ကျားဖြူနှင့် ထိခတ်သွားပြီး လောကတစ်ခွင်ကို တုန်လှုပ်သွားစေရန်လုံလောက်သည့် ကျယ်ပြန့်ကြီးမားသောစွမ်းအင်များ ဖြာထွက်သွား၏။ ထိုအင်အားနှစ်ခု ရောယှက်သွားပြီး အဆက်မပြတ် ထိခတ်တိုက်စားနေကြရာ ဝန်းကျင်တစ်ခွင်မှာ အက်ကွဲကြောင်းများ တဖြည်းဖြည်းချင်း ဖြစ်တည်လာခဲ့သည်။
ကျားဖြူကြီး၏ခန္ဓာကိုယ်ထက်တွင် တောက်ပသော အဖြူရောင်အလင်း တောက်ပနေကာ အဆုံးမဲ့ကြမ်းကြုတ်ပြင်းထန်သည့်စွမ်းအင်များ ထွက်ရှိနေသည်။ ထိုကြမ်းကြုတ်သည့်စွမ်းအင်များသည် ထက်ရှသော ဓားသွားများအဖြစ် ပြောင်းလဲသွားပြီး ဝမ်ဖုန်း၏ဓားစွမ်းအင်ကို တန်ပြန်ခုခံတိုက်ခိုက်နေသည်။
ဓားစွမ်းအင်အဟုန်၏အထက်၌ အဆုံးမဲ့ဓားသွားလည်း တည်ရှိ၏။ ၎င်းသည် ကျားဖြူနှင့် အဆက်မပြတ် ထိခတ်နေကာ ဟိန်းဟောက်သံများ ဆူညံနေလျက် လောကတစ်ခွင်၌ အဆက်မပြတ် ပဲ့တင်ထပ်နေစေသည်။
ဂျစ်!
ဓားစွမ်းအင်အဟုန်သည် ရုတ်တရက်ဆန်လှစွာ ထူးထူးဆန်းဆန်း ပြောင်းလဲသွားခဲ့သည်။ အချို့သောဓားသဏ္ဍာန်များသည် ကျားဖြူနှင့်ထိခတ်နေပြီး အချို့သည် ကောင်းကင်သို့ ဆန်တက်နေကြသည်။ အထက်ကောင်းကင်တွင် အလင်းတန်းဖြာကျလာခဲ့ပြီး ထိုဓားသဏ္ဍာန်များကို ကြိုးတန်းတစ်ခုကဲ့သို့ ချိတ်ဆက်သွားစေခဲ့သည်။
ထိုအလင်းတန်းအောက်၌ ကောင်းကင်သို့ဆန်တက်နေသည့် ဓားသဏ္ဍာန်စွမ်းအင်များသည် တဖြည်းဖြည်းနှင့် ဧရာမဓားရှည်ကြီးအသွင်သို့ ပြောင်းလဲသွားသည်။ ၎င်းဓားရှည်ကြီး၏ အန္တိမဓားသွားသည် အလွန်တရာထက်ရှလွန်းသောကြောင့် ကောင်းကင်တစ်ခွင်လုံး တုန်ခါသွားစေသည်အထိပင်။
ဘုန်း!
အကြီးအကဲရှီးကန်းကျင့်သည် အံ့ဩထိတ်လန့်သွား၏။ ထိုစဉ် အဆုံးမဲ့စွမ်းအင်မုန်တိုင်းကြီးဖြင့် လွှမ်းခြုံနေသော ဧရာမဓားရှည်ကြီးသည် အောက်သို့ခုတ်ပိုင်းချလာသည်။
ဘုန်း!
ပေါက်ကွဲသံကျယ်ကြီး ပဲ့တင်ထပ်သွား၏။ ကြောက်ခမန်းလိလိသော ဓားရှည်၏ဓားချက်အောက်၌ တိုင်းဆ၍မရနိုင်သော ကျားဖြူကြီးသည် နှစ်ပိုင်းပြတ်သွားခဲ့သည်။ လောကတစ်ခွင်၌ အလင်းပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ်သော ဓားရာတစ်ခုသာလျှင် ကျန်ရစ်ခဲ့သည်။
အဟွတ်!
ကျားဖြူကြီး တစ်စစီပျက်စီးသွားခြင်းနှင့်အတူ အကြီးအကဲရှီးကန်းကျင့်သည် တစ်ကိုယ်လုံးတုန်ယင်သွား၏။ လည်ချောင်းအတွင်း၌ ချွဲပျစ်ပျစ်ခံစားလိုက်ရပြီးနောက် သွေးတစ်ပွက်အန်ထွက်သွားရသည်။ မျက်နှာသည်လည်း ဖြူဆုတ်သွားရသော်ငြား အကြီးအကဲရှီးကန်းကျင့်သည် သူ၏ဒဏ်ရာများကို ဂရုမစိုက်နိုင်ပေ။ မယုံကြည်နိုင်သောအကြည့်များဖြင့် ဝမ်ဖုန်းကိုစိုက်ကြည့်နေခဲ့သည်။
“ဒါဘယ်လိုဖြစ်နိုင်မှာလဲ”
အကြီးအကဲရှီးကန်းကျင့်မှ အံ့ဩထိတ်လန့်မှုနှင့်အတူ ပြောသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှ အဆက်မပြတ်လှုံ့ဆော်နေခြင်းကြောင့် မဟုတ်ခဲ့လျှင် စစ်မှန်သောပြည့်ရှင်ဧကရာဇ်အထွတ်အထိပ်အဆင့် မိမိမှာ အစစ်အမှန်ဧကရာဇ်အဆင့်သို့ပင် မရောက်ရှိသေးသည့် ဝမ်ဖုန်းထံ ရှုံးနိမ့်ရခြင်းအား ယုံကြည်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုအဖြစ်အပျက်သည် စိတ်ကူးယဉ်မြင်ကွင်းတစ်ခုကဲ့သို့ အကြီးအကဲရှီးကန်းကျင့်ကိုသာမက အခြားအကြီးအကဲလေးဦးကိုလည်း အံ့ဩထိတ်လန့်သွားစေခဲ့သည်။
နတ်ဆိုးဘိုးဘေးဘုရားကျောင်းကို စောင့်ကြပ်နေသည့် တည်ရှိမှုကြီးများအနေဖြင့် အကြီးအကဲလေးဦးသည် ရှီးကန်းကျင့်၏အင်အားကို ကောင်းကောင်းသိကြသည်။ ခုနက အကြီးအကဲရှီးကန်းကျင့်မှ ထုတ်လွှတ်တိုက်ခိုက်ခဲ့သည့် တိုက်ကွက်အင်အားသည် အကြီးအကဲလေးဦးမှ ပူးပေါင်းတိုက်ခိုက်လျှင်သော်မှ လျှော့တွက်နိုင်သည့်အင်အား မဟုတ်ပေ။
သာမန်စစ်မှန်ေသာပြည့်ရှင်ဧကရာဇ်အဆင့်များသည် ရှီးကန်းကျင့်၏တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလျှင် ထွက်ပြေးရုံမှတစ်ပါး အခြားမရှိပေ။ သို့သော် သူတို့အတွက် ပုရွက်ဆိတ်တစ်ကောင်မျှသာဖြစ်သော ဝမ်ဖုန်းသည် မထင်မှတ်စွာဖြင့် ဤမျှအင်အားကြီးမားနေခဲ့သည်။ သို့ဖြစ်ရာ သူတို့မှာ အဘယ်သို့များ မအံ့အားသင့်ဘဲ ရှိနိုင်ပါအံ့နည်း။
အကြီးအကဲငါးဦး၏ မျက်နှာအမူအရာများမှာ ပြောင်းလဲနေကြသည်။ တစ်ခါတရံ တုန်ယင်နေကြကာ၊ တစ်ခါတရံ မှုန်မှိုင်းသွား၍၊ တစ်ခါတရံ အတွေးထဲနစ်မြုပ်နေဟန်ရှိသည်။ ရှုပ်ထွေးပွေလီလျက် နားလည်ကန်ခက်ခဲသည်။
ဝမ်ဖုန်းနှင့် မနီးမဝေးတွင်ရပ်နေခဲ့သည့် ယွဲ့ယင်းသည်လည်း ချယ်ရီနှုတ်ခမ်းလေး ပွင့်ဟလျက် အံ့အားသင့်နေသည်။ သူမသည် ဝမ်ဖုန်း၏အင်အားမှာ မှန်းဆနိုင်ရန်နက်နဲလွန်းသည်ကို သိရှိထားသော်ငြား ဝမ်ဖုန်းကြောင့် အမြဲအံ့အားသင့်ရမြဲဖြစ်သည်။ ခုနက ဝမ်ဖုန်း ထုတ်ဖော်ပြသခဲ့သည့် တိုက်ခိုက်ချေမှုန်းစွမ်းရည်သည်လည်း အလွန်ကြောက်မက်ဖွယ်ကောင်း၍ ယွဲ့ယင်းကို အံ့အားသင့်စေခဲ့သည်။
ဤလောကတွင် မွေးဖွားခဲ့သည့်ယွဲ့ယင်းသည် ဝမ်ဖုန်းကဲ့သို့ အင်အားကြီးမားသည့် နတ်ဆိုးမျိုးကို မမြင်တွေ့ဖူးချေ။ ဧကရာဇ်ဘိုးဘေးအဆင့်ကျင့်ကြံဆင့်ဖြင့် စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့်ကျင့်ကြံသူကို ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့သည်။
ဒါက ဘယ်လိုတောင် ကောင်းကင်ဘုံကိုဆန့်ကျင်ဆန်တက်နေတဲ့ အင်အားကြီးလဲ။ လုံးဝကို အံ့ချီးဖွယ်ပဲ။
အံ့အားသင့်မှုအဆုံး၌ ယွဲ့ယင်း၏မျက်နှာလှလှလေးမှာ ဝမ်ဖုန်းအပေါ် လေးစားခြင်းသို့ ပြောင်းလဲသွားသည်။ သူမ၏ ဝမ်ဖုန်းနောက်သို့လိုက်ရန် ဆုံးဖြတ်ချက်သည်လည်း ပို၍ခိုင်မာလာခဲ့သည်။
ဤသို့ကြီးမြတ်၍ စိတ်နှလုံးကိုယူကျုံးနိုင်သော ပုဂ္ဂိုလ်တစ်ဦးနောက်သို့ လိုက်ခွင့်ရခြင်းသည် သူမအတွက်လည်း အခွင့်အရေးကြီးဖြစ်ပါ၏။
“ဘယ်လိုလဲ။ တိုက်ခိုက်တာရပ်ကြမလား”
ဝမ်ဖုန်းသည် လက်နှစ်ဖက်ကို ကျောနောက်ပစ်၍ လေဟာပြင်တွင် ရပ်နေသည်။ ဝမ်ဖုန်းသည် လောကတစ်ခွင်ကို အပေါ်စီးမှကြည့်နိုင်သည့် စွမ်းအင်မျိုးကို ထုတ်လွှတ်ထားသည်။ ပြိုင်ဘက်ကင်းဘုရင်တစ်ပါးကဲ့သို့သော အရှိန်အဝါဖြင့် သူ့အား တိုက်ရိုက်မကြည့်နိုင်ဘဲ ဖြစ်စေသည်။
ဝမ်ဖုန်း၏စကားသံသည် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားပြီး သူ၏မြင့်သွန်းဖြောင့်မတ်သော အသွင်အပြင်သည် နေရာရှိလူအားလုံးကို စိတ်နှလုံးဖိစီးစေသည်။
အကြီးအကဲရှီးကန်းကျင့်မှာ မျက်နှာပျက်ယွင်းလျက် ဝေခွဲမရဖြစ်နေသည်။ စိတ်ထဲတွင်လည်း အမျက်ဒေါသဖျော့ဖျော့ ပေါက်ဖွားနေ၏။ အစစ်အမှန်ဧကရာဇ်နယ်ပယ်အဆင့်သို့ပင် မရောက်ရှိေသးသည့် ဝမ်ဖုန်းထံမှ ဤသို့ဆက်ဆံခံရခြင်းမှာ အရှက်ရဖွယ်ဖြစ်၏။
အကြီးအကဲရှီးကန်းကျင့်မှ ဝမ်ဖုန်းအား ကြိမ်းမောင်းပြောဆိုတော့မည်အပြုတွင် အကြီးအကဲကျုံးမင်မှ ဟန့်တားလိုက်သည်။ အကြီးအကဲကျုံးမင်သည် အကြီးအကဲရှီးကန်းကျင့်ကို ခေါင်းခါပြ၍ နောက်ဆုတ်စေသည်။ ဤအခြေအနေကို သူကိုင်တွယ်မည်ဖြစ်ကြောင်း အချက်ပြသည်။
အကြီးအကဲရှီးကန်းကျင့်သည် စိတ်မကျေနပ်မှုဖြစ်နေသေးသော်ငြား နောက်ဆုတ်ပေးခဲ့သည်။ ဝမ်ဖုန်း၏အင်အားအတိအကျကို သူ ခန့်မှန်းမရပေ။ ဝမ်ဖုန်းနှင့်ဆက်လက်တိုက်ခိုက်လျှင် မိမိဘက်မှ အောင်နိုင်မည်ဟု မသေချာပေ။ အဆုံး၌ ထပ်မံရှုံးနိမ့်ခဲ့လျှင် အရှက်ရမှုမှာ ယခုထက် ပိုဆိုးရွားပေလိမ့်မည်ဖြစ်၏။
အကြီးအကဲကျုံးမင်သည် အနည်းငယ်မျက်လုံးမှေးကျုံ့၍ အချိန်ခဏမျှ စဉ်းစားတွေးတောနေသည်။ ထို့နောက် ဝမ်ဖုန်းကိုကြည့်၍ တည်ကြည်လေးနက်စွာပြော၏။
“ဒီမိန်းကလေးရဲ့ သွေးမျိုးဆက်က အပြင်လူတွေကို နတ်ဆိုးဘိုးဘေးဘုရားကျောင်းထဲကို ခေါ်သွားဖို့ အရည်အချင်းပြည့်မီတယ်။ အပြင်လူတွေ ဝင်ခွင့်ရဖို့အတွက် လုပ်ထုံးလုပ်နည်းတစ်ခုရှိတယ်။ အကယ်၍ မင်း နတ်ဆိုးမျိုးနွယ်ရဲ့ရန်သူ မဖြစ်ချင်ဘူးဆိုရင် ဒီအကြီးအကဲရဲ့ စမ်းသပ်စစ်ဆေးမှုကို လက်ခံပြီး ခွင့်ပြုချက်ရတဲ့အထိ စောင့်ဆိုင်းပေးပါ။ ခွင့်ပြုချက်ရပြီးမှ ဒီမိန်းကလေးနဲ့အတူ နတိဆိုးဘိုးဘေးဘုရားကျောင်းထဲကို ဝင်နိုင်ပါမယ်”
တုနှိုင်းမဲ့ဂိုဏ်းတော်ကြီး