← Chapters

နတ်သားရဲ၏အရှိန်အဝါ

Vol. 53 Ch. 740

နတ်သားရဲ၏အရှိန်အဝါ

Vol. 53 Ch. 740

Translator - Hsue Htet

“ဘာစစ်ဆေးမှုလဲ”

ဝမ်ဖုန်းသည် လက်နှစ်ဖက်ကိုကျောနောက်ပစ်၍ မျက်မှောင်ကြုတ်သည်။ မျက်နှာထက်တွင် လှောင်ပြုံးရိပ်ယှက်သန်းသွား၍ လေးနက်စွာ ပြောဆိုလာသည်။

အကြီးအကဲငါးဦးသည် ကနဦး၌ ဝမ်ဖုန်းကို စိတ်ထဲမထားပေ။ ဝမ်ဖုန်းမှ အင်အားကြီးမားလှစွာသော အထုံပါရမီကို ထုတ်ပြခြင်းမပြုခဲ့လျှင် အကြီးအကဲငါးဦးသည် ဝမ်ဖုန်းကို မျက်လုံးထဲပင် ထည့်လိမ့်မည်မဟုတ်ချေ။

ငါဝမ်ဖုန်းက အနိုင်ကျင့်လို့ကောင်းတယ်လို့ သူတို့ တကယ်ကြီးထင်နေတာလား။

ယွဲ့ယင်းသည် ဤလောက၏ နတ်ဆိုးမျိုးနွယ်ဝင်ဟူသည် အချက်ကြောင့် မဟုတ်ခဲ့လျှင် ဝမ်ဖုန်း၏ လက်ရှိသွေးမျိုးဆက်အင်အားဖြင့် သွေးမျှော်စင်ဒုတိယထပ်၏ နတ်ဆိုးမျိုးနွယ်စုများအားလုံးကို သိမ်းပိုက်‌ခဲ့လောက်ပြီးဖြစ်၏။ ထိုအကြီးအကဲငါးဦးကိုလည်း ဖိနှိပ်ချိုးနှိမ်ပစ်ရန် လှုပ်ရှားခဲ့ပြီးဖြစ်ခဲ့လောက်သည်။

ဝမ်ဖုန်း၏ လက်ရှိကံကောင်းမှုချီပမာဏအရ ဘိုးဘေးငှားရမ်းခြင်းလုပ်ဆောင်ချက်အား အသုံးပြုရာ၌ စိုးရိမ်ပူပန်ရန် မလိုအပ်ပေ။

တကယ်တမ်းတွင် ဝမ်ဖုန်းသည် ဘိုးဘေးငှားရမ်းခြင်းလုပ်ဆောင်ချက်ကို အသုံးပြုကြည့်ချင်နေ၏။ ယာယီမဟုတ်သော အမြဲတမ်းအတွက် ဂိုဏ်းဘိုးဘေးကို ဆင့်ခေါ်နိုင်မည်လောဟု စမ်းသပ်ကြည့်ချင်နေခဲ့သည်။ သို့ဖြင့် ရှန်ရှန့်ကျုံဂိုဏ်းသည်လည်း လောကတစ်ခွင်၌ မားမားမတ်မတ်ရပ်တည်နိုင်ပေလိမ့်မည်။

စနစ်၏ ရှန်ရှန့်ကျုံဂိုဏ်းဘိုးဘေးများထဲတွင် အားအနည်းဆုံးဖြစ်သော မျိုးဆက်၉ဆက်မြောက် ဂိုဏ်း‌ဘိုးဘေးသည်ပင် လောင်ထျန်းဧကရာဇ်အထွတ်အထိပ်အဆင့်ရှိနိုင်သည်။

၎င်းဂိုဏ်းဘိုးဘေးများကို အမြဲတမ်းတည်ရှိနေမည့် ဂိုဏ်းဘိုးဘေးအဖြစ် ဆင့်ခါ်နိုင်ပါက ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၌ ရှန်ရှန့်ကျုံဂိုဏ်းသည် လုံးဝပြိုင်ဘက်ကင်းဖြစ်သွားပေလိမ့်မည်။ ပျင်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တစ်ခုလုံးကို စုစည်းပစ်ရန်ပင် လုံလောက်နိုင်ကောင်း၏။

“ငါတို့အကြီးအကဲငါးဦးရဲ့ ပေါင်းစည်းတိုက်ကွက်ကို ခံနိုင်ရည်ရှိရင် အကြီးအကဲငါးဦးရဲ့ ခွင့်ပြုချက်ကိုရရှိပြီး ဒီမိန်းကလေးနဲ့အတူ နတ်ဆိုးဘိုးဘေးဘုရားကျောင်းထဲကို ဝင်ရောက်နိုင်မယ်”

အကြီးအကဲကျုံးမင်သည် မျက်‌မှောင်ကြုတ်လျက် ဝမ်ဖုန်းကို စိုက်ကြည့်နေခဲ့သည်။ သူ၏စကားလုံးများသည် မိုးခြိမ်းသံကဲ့သို့ လောကတစ်ခွင် ပဲ့တင်ထပ်သွား၏။

ဝမ်ဖုန်း ထုတ်ဖော်ပြသခဲ့သော ကောင်းကင်ကိုဆန့်ကျင်နိုင်စွမ်းသည့် စွမ်းအင်သည် အကြီးအကဲငါးဦးကို တုန်လှုပ်စေခဲ့သည်။ သို့သော် အပြင်လူဖြစ်သော ဝမ်ဖုန်းသည် နတ်ဆိုးဘိုးဘေးဘုရားကျောင်းထဲသို့ အလွယ်တကူ ဝင်ရောက်သွားနိုင်ခဲ့လျှင် နတ်ဆိုးမျိုးနွယ်အတွက် အရှက်ရစရာပင် မဟုတ်ပါလော။

ဝမ်ဖုန်းအနေဖြင့် အကြီးအကဲငါးဦး၏ ပူးပေါင်းတိုက်ကွက်ကို အမှန်တကယ် ခုခံနိုင်ခဲ့လျှင် ဝမ်ဖုန်း၏အင်အားသည် သူတို့အားလုံးထက် သာလွန်ကြောင်း သက်သေပြပြီးဖြစ်လိမ့်မည်။ သို့ဖြစ်ပါက သူတို့မည်မျှ ဟန့်တားသည်ဖြစ်စေ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။ ဝမ်ဖုန်းသည် နတ်ဆိုးဘိုးဘေးဘုရားကျောင်းထဲသို့ ဝင်ရောက်သွားလိမ့်မည်သာ ဖြစ်၏။

ထို့ပြင် ဝမ်ဖုန်းသည် ထိုမျှကြီးမားသောစွမ်းအင်များကို အမှန်တကယ် ပိုင်ဆိုင်ထားခဲ့လျှင် ယွဲ့ယင်းမှ ဝမ်ဖုန်း၏နောက်လိုက်အဖြစ် ခံယူခြင်းသည်လည်း ဆိုးရွားလှသည့်အရာ မဟုတ်ပါချေ။ သူမကို ထိုမျှအင်အားကြီးမားသူတစ်ဦးမှ ကာကွယ်ပေးနေလျှင် ယွဲ့ယင်း၏ ရှေ့ဆက်ရမည့်လမ်းမှာလည်း ပို၍ဖြောင့်ဖြူးနိုင်ပေလိမ့်မည်။

အကြီးအကဲငါးဦးသည် ဤလောကတွင် အင်အားအကြီးမားဆုံးဖြစ်ပြီး စိတ်နှလုံး အသန့်စင်ဆုံးသော တည်ရှိမှုများလည်းဖြစ်သည်။ အခြားနတ်ဆိုးမျိုးနွယ်ဝင်များသည် အကြီးအကဲငါးဦးထက် အားနည်းကြပြီး များသောအားဖြင့် တစ်ကိုယ်ကောင်းဆန်သည့် အတ္တစိတ်များ ရောယှက်နေကြသည်။ ယွဲ့ယင်းအား ထိုလူများထံမှ ကာကွယ်ပေးရန်အတွက် ဝမ်ဖုန်းရှိနေခြင်းသည် အချည်းနှီးမဖြစ်နိုင်ပေ။ သူတို့ကိုယ်တိုင်မှာလည်း နတ်ဆိုးဘိုးဘေးဘုရားကျောင်းအား စောင့်ကြပ်နေရသောကြောင့် ယွဲ့ယင်း၏ကြီးပြင်းမှုလမ်းတစ်လျှောက် ကာကွယ်ပေးရန် မတတ်နိုင်ပါချေ။

“ဂုဏ်သ‌ေရကြီးမားတဲ့ နတ်ဆိုးမျိုးနွယ်စုရဲ့ အင်အားအကြီးမားဆုံးသူတွေက ဒီလိုညစ်တတ်တာပဲလား။ အရမ်းကောက်ကျစ်လွန်းတာပဲ”

အကြီးအကဲ၏စကားအဆုံး၌ ယွဲ့ယင်း၏မျက်နှာလှလှလေးမှာ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးအား အဆုံးမဲ့နတ်ဆိုးစွမ်းအင်များဖြင့် ဖုံးလွှမ်းစေသည်။ မျက်လုံးလှလှလေးများသည် အေးစက်သည့်အလင်းတောက်ပနေကာ အကြီးအကဲကျုံးမင်ကို အေးစက်စက်ပြောလာသည်။

သူမ၏ လက်ရှိသွေးမျိုးဆက်ဖြင့်ပင် နတ်ဆိုးဘိုးဘေးဘုရားကျောင်း၏ အကြီးအကဲငါးဦးသည် ဝမ်ဖုန်းတို့အား အခက်တွေ့အောင်လုပ်ဦးမည်ဟု သူမ မျှော်လင့်မထားခဲ့ပေသည်။

ဝမ်ဖုန်း၏ တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် အလွန်တရာ အံ့ချီးဖွယ်ကောင်းလျှင်သော်မှ ကျင့်ကြံဆင့်သည် အစစ်အမှန်ဧကရာဇ်နယ်ပယ်သို့ မရောက်ရှိသေးပေ။ သာမန်မဟုတ်သော စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့်ကျင့်ကြံသူငါးဦးမှ အင်အားပူးပေါင်း၍ တိုက်ခိုက်ခြင်းသည် သာမန်လူများ စိတ်ကူးမှန်းဆနိုင်သည်ထက် များစွာကျော်လွန်၏။ ယွဲ့ယင်း၏ မှန်းဆမှုအရ ၎င်းပူးပေါင်းအင်အားသည် ကြက်သွေးရောင်ဧကရာဇ်အဆင့်နှင့် ညီမျှသွားနိုင်ပေသည်။

ဒါက အနိုင်ကျင့်နေတာ သိသာနေတာကြီးကို!

ဝမ်ဖုန်း၏ကျင့်ကြံဆင့်သည်လည်း စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့်ဖြစ်ခဲ့လျှင် အဆင်ပြေနိုင်၏။ သို့သော် ဝမ်ဖုန်းသည် ဧကရာဇ်ဘိုးဘေးအဆင့်ဖြစ်နေသည်။

ဒီအကြီးအကဲငါးယောက်က အားနည်းတဲ့သူကို အနိုင်ကျင့်နေတာပဲ။ ငါးယောက်ပူးပေါင်းတိုက်ခိုက်တဲ့အထိကို အရှက်မဲ့လွန်းကြတယ်!

ယွဲ့ယင်း၏စကားကိုကြားသော်ငြား  အကြီးအကဲကျုံးမင်နှင့် အခြားအကြီးအကဲများသည် ယွဲ့ယင်းကို လျစ်လျူရှုထားကြသည်။ ဝမ်ဖုန်းကိုသာ ကြည့်နေခဲ့၍ ဝမ်ဖုန်း၏အဖြေကို စောင့်ဆိုင်းနေသည်။ ဝမ်ဖုန်း၌ သူတို့ငါးဦး၏ပူးပေါင်းအင်အားကို ဆန့်ကျင်တိုက်ခိုက်ရန် သတ္တိရှိလိမ့်မည်လောဟု သိချင်နေကြပေသည်။

“ရတယ်”

“နောက်မှ နောင်တမရကြနဲ့နော်။ ငါကိုယ်တော်က ခင်‌ဗျားတို့နတ်ဆိုးမျိုးနွယ်ကို မြေကြီးထဲ မြှုပ်ပစ်လိုက်ဖို့လည်း ဝန်မလေးဘူး!”

ယွဲ့ယင်းမှ တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်ငြား ဝမ်ဖုန်း၏ စကားများကြောင့် ပြန်ပိတ်သွားရသည်။ ယွဲ့ယင်းသည် မျက်လုံးအိမ်တို့ပြူးကျယ်လျက် ဝမ်ဖုန်းကို လှည့်ကြည့်လိုက်သည်။ ဝမ်ဖုန်းသည်တော့ ပေါ့ပါးသည့်ဟန်ပန် တည်မြဲနေဆဲပင်။ ယွဲ့ယင်း အံ့အားသင့်သွားရ၏။

ဝမ်ဖုန်းမှ ဒေါသတကြီးဖြင့် အော်ဟစ်တုံ့ပြန်လိမ့်မည်ဟု ယွဲ့ယင်း ထင်ထားခဲ့သည်။ သို့သော် ဝမ်ဖုန်းသည် ထိုအရှက်မဲ့သည့်စိန်ခေါ်မှုအား လက်ခံလိုက်လေသည်။

ဝမ်ဖုန်းက တကယ်ကြီး အကြီးအကဲငါးဦးရဲ့ ပူးပေါင်းအင်အားကို ခုခံနိုင်ဖို့ ယုံကြည်ချက်ရှိနေတာလား။ ယွဲ့ယင်းသည် စဉ်းစားတွေးတောနေရင်းဖြင့် ဖြောင့်မတ်မြင့်သွန်းသည့် ဝမ်ဖုန်း၏နောက်ကျောပြင်မှာ ဝေဝါးလာခဲ့ရသည်။ ဤလူမှာ မှန်းဆကြည့်ရဋ် အလွန်နက်နဲလွန်းလှပေသည်။

အကြီးအကဲငါးဦးသည်လည်း အံ့အားသင့်သွားခဲ့သည်။ ဝမ်ဖုန်းမှာ ထိုမျှထိ သတ္တိရှိလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ပေ။ သို့သော် ဤတစ်ကြိမ်တွင်တော့ အကြီးအကဲငါးဦးသည် ဝမ်ဖုန်းအား လေးစားသွားခဲ့သည်။ 

သို့တိုင် ဝမ်ဖုန်း၏ စကားလုံးအသုံးအနှုန်းသည် အကြီးအကဲများကို အမျက်ဒေါသထွက်စေ၏။ ဤလောက၌ နတ်ဆိုးမျိုးနွယ်စု ရပ်တည်လာခဲ့သည်မှာ နှစ်ကာလအရေအတွက်ကို မမှတ်မိနိုင်တော့သည်အထိပင်။ ဝမ်ဖုန်းမှ နတ်ဆိုးမျိုးနွယ်စုအား မြေမြှုပ်ပစ်မည်ဟူသော အသုံးသည်  ရယ်စရာကောင်း၏။

“အတော်လေး ရဲရင့်ပါပေတယ်!”

“မင်းရဲ့သတ္တိက မင်းရဲ့အင်အားနဲ့ ညီမျှနေဖို့ မျှော်လင့်ပါရဲ့”

အကြီးအကဲကျုံးမင်မှ ဝမ်ဖုန်းသို့ အော်ပြောသည်။

ဘုန်း!

စကားဆုံးသည်နှင့်တစ်ပြိုင်နက် အကြီးအကဲငါးဦး၏ ဖွံ့ထွားသောခန္ဓာကိုယ်များမှ အင်အားကြီးမားလှစွာသော စွမ်းအင်များ ဖြာထွက်လာ၍ အထက်ကောင်းကင်ကိုပါ တုန်ခါသွားစေခဲ့သည်။

အကြီးအကဲငါးဦးသည် မိမိတို့၏စွမ်းအင်များကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်သည်။ စူးရှတောက်ပစွာသော အလင်းတန်းများသည် အကြီးအကဲငါးဦးထံမှ ထွက်ပေါ်လာသည်။ ထိုအင်အားကြီးမားလှစွာသော စွမ်းအင်များကြောင့် ကမ္ဘာလောကကြီးတစ်ခုလုံး တုန်ခါနေတော့သည်။

အကြီးအကဲငါးဦးကို ဗဟိုပြု၍ မိုင်ပေါင်းတစ်သိန်းအကွာအဝေးအထိသော လေဟာပြင်သည် သာမန်မျက်စိဖြင့် မြင်နိုင်သောအနေအထားအထိ တွန့်လိမ်ပုံပျက်လာခဲ့သည်။  ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများလည်း အက်ကွဲလာသည်မှာ ကောင်းကင်ကြီးပြိုကျတော့မည့်အလား ထင်မှတ်ရသည်။ 

စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့်၏ ကြီးကျယ်ခမ်းနားလှစွာသော စွမ်းအင်သည် မုန်တိုင်းကြီးကဲ့သို့ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့ထိခတ်စေသည်။ ကြောက်ခမန်းလိလိသောအရှိန်အဝါကြောင့် ယွဲ့ယင်း၊ ရွှမ်းယွမ်နှင့် ကွေ့ဝူတို့မှာ တစ်ကိုယ်လုံးတုန်ယင်လျက် သူတို့၏ဝိဉာဉ်သည်လည်း တုန်လှုပ်နေကြသည်။

“ချင်းရွှမ်နဂါးဆင်းသက်စေ!”

“ကျားဖြူဟာ လောကတစ်ခွင်တောက်ပလေတယ်!”

“နတ်မြင်းအဆောင်တော်!”

“မီးလျှံဓား!”

“ရွှမ်းဝူအရှေ့အရပ်!”

အကြီးအကဲငါးဦးထံမှ ရေရွတ်သံများထွက်ပေါ်လာခဲ့ပြီး လောကတစ်ခွင်အား မိုးကြိုးပစ်ချသည့်အလား ပေါက်ကွဲမှုများဖြစ်ပေါ်စေသည်။

ထိုရေရွတ်သံများနှင့်အတူ အကြီးအကဲငါးဦးထံမှ ကြီးကျယ်ခမ်းနားလှစွာသော စွမ်းအင်များ ဖြာထွက်လာသည်။ သူတို့၏ ခန္ဓာကိုယ်များတစ်ဝိုက်တွင် အက္ခရာတန်းများ ထွက်ပေါ်လာကာ ရောစပ်ယှက်နွယ်နေကြသည်။

အကြီးအကဲငါးဦးသည် တည်ကြည်လေးနက်စွာဖြင့် လက်များသည် စည်းတံဆိပ်များကို ဖိညှစ်‌ထားကြသည်။ ထိုစည်းတံဆိပ်များ၏လှုပ်ရှားမှုဖြင့် ခန္ဓာကိုယ်တစ်ဝိုက်ရစ်ဝဲနေသော အက္ခရာပုံရိပ်များသည် ထူးဆန်းသည့်ပုံသဏ္ဍာန်အဖြစ်သို့ ‌တုန်ခါပြောင်းလဲလာသည်။ ကမ္ဘာလောကကြီး အလွန်အမင်းတုန်ခါနေသည့်အလား ကြောက်ခမန်းလိလိသောစွမ်းအင်ကြီးများ ထပ်မံထွက်ပေါ်လာသည်။

ဂါး!

ထိုအက္ခရာပုံရိပ်များသည် ဧရာမပုံရိပ်ယောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ၎င်းပုံရိပ်ယောင်မှာ နဂါးသဏ္ဍာန်၊ ကျားပုံရိပ်၊ မီးလျှံဓား၊ နတ်မြင်းပုံရိပ်နှင့် ကျောက်နက်သဏ္ဍာန်တို့ဖြစ်ကြသည်။

နတ်သားရဲငါးသွယ်၏ပုံရိပ်ယောင်များ လောကတွင် ထွက်ပေါ်လာခဲ့ပြီးနောက် အထက်ကောင်းကင်နှင့် ပထဝီမြေကြီးမှာ အပြင်းအထန် တုန်ခါသွားခဲ့သည်။

ထိုပုံရိပ်ယောင်ကြီးငါးခု ထွက်ပေါ်လာခဲ့ပြီးနောက် ကြီးမားကျယ်ပြောသောစွမ်းအင်သည် ကြမ်းကြုတ်သောမုန်တိုင်းကို ဖြစ်တည်စေကာ ဝေးကွာလှသည့်အကွာအဝေးကိုပင် ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဟုန်များဖြင့် ပျက်စီး‌စေခဲ့သည်။

Swam Min Htet:

All Chapters