နတ်ဆိုးဘိုးဘေးရဲ့ ဘုရားကျောင်းကိုဖွင့်လှစ်ခြင်း။
Vol. 53 Ch. 742
ဘုန်း!
ဝူဖန်တို့အားလုံး ထိတ်လန့်နေကြစဥ်တွင် ဝမ်ဖုန်းဖော်ထုတ်ခဲ့သော တောက်ပသည့် ဓားအလင်းတန်းသည် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ စူးရဲတောက်ပနေသော ဓားအလင်းတန်းကြီးသည် အလယ်ဗဟိုမှနေ၍ အက်ကွဲသွားခဲ့ကာ နှစ်ခြမ်းပြတ်လျက် ကျစ်လစ်၍သေးငယ်သန်မာသော ဓားကလေးတစ်ခုကို ဖော်ပြခဲ့သည်။
၎င်းသေးငယ်၍ ကျစ်လစ်သန်မာသော ဓားကလေးထွက်ပေါ်လာသည့်အခါ ကြောက်လန့်ဖွယ်ကောင်းသော စွမ်းအင်အရှိန်အဝါတို့သည် အရပ်လေးမျက်နှာသို့ ပျံ့လွင့် သွားခဲ့သည်။ လောကကြီးသည် ၎င်းဓား၏ ခွန်အားကို မခံနိုင်တော့သည့်အလား တစ်သိမ့်သိမ့်တုန်ခါနေတော့၏။
"ဘုန်း!"
ယင်းနောက် သေးငယ်၍ထက်မြသော ဓားကလေးသည် ပုံရိပ်ငါးဦးဖော်ထုတ်ထားသော အကာအကွယ်ကြီးရှိရာသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း၌ အကာရံအလွှာကြီးကို ထွင်းဖောက်လျက် ပုံရိပ်ယောင်အားလုံးနှင့် ထိတွေ့မိခဲ့သည်။
ကျယ်လောင်သော မိုးကြိုးပစ်သံကြီးသည် လောကအတွင်းပေါက်ကွဲထွက်သွားခဲ့ကာ အသံလှိုင်းနဲ့ တွဲလျက်ဆိုသလို ကြောက်စရာကောင်းသော ခွန်အားတို့လည်း ကိန်းဝပ်နေခဲ့သည်။ အရပ်လေးမျက်နှာသို့ အင်အားလှိုင်းလုံးများ ရွေ့လျားသွားခဲ့သည်။
"ဖစ်!"
ပြင်းထန်သော ခွန်အား၏သက်ရောက်မှုအောက်တွင် ဝမ်ဖုန်းနှင့် ဝူဖန့်တို့ အကြီးအကဲငါးရောက်စလုံးသည် တစ်ပြိုင်တည်း သွေးအန်ခဲ့ကြရသည်။ မျက်နှာများမှာ ဖြူဆုတ်လျက်ရှိကာ စွမ်းအင်လှိုင်းကြောင့် လွင့်စင်ထွက်သွားလျက် မြေပြင်၌ ကြီးမားသော တွင်းပေါက်ကြီးကို ဖြစ်ပေါ်စေခဲ့သည်။
မိုင်ပေါင်းအနည်းငယ်လောက် လွင့်စင်ထွက်သွားပြီးနောက် ဝမ်ဖုန်းနှင့်အကြီးအကဲများသည် မိမိ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းကျောင်းနိုင်ခဲ့သည်။
ဝမ်ဖုန်းသည် နှုတ်ခမ်းထောင့်ရှိသွေးများကိုသုတ်လျက် လေဟာပြင်၌ မတ်တတ်ရပ်နေခဲ့ကာ အကြီးအကဲများကို အေးစက်သော အမူအယာဖြင့် စိုက်ကြည့်နေခဲ့သည်။
ဟွာကွမ်းဖေးရှန်းဓားကို ကိုင်ဆောင်ထားသော သူ၏လက်သည် တသိမ့်သိမ့်တုန်ယင်နေခဲ့သည်။
ဝမ်ဖုန်း၏ တိုက်ခိုက်ရေးစွမ်းအားသည် ကောင်းမွန်သော်ငြားလည်း အကြီးအကဲငါးဦး၏ ပူးပေါင်းတိုက်စစ်ကြောင့် ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်။
သူ၏ကိုယ်တွင်းရှိ ဆန်းကြယ်မှုကြီးလေးခုကြောင့်သာမဟုတ်လျှင် အကြီးအကဲငါးဦးကို ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့မှာတောင်မဟုတ်ပါ။
သူသည် သူမတူသော တိုက်ပွဲဝင်စွမ်းအားအပေါ်မှီခို၍ လောင်ထျန်းဧကရာဇ်အထွတ်အထိပ်၌ ရှိနေသော အကြီးအကဲငါးဦး၏ ပူးပေါင်းတိုက်ကွက်ကို ကံကောင်းစွာဖြင့် ရင်ဆိုင်နိုင်ခဲ့သည်။ နောက်ထပ်ဖြစ်ရပ်များသည်တော့ အကြီးအကဲများက အသိအမှတ်ပြုသလား မပြုဘူးလားဆိုတာအပေါ်သာ မူတည်ပါတော့သည်။
အကြီးအကဲဝူဖန်က ဝမ်ဖုန်းကို အရှက်မဲ့စွာ ငြင်းဆန်လိုက်လျှင်လည်း ဝမ်ဖုန်းက ဘိုးဘေးငှားရမ်းခြင်းလုပ်ဆောင်ချက်ကို အသုံးပြုရန် စိတ်မရှိပါ။
"ဟစ်!"
ဝမ်ဖုန်းနှင့် နှိုင်းဆရလျှင် အကြီးအကဲဝူဖန်တို့ရရှိထားသော ဒဏ်ရာများမှာ ပို၍သေးငယ်ပေသည်။ သို့သော်လည်း စိတ်ဝိညာဥ်ကို ထိခိုက်သွားခြင်းဖြစ်ရာ ကုသ၍တော့ အချိန်အနည်းအငယ်အတွင်း ရရှိဦးမည် မဟုတ်ချေ။
သူတို့က မျက်ဝန်းများပြူးကျယ်လျက် ဝမ်ဖုန်းကိုစိုက်ကြည့်နေခဲ့ကာ အမူအယာမှာ မယုံနိုင်စွာဖြစ်နေခဲ့သည်။ သူတို့သည် ကျောက်ရုပ်တုကြီးများကဲ့သို့ နေရာ၌ ခဲတောင့်နေခဲ့သည်။ ဝမ်ဖုန်းက သူတို့ငါးဦး၏ တိုက်ကွက်များကို အမှန်တကယ်တားဆီးနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထားခဲ့ချေ။
ဒါမဖြစ်နိုင်ဘူး!
သူတို့ဟာ အစစ်အမှန်ဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်များဖြစ်ကြသည်။ သူတို့ငါးယောက်စလုံးသာ စွမ်းအင်စုပေါင်းလိုက်လျှင် ကမ္ဘာပေါ်ရှိ သေမျိုးဧကရာဇ်များကိုတောင် ရင်ဆိုင်နိုင်စွမ်းရှိသည်။ ဒါပေမဲ့ ဝမ်းဖုန်းလို ဆင့်ကဲပြောင်းလဲခြင်းအထွတ်အထိပ်ကလေးကို ဘာကြောင့် အနိုင်မယူနိုင်ခဲ့ရတာလဲ။ ဒီသတင်းသာထွက်သွားခဲ့လျှင် ဘယ်သူကမှ ယုံကြည်နိုင်မှာ မဟုတ်ပါ။
မနီးမဝေးတွင်ရှိနေသော ယွဲ့ယင်းတို့အားလုံးသည်လည်း ထိတ်လန့်နေခဲ့သည်။ သူတို့သည် ဝမ်ဖုန်းကိုကြည်ညိုလေးစားသော အကြည့်တို့ဖြင့် စိုက်ကြည့်နေခဲ့သည်။ မေးပါရစေ။ ဒီပျက်သုဥ်းခြင်းဧကရာဇ်ဘုံလောကကြီးထဲမှာ ဘယ်လူငယ်ပါရမီရှင်ကများ ဝမ်ဖုန်းလို ထိတ်လန့်ကြောက်ရွံစရာ ကောင်းဦးမှာလဲ။
အမြင့်မြတ်ဆုံး အင်အားစုကြီးများက ဖုံးကွယ်ထားသော မကောင်းဆိုးဝါးပါရမီရှင်များကတောင် ဤကဲ့သို့ ကောင်းကင်ကို သွေဖယ်နိုင်လိမ့်မည် မဟုတ်ချေ။
ကိုယ်တိုင်မျက်လုံးနှင့်တွေ့မြင်ခဲ့ရ၍ မဟုတ်ပါက ဤမြင်ကွင်းကို ယုံကြည်နိုင်ဖွယ်တောင် မရှိချေ။
အချိန်အတော်ကလေးကြာသည့်အခိုက်တွင် အကြီးအကဲဝူဖန်းက ပြန်၍ အသိစိတ်ဝင်လာခဲ့သည်။ သူသည်နှလုံးသားအတွင်းရှိ ထိတ်လန့်မှုတွေကို ထိန်းချုပ်လျက် ဝမ်ဖုန်းကို နက်နက်ရှိုင်းရှိုင်းစူးစိုက်ကြည့်ခဲ့သည်။ သူ၏မျက်ဝန်းများအတွင်း၌ ရှုပ်ထွေးသော ခံစားချက်တို့ကိန်းဝပ်နေခဲ့သည်။ "မင်းနိုင်တယ် ။နတ်ဆိုးဘိုးဘေးရဲ့ ဘုရားကျောင်းကို ဝင်ရောက်နိုင်ပါပြီ"
ဤစကားကို ပြောဆိုနေသည့် အချိန်အတွင်း အကြီးအကဲများ၏ စိတ်နှလုံးက အဘယ်မျှလောက် ရှုပ်ထွေးနေကြောင်းကို မြတ်စွာဘုရားသာ သိရှိပါလိမ့်မည်။
သူတို့၌ ထပ်မံတိုက်ခိုက်ရန် ခွန်အားရှိနေသေးလျှင်တောင်၊ ဆက်လက်တိုက်ခိုက်လျှင် ဝမ်ဖုန်းကသူတို့၏ပြိုင်ဘက် မဟုတ်ရင်တောင် စကားလုံးများဟာ ပြောဆိုပြီးဖြစ်၏။ ပြောပြီးစကားကို ပြန်လည်ရုပ်သိမ်းပါက ကျိန်းသေပေါက် မျက်နှာပျက်ယွင်းရလိမ့်မည်။
သူတို့အားလုံးသည် ဝမ်ဖုန်းအတွက် ကိစ္စရပ်များကို ခက်ခဲအောင်ကြိုးစားပြုမူခဲ့ကြသည်။ နတ်ဆိုးဘိုးဘေး၏ ဘုရားကျောင်းသည် လောကအတွင်းရှိ နတ်ဆိုးမျိုးနွယ်များအတွက် အထွတ်အမြတ်ထားရာ နေရာဖြစ်သည်။ အဘယ့်ကြောင့် ဝမ်ဖုန်းလို အပြင်လူတစ်ယောက်ကို အလွယ်တကူ ဝင်ရောက်ခွင့် ပြုနိုင်ပါမည်နည်း။
လက်ရှိမှာ ဝမ်ဖုန်းက သူတို့၏ မဖြစ်နိုင်သော စမ်းသပ်ချက်ကို အောင်မြင်စွာပြီးဆုံးနိုင်ခဲ့သည်ဖြစ်ရာ သူတိူ့၌ ရပ်တန့်ရန် အကြောင်းအရင်း မရှိနိုင်တော့ပါ။
အကြီးအကဲ၏စကားကို ကြားလိုက်ပြီးနောက် ဝမ်ဖုန်းက မျက်မှောင်ကြုတ်ခဲ့ကာ အကြီးအကဲများကို နက်ရှိုင်းစွာစိုက်ကြည့်လျက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် တင်ပျဥ်ချိတ်၍ ထိုင်ချလိုက်ကာ ပြန်လည်ကုသရန် ကြိုးစားခဲ့သည်။
နတ်ဆိုးဘိုးဘေး၏ ဘုရားကျောင်းသည် လျှို့ဝှက်ဆန်းကြယ်၍ မခန့်မှန်းနိုင်ဖွယ်ရာဖြစ်သည်။ အထဲ၌ ဘယ်သို့သော အန္တရာယ်ရှိနေကြောင်းကို အပြည့်အဝ မသိရှိနိုင်ပါ။ ဝမ်ဖုန်းအနေဖြင့် ဒဏ်ရာရနေသော ခန္ဓာကိုယ်ဖြင့် အတွင်းသို့ဝင်သွားရန်က မဖြစ်နိုင်ပါ။
ယွဲ့ယင်းနှင့် အခြားသူများက ဝမ်ဖုန်းထံအပြေးအလွှားရောက်ရှိလာခဲ့ကာ ကူညီပေးခဲ့ကြသည်။ သူတို့အားလုံးက အကြီးအကဲဝူဖန်းကို စိုးရိမ်စွာ စိုက်ကြည့်နေခဲ့သည်။ အကြီးအကဲဝူဖန်းက အခွင့်ကောင်းယူ၍ ဝမ်ဖုန်းကိုတိုက်ခိုက်မှာကို ကြောက်လန့်နေခဲ့သည်။
ယွဲ့ယင်းတို့၏ စိတ်သဘောကြောင့် အကြီးအကဲဝူဖန်းတို့သည် ခေါင်းကို ခါရမ်းလျက် မထိန်းချုပ်နိုင်စွာ အော်ဟစ်ရယ်မောမိခဲ့ကြသည်။ သူတို့သည် ဝမ်ဖုန်းကို အရှက်မရှိ တိုက်လိုက်လိမ့်မည် မဟုတ်ပါ။
ဝမ်ဖုန်းက ပြန်လည်၍ ကုသနေချိန်တွင် လောကတစ်ခုလုံးက ပြန်လည်တည်ငြိမ်အေးဆေးသွားခဲ့သည်။ အရပ်ငါးမျက်နှာရှိအကြီးအကဲများသည် လေဟာပြင်တွင်ငြိမ်သက်စွာ မတ်တတ်ရပ်လျက် ဝမ်ဖုန်းကိုစကားမပြောဘဲ စူးစမ်းနေခဲ့သည်။
....
ဝမ်ဖုန်းတို့အုပ်စုက နတ်ဆိုးဘိုးဘေး၏ဘုရားကျောင်းအတွင်း ဝင်ရောက်ရန် ရုန်းကန်နေသည့်အချိန်တွင် အခြားတစ်ဖက်၌ ပါရမီရှင်များစွာသည် အန္တရာယ်အမျိူးမျိုးကို ကျော်လွှား၍ သွေးမျှော်စင်၏ တတိယအလွှာသို့ ရောက်ရှိလာခဲ့ကြသည်။
ဖြစ်စဥ်အတွင်း၌ မရေမတွက်နိုင်သော ပါရမီရှင်များသည် သွေးမျှော်စင်ကြီး၏ ဒုတိယအလွှာအတွင်း ကျဆုံးသွားခဲ့ကြသည်။ သို့သော်လည်း ထူးဆန်းသည်က ဝမ်ဖုန်းတို့ အုပ်စုကဲ့သို့၊ ပါရမီရှင်များသည် မကောင်းဆိုးဝါးလူငယ်တစ်စုကို တွေ့မြင်ခဲ့ရခြင်း မရှိပါ။ ၎င်း မကောင်းဆိုးဝါး လူငယ်အုပ်စုသည် ဝမ်ဖုန်းတို့ကို စမ်းသပ်ရန်သာ ထွက်ပေါ်လာခဲ့သည့်အလား ဖြစ်ချေသည်။
ဝမ်ဖုန်းတို့ကဲ့သို့ ကြီးမားသောအခက်အခဲများကို မတွေ့ဆုံရသည်ဖြစ်ရာ လူငယ်ပါရမီရှင်များသည် လွယ်ကူစွာ တက်လှမ်းနိုင်ခဲ့ကြသည်။ သူတို့ဟာ သွေးမျှော်စင်၏ တတိယအလွှာသို့ စတင်ခြေစလာခဲ့ကြသည်။ မူလက ဝမ်ဖုန်းတို့သည် အလျင်မြန်ဆုံးသွားလာနိုင်ခဲ့ကြသူများ ဖြစ်သော်လည်း လက်ရှိအချိန်၌တော့ ဒုတိယအလွှာ၌သာ ပြတ်ကျန်ခဲ့သည်။
ဟုတ်ပါပေသည်။ ဝမ်ဖုန်းတို့က သွေးမျှော်စင်၏ ဒုတိယအလွှာတွင် ကြီးမားသော အခွင့်ရေးကြီးတစ်ခုကို ကြုံတွေ့လိုက်ရလိမ့်မည်ဟုတော့ ဘယ်သူကမှ ထင်မထားခဲ့ပါ။
အချိန်ဘယ်လောက်ကြာသွားသည်မသိ။
မျက်လုံးကို ပြန်၍ ဖွင့်လှစ်ခဲ့သည့်အခါ အလင်းတန်းတစ်ခုသည် မျက်ဝန်းအိမ်အတွင်း ဖြတ်သန်းသွားခဲ့သည်။
သူ၏ ဖြူဖျော့နေသောမျက်နှာသည် သွေးရောင်လွှမ်းလာခဲ့သည်။ သူ၏အရှိန်အဝါများသည် အားနည်းရာမှ ပြန်၍အားအင်ပြည့်ဖြိုးလာခဲ့သည်။
နဂါးအရိုးနှင့် တခြားဆန်းကြယ်သော ပစ္စည်းများ၏ ပေါင်းစပ်မှုကြောင့် ဝမ်ဖုန်း၏ပြန်လည်ကောင်းမွန်မှုနှုန်းသည် အင်မတန် မြန်ဆန်နေခဲ့သည်။ အဆင့်တူထဲတွင် မည်သူကမှ ယှဥ်ပြိုင်နိုင်မည်မဟုတ်ပါ။ အစစ်အမှန်ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများကတောင် ဝမ်ဖုန်း၏ ပြန်လည်ကုသနိုင်စွမ်းကို ရင်မဆိုင်နိုင်ချေ။
ကိုယ်ပိုင်ဒဏ်ရာများမှ ပြန်လည်သက်သာလာပြီးနောက် ဝမ်ဖုန်းက မတ်တတ်ရပ်လျက် အကြီးအကဲဝူဖန်းကို စိုက်ကြည့်ခဲ့သည်။ သူဟာ ဘယ်စကားကိုမှ မပြောဆိုခဲ့သော်လည်း ပြောဆိုလိုသည့် ဆိုလိုရင်းများသည် မျက်ဝန်းအတွင်း၌ ထွက်ပေါ်နေခဲ့သည်။
ဝမ်ဖုန်း၏ အကြည့်ကြောင့် အကြီးအကဲငါးယောက်သည် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်ခဲ့ကြသည်။ သူတို့အားလုံးက နတ်ဆိုးဘိုးဘေးဘုရားကျောင်း၏ အရှေ့တွင်ရှိနေသော တိုင်လုံးကြီးငါးလုံးပေါ်သို့ ပျံသန်းတက်သွားခဲ့ကာ တင်ပျဥ်ချိတ်၍ထိုင်ချခဲ့သည်။
"ဘုန်း!"
လူပုဂ္ဂိုလ်ငါးဦး ထိုင်ချလိုက်ပြီးနောက် ကြောက်လန့်စရာကောင်းသော အရှိန်အဝါကြီးသည် သူတို့တွေ၏ ခန္ဓာကိုယ်မှ မြောက်တက်ပေါက်ဖွား ထွက်ပေါ်လာခဲ့သည်။ လူပုဂ္ဂိုလ်ငါးယောက်၏ လက်များသည် အဆက်မပြတ်ရှုပ်ထွေးသော ချိတ်စည်းများကို ဖော်ထုတ်နေခဲ့သည်။ သူတို့က လျှို့ဝက်ဆန်းကြယ်သော မန္တန်တစ်ပုဒ်ကိုလည်း ရွတ်ဆိုနေခဲ့၏။