ရုပ်တုကြီးနှစ်ခု
Vol. 53 Ch. 743
"ဝုန်း!"
အရပ်ငါးမျက်နှာရှိ အကြီးအကဲများသည် လျှို့ဝှက်ဆန်းကြယ်သောမန္တန်ကို ရွတ်ဆိုခဲ့သည့်အခါ ထူးဆန်းသော သင်္ကေတများသည် ဝဲလွင့်ထွက်ပေါ်လာပြီးလျှင် အလင်းတန်းကြီးတစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့ကာ ကောင်းကင်ယံထိတိုင် မြောက်တက်သွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း၌ အလင်းတန်းကြီးငါးတန်းသည် နတ်ဆိုးဘိုးဘေး ဘုရားကျောင်းပတ်လည်တွင် ငါးထောင့်ကြယ်ပုံသဏ္ဌာန်ထွက်ပေါ်လျက်ရှိသည်။
"ဘုန်း!"
၎င်းအလင်းတန်းကြီးငါးတန်း ထွက်ပေါ်လာပြီးနောက် နတ်ဆိုးဘိုးဘေး၏ ဘုရားကျောင်းသည် ဖွင့်လှစ်ခံခဲ့ရသည်။ တသိမ့်သိမ့်တုန်ယင်သွားပြီးလျှင် ဘုရားကျောင်း၏ နံရံပေါ်တွင် မျက်စိကျိန်းလောက်သော အလင်းတန်းများထွက်ပေါ်လာခဲ့သည်။ ကမ္ဘာလောကကြီးတစ်ခုလုံးက ခါရမ်းယိမ်းထိုးလျက်ရှိ၏။
၎င်းမကောင်းဆိုးဝါးစွမ်းအင်ကို ခံစားလိုက်ရသည့်အခါ ဝမ်ဖုန်း၏ခန္ဓာကိုယ်ကတောင်မှ တုန်ယင်သွားခဲ့သည်။ ဤမကောင်းဆိုးဝါးစွမ်းအင်၏ရှေ့မှောက်တွင် သူဟာ သေးနုပ်နေသကဲ့သို့ ခံစားနေရသည်။
"ခရပ်!"
များမကြာမီတွင် ကျယ်လောင်သော တံခါးဖွင့်သံကြီးသည် မြည်ဟိန်းထွက်လာခဲ့သည်။ ယခင်ကပိတ်ထားခဲ့သော နတ်ဆိုးဘိုးဘေးကျောင်းတော်ကြီးသည် ရုတ်တရက်ပွင့်သွားခဲ့ကာ လူအများဝင်ရောက်ရန် လမ်းကြောင်းတစ်ခုကို ဖော်ဆောင်ပေးခဲ့သည်။
"မြန်မြန်!"
"ငါတို့ရဲ့ကျင့်ကြံမှုနဲ့ ဒီဘုရားကျောင်းကို ခဏပဲဖွင့်ပေးနိုင်တယ်"
အကြီးအကဲချုံးမင်၏ နဖူးပြင်သည် ချွေးများစိုရွှဲနေခဲ့ကာ အမူအယာမှာဖြူဖျော့လျက် ချက်ချင်းအော်ပြောခဲ့သည်။
အကြီးအကဲ၏စကားကိုကြားတော့ ဝမ်ဖုန်း၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့သည်။ သူဟာနှောင့်နှေးရဲခြင်းမရှိဘဲ လက်ကိုဝေ့ရမ်းလိုက်ကာ စွမ်းအင်တို့ဖြင့် ယွဲ့ယင်းတို့ကိုရစ်ပတ်စေလျက် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲ၍ နတ်ဆိုးဘိုးဘေးကျောင်းတော်အတွင်း ပြေးဝင်သွားခဲ့သည်။
"ဘုန်း!"
ဝမ်ဖုန်းတို့တတွေ ဘုရားကျောင်းအတွင်း ဝင်ရောက်သွားပြီးနောက် အကြီးအကဲများသည် သူတို့၏ အရှိန်အဝါများကို ရုတ်သိမ်းခဲ့ကြသည်။ သူတို့လက်ထဲရှိ ချိတ်စည်းသင်္ကေတများမှာလည်း ရပ်တန့်သွားခဲ့သည်။ အကြီးအကဲများအားလုံးသည် မြေပြင်ပေါ်ပြိုလဲသွားခဲ့ကာ မောပန်းနွမ်းရှိူက်နေခဲ့သည်။
အကြီးအကဲများ၏ မှော်ဝင်စွမ်းအားရုတ်သိမ်းမှုကြောင့် ကောင်းကင်ထိအတိုင်မြင့်တက်ဖြစ်တည်လျက်ရှိသော အလင်းတန်းငါးခုသည်လည်း ပြန်လည်၍ပျောက်ကွယ်သွားခဲ့ကာ လောကကြီးသည် ငြိမ်းချမ်းသွားခဲ့သည်။
"အဲဒီ့လူတွေကို အထဲဝင်ခွင့်ပြုလိုက်တာ မှားသလား မှန်သလားဆိုတာ ငါမသိတော့ဘူး"
တစ်ခဏတာ ပြန်လည်ကုသပြီးနောက် အကြီးအကဲချုံးမင်သည် နက်ရှိုင်းသောအကြည့်ဖြင့် ပြောလိုက်သည်။ သူကနတ်ဆိုးဘိုးဘေးဘုရားကျောင်းကိုစိုက်ကြည့်လျက် တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"အဲဒီ့ပုဂ္ဂိုလ်ရဲ့ သရုပ်မှန်ကို လျစ်လျူရှုထားရရင် ပါရမီစွမ်းအင်အရာမှာ ဒီဘုံလောကကြီးထဲမှာ အကောင်းဆုံးလို့တောင် ပြောဆိုနိုင်တယ်။ ဒီလိုမျိုးထူးချွန်ထက်မြက်တဲ့ လူသားတစ်ယောက်က သွေးမျှော်စင်ထဲကို ဝင်ရောက်လာတာကို နှမြောမိပါရဲ့"
အကြီးအကဲတစ်ယောက်ကလည်း လေးနက်သော အမူအယာနှင့် အထက်ကောင်းကင်ယံကြီးကို စိုက်ကြည့်ကာ အသံတိုးတိုးဖြင့် ပြောဆိုလိုက်သည်။
"ဒီလိုလူတစ်ယောက်က ကံကြမ္မာဆိုးကိုကြံ့ကြံ့ခံပြီး ဖြတ်သန်းအောင်မြင်နိုင်လိမ့်မယ် နောက်ဆုံးမှာ ဘယ်သူအနိုင်ရမလဲဆိုတာက ပြောဆိုရခက်ပါတယ်ကွာ"
"ဒါ့အပြင် အဲဒီ့ကောင်မလေးမှာ ဘိုးဘေးအဆင့် သွေးမျိုးဆက်ရှိတယ် ။ဒါပေမဲ့ သူမက အဲဒီ့လူရဲ့ ဘေးနားမှာပဲ နေချင်ခဲ့တယ်။ ဒါက တစ်ခုခုကို သက်သေပြဖို့လုံလောက်နေခဲ့ပြီလေ"
"ဒီပုဂ္ဂိုလ်က ငါတို့နဲ့အတူ သွေးမျှော်စင်ဒုတိယအလွှာမှာတွေ့ရတာက ကံတရားပဲ ။ဒီနတ်ဆိုးဘိုးဘေးရဲ့ဘုရားကျောင်းက ပိုင်ရှင်အစစ်အမှန်ရောက်ရှိလာမှာကို စောင့်နေတာလည်း ဖြစ်နိုင်တာပဲ"
မြောက်ဘက်အရပ်၏ အကြီးအကဲမင်ဝူသည် မျက်ဝန်းကို မှေးကျုံ့လျက် တိုးညှင်းစွာပြောဆိုလိုက်သည်။ သူ၏ အကြည့်များက နတ်ဆိုးဘိုးဘေးဘုရားကျောင်းကို စူးစိုက်ကြည့်နေခဲ့သည်။
"ထားလိုက်တော့ အဲဒီ့လူတွေ နတ်ဆိုးဘိုးဘေးဘုရားကျောင်းထဲကို ဝင်ရောက်သွားပြီ။ ငါတို့ဘယ်လောက်ပြောပြော အသုံးမဝင်ဘဲ ဖြစ်တော့မှာ"
"အဲဒီ့ကောင်မလေးက မြင့်မြတ်တဲ့ သွေးမျိုးဆက်နဲ့ ထိုက်တန်အောင် နေထိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ သူမအထွတ်အထိပ်ရောက်ပြီးရင် ငါတို့နတ်ဆိုးမျိုးနွယ်စုကို ကူညီပေးပြီး ငါတို့ရဲ့အစစ်အမှန်ကမ္ဘာလောကကို ပြန်နိုင်အောင် ဆောင်ကျဥ်းပေးမယ်လို့ ဆုတောင်းမိပါရဲ့ကွာ"
"ငါတို့နတ်ဆိုးမျိုးနွယ်တွေ ဒီသွေးမျှော်စင်ကြီးထဲမှာ ပိတ်မိနေတာ နှစ်ပရိစ္ဆေဒကြာမြင့်လှပြီ ။တချို့လူငယ်လေးတွေဆို ဒီသွေးမျှော်စင်ကြီးကိုပဲ ကမ္ဘာလောကြီးတစ်ခုလို့ မြင်နေခဲ့တာ"
အကြီးအကဲချုံးမင်သည် သက်ပြင်းရှိုက်လိုက်သည်။ သူ၏မျက်ဝန်းများအတွင်း၌ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် အေးစက်သောအလင်းတန်းတို့ ဖြာထွက်နေခဲ့သည်။ သူ၏ ကိုယ်ခန္ဓာမှ သတ်ဖြတ်လိုသောစိတ်ဆန္ဒတို့သည် အလုံးအရင်းဖြင့် ထွက်ပေါ်လျက်ရှိကာ လေဟာပြင်ကို တစ်စစီယိုယွင်းစေခဲ့သည်။
...
နတ်ဆိုးဘိုးဘေးဘုရားကျောင်းအတွင်း ဝင်ရောက်သွားပြီးနောက် ဝမ်ဖုန်းတို့အားလုံးသည် မူးဝေခြင်းကို ခံစားခဲ့ရသည်။ သူတိူ့ဟာ ကမ္ဘာလောကကြီး ချာချာလည်နေသလို သိမြင်ရ၏။
"ဘုန်း!"
သို့သော်လည်း အနှီခံစားချက်သည် မကြာမြင့်ခဲ့ပါ။ တစ်ခဏကြာသည့်အခါ သူတို့၏ခန္ဓာကိုယ်များသည် မာကျောသော မြေပြင်ပေါ် ပြုတ်ကျသွားခဲ့ကာ အသံကျယ်ကြီးကို ဖြစ်ပေါ်စေခဲ့သည်။
ဝမ်ဖုန်းတို့သည် သူတို့၏ စိတ်အသိများကို ရုတ်သိမ်းလျက် မြေပြင်ပေါ်မှ မတ်တတ်ရပ်ခဲ့ကြသည်။ သူတို့၏ ကိုယ်ခန္ဓာများ အလိုအလျောက် တောင့်တင်းနေခဲ့သည်။ ကိုယ်တွင်းရှိ စွမ်းအင်များမှာ ငြိမ်သက်စွာ ရွေ့လျားလျက်ရှိသည်။ သူတို့အားလုံးဟာ သတိကြီးကြီးထား၍ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်ကြသည်။
သူတို့၏အရှေ့တွင် မှောင်မည်းနေသော ခန်းမကြီးတစ်ခုရှိနေခဲ့သည်။ ဤကြီးမားသော ခန်းမကြီးထဲတွင် ဝမ်ဖုန်းတို့ဟာ သေးနုပ်သောအရာများဖြစ်ကြ၏။
ခန်းမကျယ်ကြီး၏ ပတ်ပတ်လည်တွင် ဧရာမတိုင်လုံးကြီးရှစ်လုံးရှိ၏။ ၎င်းတိုင်လုံးကြီးများဟာ အရမ်းကိုထူထဲလွန်းကာ လူ လေး၊ငါးယောက် ဖက်စာ ခန့် ကျယ်ဝန်းသည်။
ဝမ်ဖုန်းက အရမ်းကိုအံ့သြသွားခဲ့သည်။ သူဟာ တိုင်လုံးများပေါ်၌ ထိုးထွင်းထားသော သင်္ကေတများကို စူးစိုက်ကြည့်လိုက်သည်။ သူ၏စိတ်နှလုံးသည် တုန်ယင်သွားခဲ့သည်။ ၎င်းသင်္ကေတများတွင် စိတ်ဝိညာဥ်ကိုဝါးမျိုနိုင်သော စွမ်းရည်တစ်မျိုး ရှိနေပုံပေါ်သည်။ ဝမ်ဖုန်း၏ စိတ်ဝိညာဥ်သည် ဝါးမျိုခံရတော့မလို ခံစားလိုက်ရတာကြောင့် နှလုံးအိမ်သည် တုန်ယင်သွားခဲ့သည်။ သူဟာ ၎င်းတိုင်လုံးများထံမှ အကြည့်ရွှေ့ခဲ့ရသည်။
ဘေးတွင်ရှိနေသော ယွဲ့ယင်းနှင့် အခြားသူများကလည်း ဝမ်ဖုန်းကဲ့သို့ထိတ်လန့်နေကြကာ တိုင်လုံးများကို ထပ်မံမကြည့်ရှူရဲတော့ပါ။
ခန်းမကျယ်ကြီး၏ အလယ်ဗဟိုတွင် နတ်ကွန်းတစ်ခုရှိနေခဲ့သည်။ နတ်ကွန်းပေါ်တွင် ရုပ်တုကြီးနှစ်ခုသည် တင်ပျဥ်ချိတ်၍ထိုင်နေခဲ့သည်။ ၎င်းရုပ်တုကြီးဟာ အမျိုးသမီးတစ်ယောက်နှင့် အမျိုးသားတစ်ယောက်၏ ရုပ်တုကြီးများဖြစ်ကြသည်။
အမျိုးသား၏ ခန္ဓာကိုယ်ပေါ်တွင် အပြာရောင်အကြေးခွံများဖုံးလွှမ်းထား၍ ထိုသူသည် မိုးပြာရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားခြင်းနှင့် တူညီသည်။ သူ၏လက်များကို ရင်ဘတ်ပေါ်တွင်မြှောက်ပင့်၍ အတူတကွပေါင်းစုထားခဲ့ခြင်းမှာ တစ်စုံတစ်ရာကို ရှိခိုးပူဇော်ပုံပေါက်နေသည်။ သူဟာ တစ်စုံတစ်ခုကို စောင့်ကြပ်နေပုံလည်းပေါ်၏။
တစ်ဖက်တွင်ရှိနေသော အမျိုးသမီးရုပ်တု၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင်ကြေးခွံများကို တွေ့မြင်ရသည်။ ၎င်းကြေးခွံသင်္ကေတများသည် ပျော့ပျောင်း၍ ကျက်သရေရှိလှသည်။ သူမ၏ လက်များဟာလည်း အမျိုးသားရုပ်တုနှင့် တူညီစွာပုံဖော်နေခဲ့ကာ တစ်စုံတစ်ခုကို ဝတ်ပြုဆုတောင်းနေပုံ ပေါ်၏။
၎င်းရုပ်တုကြီးနှစ်ခု ဘေးနားတွင်လက်နက်များကို ကိုယ်စားပြုသော ကျောက်တိုင်လုံးကြီး နှစ်ခုရှိသည်။ အမျိုးသားရုပ်၏ ဘေးတွင် သုံးမြောင့်ခက်ရင်းခွပုံသဏ္ဌာန် ကျောက်တိုင်လုံးကြီးရှိကာ အမျိုးသမီးရုပ်တု၏ဘေးတွင် ဓားရှည်ပုံသဏ္ဌာန် ကျောက်တိုင်လုံးကြီးရှိ၏။
ဒါ့အပြင်ဝမ်ဖုန်းတို့အားလုံးသည် ကျောက်ရုပ်တုကြီးရှေ့၌ ရိုးရှင်းသော ကျောက်ကဗ္ဗည်းတိုင်တစ်ခုကိုလည်း တွေ့မြင်ခဲ့ရသည်။ ကျောက်ကဗ္ဗည်းတိုင်ပေါ်တွင် သေးငယ်သော သင်္ကေတများရေးထွင်းထားခြင်းကို ရှင်းလင်းစွာမြင်ရသည်။
အကွာအဝေးမှာ အနည်းငယ်လှမ်းနေခဲ့သည်။ ဒါ့အပြင် ခန်းမကြီးအတွင်း၌ ထူးဆန်းသော စွမ်းအင်ရှိနေတာကြောင့် ဝမ်ဖုန်းတို့၏ စိတ်အာရုံအပေါ် သက်ရောက်မှုရှိခဲ့သည်။ သူတို့ဟာ ကျောက်ကဗ္ဗည်းတိုင်ကြီးအပေါ်ရှိ သင်္ကေတများကို မတွေ့မြင်နိုင်ခဲ့ပါ။
ယွဲ့ယင်းနှင့် အခြားသူများ၏ မျက်ဝန်းအကြည့်များသည် ထိတ်လန့်သွားခဲ့ကာ ဝမ်ဖုန်းထံသို့ အကြည့်ရွှေ့လျက် ဝမ်ဖုန်း၏အမိန့်ကို စောင့်ဆိုင်းနေခဲ့သည်။ ဤခန်းမကြီးသည် အန္တရာယ်ရှိပုံ မပေါ်သော်လည်း အလွန်အမင်းထူးဆန်း၍ လျှို့ဝှက်ဆန်းကြယ်နေခဲ့ကာ လက်လွတ်စပယ် မပြုမူရဲခဲ့ချေ။
"သွားပြီးကြည့်မယ်"
ဝမ်ဖုန်းက မျက်ဝန်းကို အနည်းငယ်မှေးကျဥ်းလျက် တစ်ခဏအကြာအောင်တွေးတောလိုက်ပြီးနောက် လက်ကို ခါရမ်းလိုက်သည်။
ယင်းသို့ပြောလိုက်ပြီးနောက် ဝမ်ဖုန်းသည် အားလုံးကိုဦးဆောင်၍ နတ်ကွန်းထံသို့ လမ်းလျှောက်သွားခဲ့သည်။ နတ်ကွန်းနှင့် သူတို့အကြားအကွာအဝေး ကျဥ်းမြောင်းလာသည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်း၏မျက်နှာပေါ်တွင် ထူးဆန်းသော အကြည့်တစ်ခုဖြစ်ပေါ်လာခဲ့သည်။
နတ်ကွန်းတစ်ခုလုံးထံမှ ထူးဆန်းသောအရှိန်အဝါကြီး ထွက်ပေါ်နေသည်ကို သူခံစားနေခဲ့ရသည်။ ၎င်းအရှိန်အဝါကြီး၏ အောက်တွင် သူ့ကိုယ်တွင်းရှိသွေးများသည် ပွက်ပွက်ဆူလာခဲ့ကာ အချိန်မရွေးပေါက်ကွဲတော့မည်အလား ဖြစ်နေခဲ့သည်။