ဘိုးဘေးအဆင့် သွေးမျိုးဆက်၏ စွမ်းအား
Vol. 53 Ch. 744
ဤမူမမှန်မှုသည် ဝမ်ဖုန်းကို တည်ကြည်လေးနက်သွားစေခဲ့သည်။ သူ့ကိုယ်တွင်းရှိစွမ်းအင်များကို လျှို့ဝှက်စွာရွေ့လျားစေလိုက်ပြီးလျှင် ကိုယ်တွင်းရှိသွေးများ၏မူမမှန်မှုကို ထိန်းချုပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်း၌ရှိနေသော ဆန်းကြယ်မှုကြီးလေးခုသည် အဆုံးစွန်ထိတိုင်လှုံ့ဆော်ခံခဲ့ရကာ အရေးပေါ်အခြေအနေများကိုတုံ့ပြန်ရန် အသင့်ပြင်ထားခဲ့သည်။
သွေးမျှော်စင်၏ဒုတိယအလွှာထဲတွင် မကောင်းဆိုးဝါးမျိုးနွယ်စုက ဘယ်လောက်ကြာအောင် တည်ရှိခဲ့သလဲဆိုတာ ဝမ်ဖုန်းမသိပါ။ သို့သော်လည်း ဤအတောအတွင်း၌ သွေးမျှော်စင်ဒုတိယအလွှာ၏ဖိနှိပ်မှုစည်းမျဉ်းများဖြင့်တောင် မကောင်းဆိုးဝါးမျိုးနွယ်စုတွင် သန့်စင်သော သွေးစွမ်းအားပိုင်ဆိုင်ထားသည့် ပါရမီရှင်များ ပေါ်ထွန်းလာခဲ့သေးသည်။ ၎င်းပါရမီရှင်များသည် ဘိုးဘေးအဆင့်သွေးမျိုးဆက်ကို မရခဲ့ကြသော်လည်း ပါရမီစွမ်းအင်ကတော့ နည်းပါးခြင်း မရှိပါ။
သို့ပေသော်ငြားလည်း ဘယ်နတ်ဆိုးမျိုးနွယ်ကမှ နတ်ဆိုးဘိုးဘေးဘုရားကျောင်းထဲတွင် သိုဝှက်ထားသော ရတနာပစ္စည်းကို မရယူနိုင်ခဲ့ချေ။ ဤသည်ကို ထောက်ရှုခြင်းအားဖြင့် နတ်ဆိုးဘိုးဘေး၏ဘုရားကျောင်းသည် အပြင်ပန်းတွင် တွေ့မြင်ရသလောက် ရိုးရှင်းမှု မရှိပါ။
ဤနတ်ကွန်းအတွင်း၌ စီးဆင်းနေသောလေထုသည် ပြင်ပလောကကြီး၌ရှိသောလေထုနှင့် မတူညီဘဲ လျှို့ဝှက်ဆန်းကြယ်နေကြောင်း ဝမ်ဖုန်းခံစားခဲ့ရသည်။ ၎င်းလေထုထဲတွင် အဆုံးအစမဲ့သောတာအိုနိယာမများ၊ အလွန်အမင်းသန်မာသောစွမ်းအင်များကိန်းဝပ်နေသကဲ့သို့ သန်မာအားကောင်းလျက်ရှိသည်။ အဆိုပါလေထုသည် ဝမ်ဖုန်းခန္ဓာကိုယ်ထဲရှိ သွေးတို့ကိုပွက်ပွက်ဆူစေခဲ့သည်။ ဝမ်ဖုန်းသာ ထိန်းချုပ်မထားပါက သူ့ကိုယ်တွင်းရှိသွေးများသည် တိုက်ရိုက်ပေါက်ကွဲထွက်လောက်သည်။
နတ်ကွန်း၏အရှေ့တွင်မတ်တပ်ရပ်လိုက်သည့်အခါ ဤခံစားချက်သည်ပို၍အားကောင်းလာခဲ့သည်။ ဝမ်ဖုန်းက အချိန်အတော်ကြာအောင်တွေးတောလိုက်ပြီးနောက် မျက်ဝန်းအတွင်း၌အကြည့်တစ်ခုဖြတ်သန်းသွားခဲ့သည်။ အသက်ကိုပြင်းပြင်းရှုလိုက်ပြီးလျှင် ယွဲ့ယင်းနှင့်ကျန်သူများကို နတ်ကွန်းရှိရာသို့ခေါ်ဆောင်သွားခဲ့သည်။
"ဘုန်း!"
သူတို့တွေ နတ်ကွန်းအပေါ်သို့တက်လိုက်သည့်အခါ ဝမ်ဖုန်းတို့အားလုံးသည် သန်မာသောမုန်တိုင်းတစ်ခုကိုတွေ့ကြုံခံစားခဲ့ရသည်။ ၎င်းမုန်တိုင်းသည် သူတို့ကိုဘယ်ထိခိုက်မှုကိုမှ မဖြစ်စေခဲ့သော်လည်း ပြင်းပြသောအရှိန်အဟုန်တို့ပါဝင်နေခဲ့ကာ ကိုယ်ခန္ဓာသည် တုန်ယင်ခြင်းကို မရပ်တန့်နိုင်တော့ပါ။
"ဘုန်း!"
ရွှမ်းယွမ်နှင့်ကွေ့ဝူတို့သည် မုန်တိုင်းကြောင့် တိုက်ရိုက်လွင့်စင်သွားခဲ့ကာ အဝေးတစ်နေရာရှိ မြေပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။ ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့၏။
ဝမ်ဖုန်းသည်တော့ သူမတူသော တိုက်ပွဲဝင်ခွန်အားကို ပဓာနပြု၍ သန်မာသောမုန်တိုင်းကို ခုခံနေခဲ့သည်။ ဝမ်ဖုန်း၏ဘေးတွင်ရှိနေသော ယွဲ့ယင်းကတော့ မုန်တိုင်းကို မခံစားရခဲ့ပုံပေါ်ကာ အနည်းငယ်တောင် သက်ရောက်မှု မရှိခဲ့ချေ။ ဝမ်ဖုန်းသည် အံ့ဩသွားခဲ့သည်။
ယွဲ့ယင်းက မကောင်းဆိုးဝါးမျိုးနွယ်စုဖြစ်နေလို့လား။
ဝမ်ဖုန်းမျက်ဝန်းထဲရှိ အကြည့်များသည် လှု်လှုပ်ရှားရှားဖြစ်သွားခဲ့လျက် ခန့်မှန်းလိုက်သည်။
"အမ်"
ရုတ်တရက်ဆိုသလို ဝမ်ဖုန်း၏အမူအရာသည်ပြောင်းလဲသွားခဲ့သည်။ သူ၏စိတ်အသိအာရုံထဲတွင် ပြင်းထန်သောလှုပ်ရှားမှုတစ်ခုကို သတိထားမိခဲ့သည်။ သူဟာ အသိစိတ်ကိုစိတ်အာရုံအတွင်းပို့လွှတ်လိုက်သည့်အခါ ကံတရားဝိညာဉ်၏လက်ခုပ်ထဲတွင် လွင့်မျောနေသော ဇာမဏီငှက်ဥကလေးသည် ဤအခိုက်အတန့်တွင် ခါရမ်းတုန်ယင်နေသည်ကို တွေ့ခဲ့ရသည်။
ဇာမဏီငှက်ဥကလေးပေါ်တွင်ရှိနေသော သင်္ကေတများသည် လှုပ်ရှားတက်ကြွလာခဲ့ကာ သွေးနီရောင်အလင်းတန်းကိုပေါက်ဖွားစေခဲ့သည်။ မီးတောက်မီးလျှံများသည် ငှက်ဥကလေးထံမှ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။
ဝမ်ဖုန်းတစ်ယောက် ဘာဖြစ်နေမှန်းမသိရသေးခင်မှာပဲ သူ၏ကိုယ်ခန္ဓာတစ်ခုလုံးသည် အပြင်းအထန်ခါရမ်းသွားခဲ့ကာ နတ်ကွန်းအပေါ်၌ရှိနေသော လျှို့ဝှက်ဆန်းကြယ်သည့် စိတ်ဝိညာဉ်ချီစွမ်းအင်များသည် ဝမ်ဖုန်း၏ကိုယ်တွင်းသို့ အရူးအမူးဆွဲသွင်းခြင်းခံခဲ့ရသည်။ ယင်းနောက် ဝမ်ဖုန်း၏သွေးကြောများမှတစ်ဆင့် စိတ်အာရုံအတွင်းသို့ စိမ့်ဝင်သွားခဲ့ကာ ဇာမဏီငှက်ဥကလေး၏ဆွဲယူခြင်းကို ခံခဲ့ရသည်။
ဤအခိုက်အတန့်တွင် ဇာမဏီငှက်ဥကလေးသည် ရေမြုပ်တစ်ခုအလား လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်များကို အဆက်မပြတ် လောဘတကြီး စုပ်ယူနေခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
ဝမ်ဖုန်း၏မျက်နှာပေါ်တွင် ဗလာနတ္ထိအကြည့်တစ်ခုရှိနေခဲ့သည်။ သူ၏ကိုယ်ခန္ဓာအတွင်းရှိတစ်စုံတစ်ရာက အဆက်မပြတ်ဝါးမျိုစားသောက်နေခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သူနှင့်မသက်ဆိုင်သည့်ပုံပေါ်၏။ ခေါင်းမူးဝေခြင်းမှလွဲ၍ သူသည် ဘယ်ပြောင်းလဲမှုကိုမှ မခံစားရပါ။
လျှို့ဝှက်ဆန်းကြယ်သော ချီစွမ်းအင်များ၏အပြောင်းအလဲကို တစ်ဖက်တွင်ရှိနေသော ယွဲ့ယင်းကလည်း သတိထားမိခဲ့သည်။ ထိုပြောင်းလဲမှုသည် ဝမ်ဖုန်း၏စိတ်အာရုံထဲတွင်ရှိနေသော ဇာမဏီငှက်ဥကလေးကြောင့် ဖြစ်ရကြောင်းကိုတော့ သူမက မသိခဲ့ပါ။ ထိုအစား ဝမ်ဖုန်းက လျို့ဝှက်ဆန်းကြယ်သော စွမ်းအင်တို့ကို စုပ်ယူချင်ခဲ့သည်ဟု ထင်ခဲ့သည်။
နတ်ကွန်း၏အပြင်ဘက်တွင် ရွှမ်းယွမ်နှင့်ကွေ့ဝူတို့သည် ဤမြင်ကွင်းကို စိုက်ကြည့်နေခဲ့ကာ နက်ရှိုင်းစွာ ထိတ်လန့်သွားခဲ့သည်။ နတ်ကွန်းအပေါ်ရှိ ချီစွမ်းအင်များသည် လျှို့ဝှက်ဆန်းကြယ်၍အားပြင်းလွန်းလှသည်။ ၎င်းတို့ကိုထိတွေ့ရုံမျှဖြင့် စိတ်ဝိညာဉ်က တုန်ခါရမ်းခဲ့ရသည်။ သူတို့ဟာ ထိုစွမ်းအင်တို့နှင့် တိုက်ရိုက်တောင် မထိတွေ့နိုင်ကြပါ။ ဝမ်ဖုန်းကတော့ အဲဒီစွမ်းအင်တွေကို စုပ်ယူနေခဲ့တာလား။
ဤကဲ့သို့ ထိတ်လန့်စရာကောင်းသောမြင်ကွင်းသည် ရွှမ်းယွမ်တို့ကို အံ့သြသွားစေခဲ့သည်။
သေချာပါသည်။ သာမန်လူတွေ မလုပ်နိုင်တဲ့အရာကို ထူးချွန်တဲ့သူတွေက စွမ်းဆောင်နိုင်ကြပါ၏။
နတ်ကွန်းတစ်ခုလုံးသည် ကြီးမားခြင်းမရှိသော်လည်း ဆန်းကြယ်သော စွမ်းအင်တို့ဖြင့် ပြည့်နှက်နေသည်ဖြစ်ရာ အဆုံးအစမဲ့ကျယ်ဝန်းပုံပေါ်သည်။ ဇာမဏီငှက်ဥ၏သဲကြီးမဲကြီးစုပ်ယူခြင်း ခံခဲ့ရပြီးနောက်တွင်တောင် စိတ်ဝိညာဉ်စွမ်းအင်များက အနည်းငယ်တောင် လျော့ကျသွားခြင်း မရှိပါချေ။ ပို၍တောင် ထူထပ်များပြားလာခဲ့သေးသည်။
အချိန်များ၏ကုန်ဆုံးမှုနှင့်အတူ ဝမ်ဖုန်းသည် သူ၏ကိုယ်တွင်းရှိအပြောင်းအလဲများကိုသတိထားမိခဲ့သည်။ ၎င်းစွမ်းအင်တို့ကို သူကစုပ်ယူခဲ့ခြင်းမဟုတ်သော်လည်း စွမ်းအင်တို့သည် သူ၏ခန္ဓာကိုယ်အတွင်းဖြတ်သန်း၍ သွေးပြန်ကြောများတလျှောက်စီးဆင်းနေခဲ့သည်။
၎င်းစိတ်ဝိညာဉ်စွမ်းအင်များ၏ ထပ်ခါထပ်ခါစီးဆင်းဝင်ရောက်မှုကြောင့် သူ့ကိုယ်တွင်းရှိသွေးပြန်ကြောများသည် ထူးခြားသောစွမ်းအင်တစ်မျိုးကိုရရှိလာခဲ့ပုံပေါ်ကာ ပို၍ထူထပ်လာခဲ့သည်။ သွေးပြန်ကြောများထံမှ အလင်းတန်းဖျဖျကိုလည်း တွေ့မြင်ရသည်။
ဝမ်ဖုန်း၏အပြင်အလွှာကို ထွင်းဖောက်၍ တစ်စုံတစ်ယောက်သာ တွေ့မြင်နိုင်လျှင် သွေးကြောများမှ အလင်းတန်းများဖြာထွက်နေသည်ကို တွေ့ရပေလိမ့်မည်။ ၎င်းအလင်းတန်းများသည် ကြယ်များကဲ့သို့ဝမ်ဖုန်း၏သွေးကြောများ ပတ်လည်တွင် ဝေ့ဝဲလျက်ရှိ၏။
သွေးကြောများ၏အပြောင်းအလဲတင်မကဘဲ ဝမ်ဖုန်းသည် သွေးကြောများအတွင်း၌ စီးဆင်းနေခဲ့သော သူ၏မူလကနဦးစွမ်းအင်များကလည်း လျှို့ဝှက်ဆန်းကြယ်သော ချီစွမ်းအင်၏သက်ရောက်ခြင်း ခံခဲ့ရကြောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ထူးဆန်းမှု တချို့ဖြစ်ပွားလာခဲ့သည်။ သို့သော်လည်း ဤအခိုက်အတန့်တွင် ဝမ်ဖုန်းက သူ၏ကိုယ်ပိုင်ခွန်အားတွင် ဘယ်သို့သောအပြောင်းအလဲမျိုး ဖြစ်ပျက်ခဲ့သလဲဆိုတာကို နားမလည်နိုင်ခဲ့ချေ။
"စနစ်ရေ ဒီလျို့ဝှက်ဆန်းကြယ်တဲ့စွမ်းအင်တွေက ဘာလဲဆိုတာ ရှာဖွေပေးလို့ရမလား"
ဝမ်ဖုန်းသည် သိလိုစိတ်ကို မထိန်းချုပ်နိုင်တော့တာကြောင့် တိုးတိတ်စွာ မေးမြန်းခဲ့သည်။ ဟုတ်ပါပေသည်။ ထူးဆန်းသောအပြောင်းအလဲများက သူ့အပေါ်ထိခိုက်မှုရှိမှာကိုလည်း စိုးရိမ်မိခဲ့သည်။
"ဒင်၊ ပိုင်ရှင်က ဂိုဏ်းမှတ်တစ်ရာဘီလီယံကို သုံးစွဲဖို့လိုအပ်ပါတယ်"
အေးစက်သောအသံကြောင့် ဝမ်ဖုန်းက မျက်ဝန်းမှေးကျဥ်းလိုက်မိကာ တုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ ခေါင်းညိတ်လိုက်သည်။ သူ၏ကိုယ်ပိုင်လုံခြုံရေးနှင့် ပတ်သက်လာသည့်အခါ ဝမ်ဖုန်းက ကပ်စေးမနှဲတော့ပါ။
"စင်္ကြာဝဠာရဲ့ရာပေါင်းထောင်ချီတဲ့ ကမ္ဘာလောကတွေထဲမှာ နတ်ဆိုးဘိုးဘေးအဖြစ် မှတ်တမ်းဝင်ချင်တယ်ဆိုရင် ကျင့်ကြံမှုက သန်မာရုံတင်မကဘူး၊ သွေးမျိုးဆက်ကလည်း အဆုံးစွန်အထိ သန့်စင်ရမယ်။ နတ်ဆိုးဘိုးဘေးအဆင့်ထိ ရောက်ရှိနိုင်တဲ့လူတိုင်းက ဟုန်မန်နတ်ဘုရားနယ်ပယ်အထွတ်အထိပ်မှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေပါ။ သူတို့ရဲ့ကိုယ်ပိုင်သွေးမျိုးဆက်ကလည်း တချို့သော ရှေးဦးသားရဲကြီးတွေရဲ့သွေးမျိုးဆက်ထက်တောင် ပိုပြီးကြောက်စရာကောင်းပါသေးတယ်"
"နတ်ဆိုးဘိုးဘေးတစ်ယောက်က ကျရှုံးသွားခဲ့ရင် သူ့ရဲ့သွေးမျိုးဆက်က အငွေ့ပြန်သွားပြီး ကမ္ဘာလောကကို ကာလရှည်ကြာစွာ ဖြတ်သန်း၍ ပြန်ရောက်လာမှာပါ"
"ဒါပေမဲ့ ဒီနတ်ဆိုးဘိုးဘေးဘုရားကျောင်းထဲမှာတော့ ကျရှုံးသွားခဲ့ပြီးဖြစ်တဲ့ နတ်ဆိုးဘိုးဘေးကြီးနှစ်ပါးက သူတို့ရဲ့ထူးခြားတဲ့စွမ်းအင်တွေကို အသုံးပြုပြီး နတ်ကွန်းတစ်ခုကို ဖန်တီးစီရင်ခဲ့ပါတယ်။ ပြီးတော့ နတ်ကွန်းရဲ့အတွင်းထဲမှာ သူတို့ရဲ့ကိုယ်ပိုင်သွေးတွေကိုလည်း သိုလှောင်သိမ်းဆည်းခဲ့ပါတယ်"
"ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်တွေက ကျရှုံးသွားတဲ့ နတ်ဆိုးဘိုးဘေးနှစ်ပါးရဲ့ သွေးစက်တွေကနေ ဖြစ်တည်လာခဲ့တာပါ"
"ဒီလိုလုပ်ရပ်မျိုးကို ပုံမှန်အားဖြင့် ပြုလုပ်တဲ့အခြေအနေမျိုး ရှိပါတယ်။ အဲ့တာက ကျရှုံးသွားတဲ့ နတ်ဆိုးဘိုးဘေးတွေက သူတို့ရဲ့ရွေးချယ်ခံတွေကို သွေးမျိုးဆက်အဆင့်မြှင့်တင်ပေးဖို့အတွက် ချန်ထားရစ်ခဲ့တာပါ"
စိတ်အာရုံအတွင်းရှိ အေးစက်သောအသံသည် ဝမ်ဖုန်းကိုသတိထားမိသွားစေခဲ့သည်။ ဇာမဏီငှက်ဥကလေးက အရူးအမူးစုပ်ယူနေတာ မထူးဆန်းတော့ပါဘူး။ ဒီနတ်ကွန်းထဲမှာ နတ်ဆိုးဘိုးဘေးနှစ်ပါးရဲ့ သန့်စင်တဲ့သွေးစွမ်းအင်တွေရှိနေတာကိုး။ စနစ်ပြောတဲ့အတိုင်းပဲ နတ်ဆိုးဘိုးဘေးအဆင့်ကို ရောက်ရှိနိုင်ခဲ့တယ်ဆိုတော့ သူတို့ရဲ့ကိုယ်ပိုင်သွေးမျိုးဆက်က အဆုံးထိတိုင် သန်မာအားကောင်းနေရမယ်။ ဒီသွေးမျိုးဆက်ထဲမှာပါတဲ့ စွမ်းအင်တွေရဲ့ ဆွဲဆောင်မှုကို ဇာမဏီလို နတ်သားရဲမျိုးကတောင် မခုခံနိုင်ခဲ့ဘူး။
"ဒီသွေးမျိုးဆက်ရဲ့စွမ်းအင်က ငါ့ရဲ့ခန္ဓာကိုယ်ကိုရော ထိခိုက်စေမှာလား" လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တို့၏သဘောတရားကို နားလည်ပြီးနောက် ဝမ်ဖုန်းက ဆက်လက်မေးမြန်းလိုက်သည်။
ဤသည်က သူအစိုးရိမ်ဆုံးအရာ ဖြစ်ပါသည်။