← Chapters

ကောင်းကင် ကိုယ်စားလှယ်များ၏ ရတနာ

Vol. 53 Ch. 746

ကောင်းကင် ကိုယ်စားလှယ်များ၏ ရတနာ

Vol. 53 Ch. 746

"ကံမကောင်းဘူးပဲ။ အကောင်ပေါက်ဖို့ကျရှုံးသွားခဲ့တယ်"

ဝမ်ဖုန်းသည် သူ၏စိတ်အသိကိုပြန်၍ရုတ်သိမ်းခဲ့ကာ သပ်ပြင်းဖွဖွချလိုက်သည်။ သူဟာ ဇာမဏီငှက်ဥကလေး အကောင်ပေါက်လာမှာကိုစောင့်မျှော်နေခဲ့သည်။ သို့မှသာ သူ့တွင်ပြိုင်ဘက်ကင်းသောနောက်ခံအင်အားတစ်ခု ရရှိလာမှာဖြစ်သည်။

သေချာပါပြီ။ နဝကိုးဘုံအဆင့် ဇာမဏီငှက်၏ပေါက်ဖွားခြင်းသည် လွယ်ကူခြင်းအလျဥ်းမရှိခဲ့ပါ။

သူသည် ကိုယ်ပိုင်အပြောင်းအလဲများကို ဂရုတစိုက်စမ်းစစ်လေ့လာခဲ့သည့်အခါ ကံတရားဝိညာဉ်၏ညာဘက်လက်မောင်းမှလွဲ၍ ကျန်သည့်အပြောင်းအလဲများကို အာရုံခံ၍မရခဲ့ချေ။ ဒါ့အပြင် သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားက အနည်းငယ်တိုးတက်လာခဲ့သေးသည်။ ထို့ထက်ပို၍မရှိတော့။

မူလကတည်းက သူ၏ရုပ်ပိုင်းခွန်အားသည် အင်မတန်သန်မာခဲ့ပြီးဖြစ်ကာ မူလကျင့်ကြံမှုအဆင့်ထက်ကို သာလွန်နေခဲ့သည်။ လောင်ထျန်းဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်များနှင့်ရင်ဆိုင်ရန်တောင် လုံလောက်ခဲ့ပါသည်။ ယခု ဤကဲ့သို့တိုးတက်မှုနှင့် ကြုံတွေ့ခဲ့ရသည့်အခါ သူဟာ စစ်မှန်သောပြည့်ရှင်ဧကရာဇ် သို့တည်းမဟုတ် ကြက်သွေးရောင်ဧကရာဇ်အဆင့်စွမ်းအားရှင်များနှင့်တောင် ရင်ဆိုင်ရန်လုံလောက်နေနိုင်သည်။

ဝမ်ဖုန်းသည် အံ့ဩမှုတို့ဖြင့်ပြည့်နှက်နေခဲ့သော်ငြားလည်း အမူအရာကတော့တည်ငြိမ်နေခဲ့သည်။ သူက မျက်လုံးပင့်၍ကြည့်ခဲ့သည့်အခါ ယွဲ့ယင်းက ကြယ်ရောင်များတောက်ပနေသောမျက်ဝန်းတို့ဖြင့် သူ့ကိုစိုက်ကြည့်နေသည်အားရှာတွေ့သွားခဲ့သည်။ ၎င်းမှာ မိန်းမငယ်လေးတစ်ယောက်က သူမ၏အိုင်ဒေါကိုစိုက်ကြည့်နေသည်နှင့် တူညီနေခဲ့သည်။ သူမထံ၌ ရိုသေကိုးစားမှုများရှိနေခဲ့သည်။

တည်ငြိမ်သောအမူအရာဖြင့် သူက ယွဲ့ယင်းကိုစိုက်ကြည့်လိုက်ပြီးနောက် ရုပ်ထုကြီးနှစ်ခု၏အရှေ့တွင်ရှိနေသော ကျောက်ကမ္ပည်းတိုင်ကြီးကိုပြန်၍စိုက်ကြည့်လိုက်သည်။ သူဟာ ကျောက်ကမ္ပည်းတိုင်ပေါ်၌ရှိနေသော စကားလုံးများကိုဖတ်ရှုရန်ကြိုးစားခဲ့သည်။

ဝမ်ဖုန်းသည် ကျောက်ကမ္ပည်းတိုင်ကြီးကို အချိန်အတော်ကြာအောင်စိုက်ကြည့်နေခဲ့သော်လည်း ၎င်းအပေါ်တွင်ရေးထွင်းထားသော စကားလုံးတို့ကို နားမလည်နိုင်ခဲ့ပါ။ သူဟာ လုံးဝကိုဖတ်ရှု၍မရခဲ့ချေ။ ၎င်းစကားလုံးများသည် ရိုးရှင်းပုံပေါ်သော်လည်း အဓိပ္ပါယ်ဟာ‌တော့ မှန်းဆမရဖြစ်နေသည်။

"ဒါက နတ်ဆိုးဘာသာစကားပါ"

ဝမ်ဖုန်း မျက်မှောင်ကြုံ့နေစဉ်တွင် သာယာနာပျော်ဖွယ်ကောင်းသောအသံကလေးသည် ထွက်ပေါ်လာလျက် သူ့ကိုသတိဝင်သွားစေခဲ့သည်။ သူ၏ဘေးနားတွင် နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်ရှိနေကြောင်းကို သူလုံးဝမေ့သွားခဲ့သည်။

"ဒီကျောက်ကမ္ပည်းတိုင်ပေါ်မှာ ရေးထွင်းထားတဲ့ စကားလုံးတွေကို မင်းနားလည်သလား"

ဝမ်ဖုန်းက လှည့်ကြည့်ခြင်းမရှိဘဲ မေးမြန်းခဲ့သည်။

"ဒီအပေါ်မှာ ရေးထွင်းထားတဲ့စကားလုံးတွေက အရမ်းကိုနက်ရှိုင်းလွန်းပါတယ်။ ဒါပေမဲ့ ကျွန်မအကြမ်းဖျင်းတော့ သိမြင်နိုင်ပါသေးတယ်"

ဝမ်းဖုန်း၏မေးခွန်းကြောင့် ယွဲ့ယင်းက ကျောက်ကမ္ပည်းတိုင်ကြီးကိုတစ်ချက်စိုက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

"အို? ဒါဆိုရင်လည်း ငါကြားပါရစေ"

ဝမ်းဖုန်း၏မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခုတောက်ပသွားလျက် နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်သည်။

နတ်ကွန်းပေါ်ရှိ ၎င်းကျောက်ကမ္ပည်းတိုင်ကြီးသည် နတ်ဆိုးဘိုးဘေးနှစ်ပါး၏သတင်းအချက်အလက်များကို မှတ်တမ်းတင်ထားခြင်းဖြစ်နိုင်သည်။ ဒါက နတ်ဆိုးဘိုးဘေးနှစ်ယောက်၏ရတနာပစ္စည်းကို ရယူပိုင်ဆိုင်ရာတွင် အကူအညီပေးနိုင်လောက်သည်။

လက်ရှိ ၎င်းနတ်ဆိုးဘိုးဘေးနှစ်ပါးမှာ အဘယ်သူများဖြစ်ကြောင်း သိမထားခဲ့ပါ။ သူတို့ချွင်းချန်ရစ်ခဲ့သည့် ရတနာပစ္စည်းဆိုပါက ပြောဖွယ်ရာတောင် မရှိတော့ချေ။ ၎င်းကျောက်ကမ္ပည်းတိုင်ကြီးက သော့ချက်ဖြစ်နိုင်သည်။

"တစ်ဖက်လောကပြက္ခဒိန်ရဲ့ နှစ်ပေါင်း၁၇၈၉၆ခုနှစ်မှာ ငါ့ရဲ့ယောက်ျားနဲ့ငါက ကောင်းကင်ဘုံနတ်ဆိုးကျင့်စဉ်နဲ့ ဟုန်မန်ဘုရားနယ်ပယ်ရဲ့အထွတ်အထိပ်ကို တက်လှမ်းနိုင်ခဲ့တယ်။ မြင့်မြတ်တဲ့နတ်ဆိုးဘိုးဘေးတွေအဖြစ် မှတ်တမ်းမှတ်ရာဝင်ခဲ့ရပြီ"

"ငါ့ရဲ့ဘဝသက်တမ်းတလျှောက်လုံးကို မဟာတာအိုကိုရှာဖွေဖို့အတွက် ကပ်ဘေးဒုက္ခပေါင်းထောင်သောင်းချီကို ဖြတ်သန်းခဲ့ရတယ်။ တာအိုဘဝအဖြစ် ပြောင်းလဲနိုင်ဖို့အတွက်ပေါ့။ ဒါပေမဲ့ မဟာတာအိုက နက်ရှိုင်းလွန်းတာကြောင့် အဆုံးသတ်အထိ ငါအောင်မြင်မှု ဘာမှ မရနိုင်ခဲ့သေးဘူး"

"ဒါကြောင့်မလို့ ငါ အရှင့်ရဲ့နောက်ကိုလိုက်ပါခဲ့ပြီး ဟုန်မန်နတ်ဘုရားနယ်ပယ်ရဲ့အထက်မှာရှိတဲ့ ကောင်းကင်ကိုယ်စားလှယ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့တယ်။ ငါ့ယောက်ျားနဲ့ငါက သုံးယောက်နှစ်ယောက်ယှဥ်ပြီးတော့ တိုက်ခိုက်ခဲ့တယ်။ နောက်ဆုံးမှာ ကောင်းကင်ကိုယ်စားလှယ်တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့ပြီး သူတို့ထဲက နှစ်ယောက်ကိုတော့ ဒဏ်ရာအပြင်းအထန်ရစေခဲ့တယ်။ ဒါပေမဲ့ ငါတို့နှစ်ယောက်လည်း သေဆုံးခဲ့ရတယ်"

"ဒီအမွေအနှစ်ကို ငါဒီနေရာမှာ ခြွင်းချန်ထားရစ်တယ်။ နတ်ဆိုးမျိုးနွယ်ရဲ့လူတွေက ငါ့ယောက်ျားနဲ့ငါ့ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိအောင် ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်။ နည်းလမ်းရှာဖွေပြီးတော့ ကောင်းကင်ကိုယ်စားလှယ်တွေကို တိုက်ခိုက်ပါ။ ကမ္ဘာလောကကြီးရဲ့ငြိမ်းအေးမှုကို ပြန်လည်ဆောင်ကျဉ်းပါ"

ယင်းသို့ပြောလိုက်ပြီးနောက် ယွဲ့ယင်းသည် အကြီးအကျယ်ထိတ်လန့်သွားခဲ့ကာ ရပ်တန့်သွားခဲ့သည်။

ယွဲ့ယင်း၏ လှပသော မျက်နှာကလေးသည် ထိတ်လန့်မှုတုန်ယင်တို့ဖြင့် ပြည့်နှက်သွားခဲ့သည်။ နတ်ဆိုးဘိုးဘေးနှစ်ပါးကတောင် ရိုသေလေးစားစွာဖြင့် နောက်လိုက်နောက်ပါ ပြုခဲ့ရသည့် တည်ရှိမှုကြီးက အဘယ်မျှလောက် ကြီးမားကြောင်းကို သူမ တွေးဆနေမိသည်။

နတ်ဆိုးဘိုးဘေးများသည် မြင့်မြတ်သောနယ်ပယ်၏အထွတ်အထိပ်တွင်ရှိကြောင်း  သိထားရမည်ဖြစ်သည်။ ထောင်သောင်းချီသောစကြာဝဠာ၏ လောကဘုံများအတွင်း၌ ထိပ်ဆုံးတန်း ဝင်သူများဖြစ်ကြပါသည်။ ထိုသို့သောပု ဂ္ဂိုလ်ကြီးများက အညံ့ခံရသည်အထိ အဘယ်သူကများ စွမ်းဆောင်ရည်ရှိခဲ့ပါသနည်း။

ဒါ့အပြင် နတ်ဆိုးဘိုးဘေးတွေပြောပြခဲ့တဲ့ ကောင်းကင်ကိုယ်စားလှယ်တွေဆိုတာကရောဘာလဲ။ သူတို့တွေက နတ်ဆိုးဘိုးဘေးနှစ်ပါးကို တကယ်ကြီးသတ်ဖြတ်နိုင်ခဲ့သလား။

အလွန်အမင်း ထိတ်လန့်တုန်ယင်မှုသည်  ယွဲ့ယင်း၏လှပသော ကိုယ်ခန္ဓာလေးကို  ထိန်းချုပ်မရ တုန်ယင်သွားစေခဲ့သည်။ သူမ၏နှလုံးသားထဲ၌ လှိုင်းထန်သွားခဲ့သည်။

"သူတို့ပဲ... သူတို့ပဲလား"

ယွဲ့ယင်းထိတ်လန့်နေစဉ်တွင် ဘေးနားတွင်ရှိနေသောဝမ်ဖုန်းကလည်း ထိတ်လန့်သွားခဲ့သည်။ သူက မျက်မှောင်ကြုံ့လျက် ခပ်တိုးတိုးရေရွတ်ခဲ့သည်။

ကောင်းကင်ကိုယ်စားလှယ်တွေက ဘယ်လိုတည်ရှိမှုမျိုးလဲ။ ဟုန်မန်နတ်ဘုရားနယ်ပယ်၌ရှိသော ထူးချွန်ထက်မြက်သည့်ပုဂ္ဂိုလ်ကြီးများသည် ၎င်းလူတစ်စုနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သည်ကို  ဝမ်းဖုန်းသိခဲ့ရသည်။

ရွှမ်းယွမ်၏စကားလုံးများမှတစ်ဆင့် ကောင်းကင်ကိုယ်စားလှယ်များ၏တည်ရှိမှုအကြောင်းကို သူ ပထမဆုံး သိနားလည်ခဲ့ရသည်။ ဟုန်မန်နတ်ဘုရားနယ်ပယ်ကြီးတစ်ခုလုံးက ၎င်းကောင်းကင်ကိုယ်စားလှယ်များနှင့်  တိုက်ပွဲအပြင်းအထန် ဆင်နွဲခဲ့ကြောင်းကိုလည်း သိခဲ့ရသည်။

တိုက်ပွဲ၏နောက်ဆုံးရလဒ်မှာ နှစ်ဖက်စလုံး၌ဆုံးရှုံးမှုများဖြင့် ပြီးဆုံးသွားခဲ့သည်။ ကောင်းကင်ကိုယ်စားလှယ်များကလည်း ပြင်းပြင်းထန်ထန်ဆုံးရှုံးခဲ့ရကာ ဟုန်မန်နတ်ဘုရားနယ်ပယ် ထိပ်တန်းကျင့်ကြံသူများလည်း ကြွေလွင့်ခဲ့ရသည်။ စကြာဝဠာ၏ဘုံလောကများသည်  ပြင်းထန်စွာ ထိခိုက်နာကျင်ခဲ့ရသည်။

ဒီ နတ်ဆိုးဘိုးဘေး နှစ်ယောက်ကလည်း  တိုက်ပွဲမှာ ပါဝင်ခဲ့တာကိုး။

"အဟမ်း"

ယွဲ့ယင်းက ထိတ်လန့်နေသည်ကိုတွေ့မြင်ရသည့်အခါ ဝမ်ဖုန်းက ချောင်းဖွဖွဟန့်လိုက်သည်။

ယွဲ့ယင်းသည် စိတ်ကိုပြန်လည်တည်ငြိမ်အောင်ပြုလုပ်ခဲ့ကာ ထိတ်လန့်မှုများကိုဖိနှိပ်လျက် ကျောက်ကမ္ပည်းတိုင်ပေါ်သို့အကြည့်ပို့လိုက်ပြီး ဆက်လက်ပြောပြခဲ့သည်။

"အဲ့ဒီနောက် ငါကောင်းကင်ကိုယ်စားလှယ်ကို သတ်ဖြတ်ခဲ့တဲ့အချိန်မှာ သူ့ဆီကနေ ရတနာပစ္စည်းတစ်ခုကိုရရှိခဲ့တယ်"

"အဲ့ဒါက ဘယ်လိုအရာမျိုးပါလိမ့်။ သေခြင်းနဲ့လက်တစ်ကမ်းကို ရောက်ရှိနေတဲ့ ငါလည်းပဲ အဲဒီအကြောင်းကို အဖြေထုတ်ဖို့ အချိန် မရခဲ့ဘူး။ ဒါကို ငါနဲ့ငါ့ယောက်ျားရဲ့အမွေအနှစ်နယ်မြေအတွင်းမှာ ခြွင်းချန်ထားခဲ့တယ်။ နတ်ဆိုးမျိုးနွယ်ရဲ့ဆက်ခံသူတွေက ငါတို့လင်မယားနှစ်ယောက်ရဲ့အမွေအနှစ်ကို ရရှိမယ်ဆိုရင် နားလည်သွားပါလိမ့်မယ်။ အဲ့ဒါက ကောင်းကင်ကိုယ်စားလှယ်တွေရဲ့သတင်းအချက်အလက်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်"

"အဲ့ဒီအချိန်တုန်းက နောက်ထပ်ကောင်းကင်ကိုယ်စားလှယ်တွေ  ရုတ်တရက် ထွက်ပေါ်မလာခဲ့ဘူးဆိုရင် ကြွင်းကျန်ရစ်တဲ့ ဒဏ်ရာရနေတဲ့ လူနှစ်ယောက်က ငါတို့တွေကို အထိနာအောင်ပြုလုပ်နိုင်ခဲ့မှာ မဟုတ်ဘူး"

"ငါတို့လင်မယားနှစ်ယောက်က နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံပြီးတဲ့နောက်မှာ ကောင်းကင်ဘုံနတ်ဆိုးနိယာမကို  အဆုံးအစွန်အထိ သဘောပေါက်နားလည်နိုင်ခဲ့တယ်။ ဒါက နတ်ဆိုးမျိုးနွယ်ရဲ့ကျင့်ကြံမှုအမျိုးမျိုးအတွက် သင့်လျော်နေတယ်။ တစ်ချိန်တည်းမှာပဲ  ဒီအမွေအနှစ်ထဲမှာ ငါနဲ့ငါ့ယောက်ျားကိုင်ဆောင်တဲ့လက်နက်တွေကိုလည်း  အတူတကွထားရစ်ခဲ့တယ်"

"မင်းက ဘယ် နတ်ဆိုးမျိုးနွယ်ခွဲက ဖြစ်နေပါစေ။ ငါတို့ရဲ့အမွေအနှစ်ကိုရရှိပြီးတာနဲ့တစ်ပြိုင်နက် အလုပ်ကြိုးစားပြီးတော့ ငါတို့ကို စိတ်မပျက်စေဘူးလို့မျှော်လင့်မိပါတယ်"

"တစ်နေ့နေ့မှာ ကောင်းကင်ကိုယ်စားလှယ်တွေက ကျိန်းသေပေါက်ပြန်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ဟုန်မန်နတ်ဘုရားနယ်မြေကြီးရော ၊အဲဒီရဲ့အောက် ဘုံပေါင်းသောင်းချီရောက လုံခြုံဘေးကင်းနိုင်ပါဦးမလားဆိုတာ မသေချာတော့ဘူး"

"မှတ်ထားပါ နတ်ဆိုးတွေမှာ ကိုယ်ပိုင်လမ်းစဉ်ရှိတယ်"

"မင်းက ဆိုးယုတ်တဲ့လူတွေအများကြီးကို သတ်ဖြတ်ပစ်နိုင်တယ်။ ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးမိစ္ဆာတပါးဖြစ်လာနိုင်တယ်။ တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုနိုင်တယ်။ ဒါပေမဲ့ မင်းနှလုံးသားထဲက အမှန်တရားကိုတော့ မေ့မထားပါနဲ့။ ကမ္ဘာလောကကြီးက ပျက်ယွင်းသွားခဲ့ရင် ဘယ်သူတစ်ဦးတယောက်ကမှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး"

"ငါ၊ လင်းထျန်းနတ်ဆိုးဘိုးဘေး"

"ငါ၊ ရွှမ်ယင်းနတ်ဆိုးဘိုးဘေး"

ယွဲ့ယင်း၏စကားလုံးများသည် နတ်ကွန်းအတွင်းပဲ့တင်ထပ်သွားခဲ့ကာ ဝမ်ဖုန်းနှင့်ယွဲ့ယင်းတို့သည် တခဏကြာအောင်ငြိမ်သက်သွားခဲ့သည်။

နတ်ဆိုးဘိုးဘေးနှစ်ယောက် ချန်ထားခဲ့သည့်သတင်းစကားကြောင့် ဝမ်ဖုန်းသည် ထိတ်လန့်သွားခဲ့သည်။ ကောင်းကင်ကိုယ်စားလှယ်များအကြောင်းကို ဝမ်ဖုန်းက အနည်းအကျည်းသာ သိပါသည်။ ၎င်းတို့၏အမည်နာမမှလွဲ၍ ထိုလူတစ်စုက ဘယ်သို့သော ပုဂ္ဂိုလ်သတ္တဝါများဖြစ်ကြောင်းကို သူ သိရှိမထားခဲ့ပါ။

ဒီနတ်ဆိုးဘိုးဘေးနှစ်ပါးကတော့ ကောင်းကင်ကိုယ်စားလှယ်ကို သတ်ဖြတ်ခဲ့ရုံသာမက ထိုသူ့ထံမှ ရတနာပစ္စည်းတစ်ခုကိုလည်း ရရှိခဲ့သေးသည်။

ကောင်းကင်ကိုယ်စားလှယ်များသည် လျှို့ဝှက်ဆန်းကြယ်ပြီးအစွမ်းထက်လှသည်။ ဝမ်ဖုန်းက ၎င်းကောင်းကင်ကိုယ်စားလှယ်များကို အလွန်အမင်းစိတ်ဝင်စားသည်။ နတ်ဆိုးဘိုးဘေးနှစ်ပါး၏ရတနာပစ္စည်းအပေါ်တွင် သူကပို၍သိလိုစိတ်ဖြစ်လာရသည်။ ဒါအပြင် လျှို့ဝှက်ဆန်းကြယ်သော မှော်ဝင်လက်နက်များကိုလည်း ချန်ထားခဲ့သေးသည်။

သူ့အတွက်တော့ ၎င်းနတ်ဆိုးဘိုးဘေးနှစ်ပါးက အန္တိမအဆင့်ကို ရောက်ရှိပြီးဖြစ်ခဲ့လျှင်တောင်၊ သူတို့၏ခွန်အားက အင်မတန်ထိတ်လန့်စရာကောင်းနေရင်တောင်၊ သူတို့နှစ်ဦး၏အမွေအနှစ်ကို  မလိုအပ်ပါချေ။ သူက နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်မှ မဟုတ်ဘဲလေ။

သို့သော်လည်း နတ်ဆိုးဘိုးဘေးနှစ်ပါး၏လက်နက်များကိုတော့ ဝမ်ဖုန်းကအနည်းငယ် စိတ်ဝင်စားခဲ့မိသည်။ ကောင်းကင်ကိုယ်စားလှယ်၏ရတနာပစ္စည်း ရှိမနေခဲ့ဘူးဆိုလျှင် သူသည် လက်အောက်ငယ်သားများကို ဂရုပြုသည့်အနေဖြင့် နတ်ဆိုးဘိုးဘေးနှစ်ပါး၏လက်နက်များကို ယွဲ့ယင်းအတွက် အချိန်တစ်ခုအထိကြာအောင် ထိန်းသိမ်းပေးလောက်သည်။ သို့သော်လည်း ကောင်းကင်ကိုယ်စားလှယ်များ၏ ရတနာပစ္စည်းအကြောင်း ကြားရသည့်အခါ ဝမ်ဖုန်းဟာ နတ်ဆိုးဘိုးဘေးနှစ်ပါး၏လက်နက်များကို လုံးဝ စိတ်ဝင်စားခြင်း မရှိတော့ပါ။

All Chapters