← Chapters

အချစ်သီချင်းတစ်ပုဒ်

Vol. 46 Ch. 688

အချစ်သီချင်းတစ်ပုဒ်

Vol. 46 Ch. 688

သံစဉ်က အတိတ်ကို အောက်မေ့သတိရသွားစေခဲ့သည်။ သက်တောင့်သက်သာရှိ၍ ပျော်ရွှင်စရာကောင်းသော သံစဉ်က သူတို့အား အတိတ်မှ အမှတ်တရများကို သတိရသွားစေသည်။

ပျော်ရွှင်စရာ အိမ်အိုလေးသည် ရှစ်နှစ်ကြာပြီ ဖြစ်သော သီချင်းတစ်ပုဒ် ဖြစ်သည်။ ယခင်က ၎င်းသည် အလွန် နာမည်ကြီးပြီး လူတိုင်းက သီချင်းစာသားအချို့ကို ညည်းတတ်ကြသည်။ သို့သော် ရှစ်နှစ်ဟူသော ကာလက သီချင်းတစ်ပုဒ်အား မျိုးဆက်များစွာ ကွာသွားစေပြီး အရာအားလုံးကလည်း ယခင်ကဲ့သို့ မဟုတ်တော့ချေ။

အဖွင့်စာသားနှင့်တင် ပရိသတ်များအား အလိုလို လိုက်ပါ၍ လက်ခုပ်တီးလာစေသည်။ တစ်ချို့ဆိုလျင် ညင်သာစွာ လိုက်ညည်းနေကြသည်။

“ဒီလိုသီချင်းဟောင်းတစ်ပုဒ်က တကယ်ကို အမှတ်တရပဲ”

“သူ့အရည်အချင်းက ကောင်းတယ်၊ အံ့ဩစရာပဲ”

“သူ ပါးစပ်ဟလိုက်တဲ့ အချိန်မှာပဲ သူက အတွေ့အကြုံရှိပြီးသား အဆိုတော်ဆိုတာကို ငါ သိလိုက်တယ်”

“ထင်တဲ့အတိုင်းပဲ၊ သူက လူငယ် အဆိုတော်တစ်ယောက် မဟုတ်ဘူးပဲ”

သီချင်းက ဖြည်းဖြည်းချင်း ပုံစံပြောင်းလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးက ပို၍ အသက်ဝင်လာပြီး သံစဉ်က ပိုမြူး လာသည်။

“စင်ပေါ်က effect တွေက တော်တော်လေး ကောင်းတယ်၊ ဒီလူက ပရော်ဖက်ရှင်နယ် အဆိုတော်ပဲ ဖြစ်ရမယ်”

“အဲ့လို ဖြစ်လောက်တယ်ကွ”

လူတိုင်း အတွေးများ ဖလှယ်နေကြပြီး ကိုယ်စီ သုံးသပ်နေကြသည်။

ထိုအခိုက်တွင် သီချင်းက အဆုံးသတ်နားသို့ ရောက်လာသည်။ ခန်းမတစ်ခုလုံး၌ လက်ခုပ်သံနှင့် ဩဘာပေးသံများ ဆူညံလာလေသည်။

“ဒါက အံ့ဩစရာပဲ၊ ပထမပွဲက ဒီလောက် အံ့ဩစရာ ကောင်းလိမ့်မယ်လို့ ငါ မထင်ထားဘူး”

“သူ့ပြိုင်ဘက်တော့ လောင်နေလောက်ပြီ၊ သူတို့ ဒါကို ကျော်နိုင်ပါ့မလားလို့ ငါ သိချင်မိသား”

“နောက်တစ်ယောက်က ဘယ်သူလဲ”

အဘိုးအို အချောလေးက ဦးညွှတ်နှုတ်ဆက်ပြီး စင်ပေါ်မှ ဆင်းသွားသည်။

လော့စီစီ စင်ပေါ် ပြန်ရောက်လာပြီး အပြုံးနှင့် ကြေညာလေသည်။

“ကျွန်မတို့ရဲ့ နောက်ထပ် ပြိုင်ပွဲဝင်ကို ကြိုဆိုလိုက်ရအောင်၊ အမည်ဝှက်က … စူပါမန်းပါတဲ့”

*စူပါမန်းတဲ့လား၊ ဒီအမည်ဝှက်က စိတ်ဝင်စားစရာပဲ*

ပရိသတ်များက တံခါးကို လှမ်းကြည့်၍ အားပါးတရ လက်ခုပ်ကြီးနေကြသည်။

တံခါးအနောက်၌ ဆုမိုသည် ရဲ့လင်းချန်၏ လက်ကို လက်ဆွဲနှုတ်ဆက်၍ ပြောလာသည်။

“မစ္စတာ စူပါမန်း၊ အကောင်းဆုံး ကြိုးစားပါ”

ရဲ့လင်းချန် တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

တစ်ခဏကြာသော် မီးများ လင်းလာပြီး တံခါး ပွင့်လာ၏။

ရဲ့လင်းချန်က ကြောက်လန့်ခြင်းမရှိဘဲ မိုက်ကိုကိုင်၍ သက်တောင့်သက်သာ လျှောက်လာသည်။ သူသည် စင်ပေါ်သို့ တစ်လှမ်းချင်း သွားနေလေသည်။ သူ စင်ပေါ်နှင့်နီးလာလေ ပို၍ တည်ငြိမ်လာလေပင်။

လက်ခုပ်တီးသံ ထပ်မံ၍ ထွက်ပေါ်လာသည်။

“ဝိုး …  သူ့ရဲ့ ကိုးရိုးကားရား အဝတ်အစားက ပန်းချီကားထဲက ထွက်လာသလိုပဲ”

“ဟုတ်တယ်၊ ရုပ်ရှင်ထဲကလိုပဲ”

“မိုက်လိုက်တဲ့ ခန္ဓာကိုယ်၊ သူက လူငယ်လေးဆိုတာ ငါ သေချာပေါက် ပြောရဲတယ်”

“လခွမ်း၊ လမ်းလျှောက်ပုံက မိုက်သားပဲ၊ ဒီလူက နာမည်ကြီးထဲကများလား”

“ငါ အရမ်း စိတ်လှုပ်ရှားနေပြီ”

ခန်းမထဲ၌ ဆူညံသံများ ထွက်ပေါ်လာပြန်သည်။ အထူးဧည့်သည်တော်များ၏ မျက်နှာတွင်လည်း သိချင်သော အမူအရာများ ပေါ်နေပြီး ဘယ်သူများ ဖြစ်လောက်မလဲဟု တွေးနေကြသည်။ ထိုအခိုက်တွင် ချန်ရှောင်ယန်၏ မျက်လုံးများက ဝင်းပသွားပြီး မေးထောက်၍ ရဲ့လင်းချန်ကို ရွှန်းရွှန်းစားစား ကြည့်နေသည်။ သူမနှုတ်ခမ်းက ကော့ညွတ်၍ နူးညံ့စွာ ပြုံးနေသည်။

အဘိုးအို အချောလေးသည် စင်နောက်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။ သူ၏ မျက်လုံးများက ရဲ့လင်းချန်ပေါ် ရောက်နေပြီး အလိုလို လက်ကို ပွတ်နေမိသည်။ သူသည်လည်း ပြင်းထန်သော ဖိအားကို ခံစားမိနေ၏။

ရဲ့လင်းချန်သည် စင်အလယ်၌ ငြိမ်သက်စွာ ရပ်နေသည်။

မီးများ မှိတ်သွားလေသည်။ ခန်းမသည် အလိုလို တိတ်ဆိတ်ငြိမ်သက်သွား၏။

သံစဉ် အစက အလွန် နူးညံ့ပြီး ဝမ်းနည်းမှု အရိပ်အယောင်တို့ သယ်ဆောင်ထားသဖြင့် ပတ်ဝန်းကျင်အား ပို၍ တိတ်ဆိတ်လာစေသည်။

ရဲ့လင်းချန်၏ မျက်လုံးများက မှိတ်ထားဆဲဖြစ်ကာ မတ်မတ်ရပ်နေစဲပင်။

လှပသော မီးရောင်များက သူ့ဘေး၌ ဝဲနေသည်။ ကင်မရာများက သူ့ကို ဦးတည်၍ ချိန်ထားသည်။

ပရိသတ်များ၊ အထူး ဧည့်သည်တော်များနှင့် အခြား ပြိုင်ပွဲဝင် ခုနစ်ယောက်လုံး၏ အာရုံကလည်း သူ့အပေါ် ရောက်နေလေသည်။

လက်ရှိတွင် သူသည် အားလုံး၏ အာရုံစိုက်ခံ ဖြစ်နေသည်။

နူးညံ့သော သံစဉ်အောက်၌ ရဲ့လင်းချန်၏ မျက်လုံးများက ဖြည်းဖြည်းချင်း ပွင့်လာသည်။ မျက်နှာဖုံးအောက်မှ ခပ်အက်အက် အသံက ခန်းမတွင်း၌ ပြည့်နှက်သွားသည်။

“တိတ်တဆိတ် ထွက်ခွာသွား … တစ်ကိုယ်တည်း အထီးကျန်ကာ များပြားလှတဲ့ အမှတ်တရတွေကို အချိန်က ဖျောက်ဖျက်သွားမှာပါ”

အသံက ဩရှသော်လည်း လူတိုင်း၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့သည်။

ထိုအခိုက်တွင် ရဲ့လင်းချန်၏ အသံက ရုတ်တရက် ပြောင်းလဲသွားသည်။ အမြင့်သံ မဟုတ်သော်လည်း သူ၏ ခပ်ဩဩ အသံကို ဆွဲဆန့်လိုက်သည့် အရိပ်အယေင် ပေါ်နေပြီး ဝမ်းနည်းပူဆွေးမှုနှင့် စိတ်အားထက်သန်မှု အရိပ်အယောင်များ ပေါ်နေသည်။ အထူးသဖြင့် စာသားက ရုတ်တရက် Cantonese သို့ ပြောင်းလဲသွားသည်။

“ငါ ကွမ်တုန်းမှာ လျှောက်သွားနေခဲ့တာ ဆယ်နှစ် ရှိခဲ့ပြီ”

“တစ်ခါတလေတော့ ငါတို့ အတူရှိခဲ့တဲ့ အချိန်တွေကို သတိရမိတယ်၊ ဒါပေမဲ့ ဒါတွေက ပြောင်းလဲသွားခဲ့ပြီ”

“ကောင်းကင်ကြီးက ငါတို့ကို အတူတူ ဆက်သွယ်ပေးပါဦး”

“”မင်းရဲ့ ထွက်ခွာမှုကို လွဲချော်သွားခဲ့တဲ့ ကောင်းကင်ကြီးက ပြောင်းလဲနေလေရဲ့”

“ငါတို့ နောက်တစ်ခါ ပြန်တွေ့မယ်လို့ ယုံကြည်လား”

“တကယ်တော့ လက်လျှော့အရှုံးပေးလိုက်ဖို့က လွယ်ကူနေတာပါ”

“ငါ့တို့မှာ ဘာမှမရှိတဲ့အခါမှပဲ ငါတို့ဟာ အကြောက်တရား ကင်းမဲ့နေခဲ့တယ်”

လူတိုင်း အံ့အားသင့်သွားကြသည်။

*ဒါ ဘာသီချင်းလဲ*

*ဘယ်လိုလုပ် ငါတို့ တစ်ခါမှ မကြားဖူးတဲ့သီချင်းတစ်ပုဒ် ရှိနေတာလဲ*

တကယ်တမ်းတွင် သူတို့ သီချင်းကို ယခင်က ကြားဖူးပါသည်။ သို့သော် ပြောင်းလဲမှုက ကြီးမားနေ၏။ ခံစားချက်များကလည်း လုံးလုံးလျားလျား ပြောင်းလဲနေလေသည်။

သူတို့ နားထောင်၍ မဝနိုင်ပေ။ လူတိုင်း အသက်ပင်မရှူနိုင်ဘဲ တိတ်ဆိတ်စွာ စောင့်ကေနြသည်။

ရဲ့လင်းချန်သည် မိုက်ခ်ကိုကိုင်၍ နူးညံ့ညင်သာသော အသံဖြင့် ဆက်လက် သီဆိုနေ၏။ လက်ရှိတွင် မီးရောင်အောက်၌ သူ၏ ပုံရိပ်က အထီးကျန်နေသည်ဟု ထင်မှတ်ရသည်။ သူသည် သူ့ကိုယ်သူ ဝမ်းနည်း နောင်တရနေပြီး လောကထဲ၌ သူ တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်ဟု ထင်မှတ်မှားရလေသည်။

“နည်းနည်းလောက် ပိုပြုံးပါဦး”

“ပြောင်းလဲမှုတွေက ပြည့်စုံဖို့ လိုနေတယ်”

“ဒီလောကကြီးရဲ့ အမှန်တရားနဲ့ မုသားတွေကို တည့်တည့် ရင်ဆိုင်လိုက်ပါ”

တစ်ခဏအကြာ၌ Cantonese စာသားများ ပြန်ပေါ်လာသည်။

“ငါ ကွမ်တုန်းမှာ လျှောက်သွားနေခဲ့တာ ဆယ်နှစ် ရှိခဲ့ပြီ”

“တစ်ခါတလေတော့ ငါတို့ အတူရှိခဲ့တဲ့ အချိန်တွေကို သတိရမိတယ်၊ ဒါပေမဲ့ ဒါတွေက ပြောင်းလဲသွားခဲ့ပြီ”

“ကောင်းကင်ကြီးက ငါတို့ကို အတူတူ ဆက်သွယ်ပေးပါဦး”

“”မင်းရဲ့ ထွက်ခွာမှုကို လွဲချော်သွားခဲ့တဲ့ ကောင်းကင်ကြီးက ပြောင်းလဲနေလေရဲ့”

“ငါတို့ နောက်တစ်ခါ ပြန်တွေ့မယ်လို့ ယုံကြည်လား”

“တကယ်တော့ လက်လျှော့အရှုံးပေးလိုက်ဖို့က လွယ်ကူနေတာပါ”

“ငါ့တို့မှာ ဘာမှမရှိတဲ့အခါမှပဲ ငါတို့ဟာ အကြောက်တရား ကင်းမဲ့နေခဲ့တယ်”

သူတို့ ကြက်သီးများ တဖြန်းဖြန်း ထလာသည်ဟု ခံစားနေကြရသည်။

လူတိုင်းသည် အပူလှိုင်းတစ်ခုက ဦးနှောက်သို့ ဆောင့်တက်လာသည်ဟု ခံစားရပြီး တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထလာသည်။

ဤသည်မှာ သီချင်းတစ်ပုဒ်၏ စွမ်းအား ဖြစ်ပြီး ခံစားချက်များကို အပြည့်အဝ လှုပ်ခါနိုင်သော သီချင်းတစ်ပုဒ်ပင်။

ကူကယ်ရာမဲ့ခြင်း၊ နောင်တရခြင်း၊ အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်း၊ မျှော်လင့်ခြင်း၊ အကြောက်တရား ကင်းမဲ့ခြင်း၊ ရယူလိုခြင်း၊ စွန့်စားခြင်း အစရှိသော ခံစားချက်များအားလုံး …

သယ်ဆောင်လာသော ခံစားချက်များက တစ်ချိန်တည်းမှာပင် များပြားလှသည်။ ယခုအချိန်၌ ထိုခံစားချက် အားလုံးက တစ်ခုတည်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ယင်းကား … ချစ်ခြင်းမေတ္တာပင်တည်း။

ယင်းမှာ အချစ်နှင့် ပတ်သက်သော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။

လူတိုင်း သီချင်း၏ ဖမ်းစားခြင်း ခံစားလိုက်ရပြီး စိတ်ရောကိုယ်ပါ နစ်မြုပ်နေကြသည်။

လူတော်တော်များများ မျက်ရည်ဝဲနေကြသည်။ သီချင်းကောင်းတစ်ပုဒ်က နားဆင်သူတို့၏ နှလုံးသားကို လှုပ်ခါနိုင်စွမ်း ရှိပြီး ရဲ့လင်းချန်က အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့လေသည်။

လက်ရှိအချိန်တွင် သူတို့၏ စိတ်ထဲမှ သူတို့၏ အချစ်ဇာတ်လမ်းများကို ပြန်လည် မြင်ယောင်နေကြသည်။ အပြင်၌ သူတို့ ဦးတည်ချက်မဲ့စွာ သွားလာကျင်လည်နေသည့် အချိန်များမှာတောင်မှ သူတို့သည် အချစ်ကို ယုံကြည်နေဆဲ ဖြစ်ကာ သူတို့ဘဝ၏ အချစ်ကို မျှော်လင့်နေကြသည်။

ချန်ရှောင်ယန်၏ ပါးပြင်တွင် မျက်ရည်များဖြင့် စိုရွှဲနေ၏။ သူမသည် စင်ပေါ်မှ ပုံရိပ်ကို ငေးကြည့်နေကာ သူ့ထံသို့ အပြေးသွား၍ ဖက်ထားချင်စိတ် တဖွားဖွား ဖြစ်ပေါ်၍ နေသည်။

“နောက်တစ်ခါ ငါတို့ ဆုံတွေ့ခဲ့အခါကျရင်,

“ငါတို့မှာ ဘာမှမရှိရင်တောင်မှ ဘာကိုမှ ကြောက်စရာ မလိုပါဘူး”

“ငါတို့မှာ ဘာမှမရှိရင်တောင်မှ ဘာကိုမှ ကြောက်စရာ မလိုပါဘူး”

သူတို့ သတိမထားမိခင်မှာပင် သီချင်းက အဆုံးသတ်သွားလေသည်။

သို့သော် ခန်းမတွင် အနေရခက်သော တိတ်ဆိတ်မှုတို့ ကြီးစိုးနေသည်။ မသိလျင် လူတိုင်း အသိလွတ်နေသည်ဟု ထင်မှတ်ရသည်။ တိုက်ရိုက်ထုတ်လွှင့်မှုတွင် မှတ်ချက်များ ကင်းမဲ့နေသည်။ လက်ရှိအချိန်၌ အချိန်က ရပ်တန့် နေသည်ဟု ထင်မှတ်ရသည်။

တင်ဆက်သူ လော့စီစီတောင်မှ အချိန်တစ်ခုအထိ စင်ပေါ်သို့ လျှောက်လာရန် မေ့နေခဲ့သည်။

“အဟမ်း … အံ့ဩစရာကောင်းလောက်အောင် နားထောင်လို့ ကောင်းပါတယ်နော်၊ ဒီနေ့ ကျွန်မတော့ နတ်တေးသံ တစ်ခုကို နားထောင်ရတာက ဘယ်လိုမျိုးလဲဆိုတာကို သိလိုက်ရပါပြီ”

နောက်ဆုံးတွင် လော့စီစီသည် ငေးငိုင်နေရာမှ သတိဝင်လာပြီး စင်ပေါ် အပြေး လျှောက်လှမ်းလာသည်။ သို့သော် သူမ၏ အသံက အနည်းငယ် အက်နေသည်ဟု ထင်မှတ်ရသည်။

“လူတိုင်း ကျွန်မလိုပဲ သီချင်းထဲ မျောပါပြီး လက်ခုပ်တီးဖို့တောင် မေ့နေတယ် ထင်ပါတယ်”

သူမ စကားဆုံးသွားသည့်အခါမှသာ ပရိသတ်များက သတိဝင်လာပြီး စိတ်အားထက်သန်စွာ လက်ခုပ်တီးကြသည်။ တစ်ချို့ဆိုလျင် ထပင် မတ်တပ်ရပ်ကြသည်။

“အံ့ဩဖို့ ကောင်းလွန်းတယ်၊ အထူးသဖြင့် Cantonese အပိုင်းပဲ၊ သောက်ရမ်း မိုက်တယ်ကွာ”

“မြတ်စွာဘုရား၊ ဒီသီချင်းမှာ အော်တာ မပါဘူး၊ သံစဉ်ကလည်း ရိုးရိုးရှင်းရှင်းပဲ၊ ဒါပေမဲ့ ငါ့သွေးတွေက တစ်နည်းနည်းနဲ့ ပွက်ပွက် ဆူလာတယ်”

“မြတ်စွာဘုရား၊ ဒါက ဘယ်သူလဲ”

“သူက သီချင်းအဆို ကောင်းရုံတင် မဟုတ်ဘူး၊ သူ့ကကွက်တွေကလဲ တော်တော် ကောင်းတယ်၊ သူ့သီချင်းက တော်တော် လွှမ်းမိုးနိုင်တာ”

ပရိသတ်များ အရူးအမူး နေကြသလို တိုက်ရိုက် ထုတ်လွှင့်မှုတွင်လည်း ထိုနည်းတူပင်။ မရေတွက်နိုင်သော လူများက သီချင်းနာမည်ကို မေးနေကြသည်။

လော့စီစီက ရဲ့လင်းချန်ကို အလျင်အမြန် လှမ်းဆွဲ၍ မေးလိုက်သည်။

“မစ္စတာ စူပါမန်းရေ၊ ဒီသီချင်းက ရှင့်ရဲ့ မူရင်းလား၊ လူတော်တော်များများက ဒီသီချင်းရဲ့ နာမည်ကို သိချင်နေကြမယ် ထင်ပါတယ်”

ရဲ့လင်းချန် ရယ်၍ ပြန်ပြောလိုက်သည်။

“ဒါ ငါ့သီချင်း မဟုတ်ပါဘူး၊ ဒီသီချင်းရဲ့ နာမည်က ကွမ်တုန်းက အချစ်ဇာတ်လမ်းပါ”

[ဆိုတော့ ဒါက တကယ်ပဲ ကွမ်တုန်းက အချစ်ဇာတ်လမ်းပေါ့]

[လခွမ်း၊ ဒါက မူရင်းထက် အများကြီး ပိုကောင်းတာပဲ]

[အံ့ဩစရာပဲ၊ ဒီပြန်ဆိုတေးက လုံးဝ အဆင့်သစ်တစ်ခုကို ခေါ်သွားသလိုပဲ]

[ဒါက ပြန်ဆိုတေးဆိုပင်မယ့် မူရင်းလို့ သတ်မှတ်လို့ရတယ်လို့ ငါ ခံစားနေရတယ်၊ ဒါက အံ့ဩဖို့ ကောင်းလွန်း ပါတယ်ကွာ]

[ဒီစူပါမန်းက ဘယ်သူလဲ၊ သူ ဘယ်လိုလုပ် သီချင်းကို ဒီလောက် အများကြီး ပြောင်းလဲနိုင်တာလဲ]

[ငါ ဒီသီချင်းကို လုံးဝ မကြားဖူးတာက အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ မူရင်းက အရမ်း နာမည်မကြီးဘူး၊ စူပါမန်းရေ ကျေးဇူးပြုပြီး ဒီသီချင်းကို တစ်ပုဒ်တည်း ထုတ်ပေးပါလား၊ ငါ ထပ်ခါထပ်ခါ နားထောင်ချင်လို့]

All Chapters