← Chapters

ဓား တစ်ကွက်တည်းဖြင့် သတ်ပစ်ခြင်း

Vol. 3 Ch. 31

ဓား တစ်ကွက်တည်းဖြင့် သတ်ပစ်ခြင်း

Vol. 3 Ch. 31

ဘုန်း ...

နျိုဝူဖုန်းသည် တစ်ခေါင်းလုံး သွေးများရွှဲလျက် လေထဲမှနေ၍ လောမိသားစု အိမ်ဝင်းထဲသို့ ပြုတ်ကျသွားသည်။

၎င်းကို မြင်သောအခါ လောမိသားစုဝင်အားလုံး၏ မျက်နှာအမူအရာများ ချက်ချင်းပြောင်းသွားကြသည်။

" မင်းက ဘယ်လိုလုပ်ပြီး ခုလို ဒဏ်ရာအပြင်းထန် ရလာတာလဲကွ "

ပထမအကြီးကဲက နျိုဝူဖုန်းအား မည်သို့ခေါ်ရမှန်းမသိဘဲ ခေတ္တမျှ စိုက်ကြည့်နေပြီးနောက်မှသာ မေးလိုက်သည်။

သူ့ရှေ့မှသူသည် ထျန်းတန့်တောင် ၏ နတ်ဆိုးဘုရင်တစ်ပါးဖြစ်သော ထုံရွှယ်အဆင့် နတ်ဘုရားသားရဲတစ်ကောင်ပင် မဟုတ်ပါလား ။

ယခင်ကဆိုလျှင် သူတို့အနေဖြင့် ထိုသားရဲအား ထိပင် မထိရဲပါချေ။

ယခုတွင်မူ ထိုသားရဲက သူ့ကိုယ်သူ လောဖုန်း၏ မြေးဟု လာပြောနေ၏ ။

သို့ဖြစ်ရာ သူတို့ က သူ့အား မည်သို့ခေါ်ရမည်မသိ ဖြစ်နေသည်မှာ မဆန်းလှပေ။

" ရန်သူက အစွမ်းထက်လွန်းတော့ ကျုပ် ဒဏ်ရာ နည်းနည်းရသွားတာပါ။ အဖိုး .. ကျုပ် လောမိသားစုအတွက် သွေးထွက်ခဲ့တယ်နော် ။ နောက်ကျရင် ဦးလေးကို ဒီအကြောင်း သေချာပြောပြပေးပါ "

နျိုဝူဖုန်းက သူ့ခေါင်းမှ ဒဏ်ရာကို လက်ဖြင့်အုပ်ကာ ပြောလိုက်သည်။

လောဖုန်းက ချက်ချင်းပင် အလေးနက် ပြန်ပြော၏ ။

" စိတ်မပူနဲ့ .. ငါ ထျန်းလေးကို ဒီကိစ္စ သေချာအသိပေးလိုက်မယ် "

" ကောင်းပါပြီဗျာ ။ အခုလောလောဆယ် ကျုပ်ကို အခန်းတစ်ခန်း ပေးနိုင်မလား ။ ကျုပ် ဒဏ်ရာသက်သာအာင် ပြန်ကုဖို့ လိုလို့ပါ "

နျိုဝူဖုန်း ပြောသည်မှာ မမှားချေ။

သူ့ကိုယ်သူ ပြန်ရိုက်စဥ်က အနည်းငယ် အားပြင်းသွားသည့်အတွက် ရသည့် ဒဏ်ရာက လည်း ပြင်းသွားခဲ့သည်။

" ဟေ့ မြန်မြန်သွားပြီး မြေကွက်လပ်တစ်ခုကို သွားရှင်းကြစမ်း "

လောဖုန်းက ချက်ချင်းပင် အစောင့်များကို ခေါ်ကာ နျိုဝူဖုန်းအတွက် နေစရာ နေတစ်ခုပေးရန် ကိုယ်တိုင်စီစဥ် ညွှန်ကြားလိုက်သည်။

ဤသို့ဖြင့် အားလုံးပြီးသွားသည့် နောက်တွင်မူ အကြီးကဲများ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

" သခင်ကြီး ကျုပ်တို့ ဘာဆက်လုပ်သင့်တယ်လို့ ထင်လဲ "

ပထမအကြီးကဲက စမေးလိုက်သည်။

လောဖုန်း ခေတ္တမျှ ငြိမ်သက်သွား၏ ။ ထို့နောက်သူက သက်ပြင်းချ၍

" ကျုပ်လဲ မသိဘူးဗျ ။ ထျန်းလေး ပြန်လာတဲ့အထိ စောင့်ပြီးမှ သူ့အမြင်ကို နားထောင်ကြတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ထုံရွှယ်အဆင့်က ဒီနတ်ဆိုးဘုရင် ရှိနေရင် ကျုပ်တို့ လောမိသားစု ဘေးကင်းလုံခြုံနေပါပြီ "

ဟု ပြောသည်။

သခင်ကြီး၏ စကားဆုံးသောအခါ အားလုံး ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

ပျောင်ပိုင်မြို့တွင် ကောင်းကင်ထိန်းချုပ်အဆင့် ကျင့်ကြံသူပင် တစ်ဦးမှ မရှိချေ။

ယခုတွင်မူ သူတို့အိမ်တော်၌ ထုံရွှယ်အဆင့် လူတစ်ဦး ရှိနေသည် မဟုတ်ပါလား .. ။

သို့ဖြစ်ရာ ပျောင်ပိုင်မြို့တွင်း မဆိုထားဘိ ယဲ့ဖုန်းတစ်နိုင်ငံလုံးနှင့် ယှဥ်ကြည့်လျှင်ပင် သူတိူ့မိသားစုသည် ဒုတိယအဆင့် အဖွဲ့နေရာသို့ ရောက်နေပြီဖြစ်သည်။

ထိုအချိန်တွင် ....

" မိသားစုခေါင်းဆောင် သခင်ကြီးကို သတင်းပို့ပါတယ် ။ ဆိုင်တွေမှာ အကူညီ လိုအပ်နေပါတယ် ။ လီမိသားစုက လောမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို အတင်းအဓ္ဓမ လုယူဖို့ ကြိုးစားနေပါတယ် "

လောမိသားစု၏ အစေခံတစ်ယောက်က သတင်းလာပို့သည်။

" ဘာ .. လီမိသားစုက ဟုတ်လား .. သေချင်နေကြတာပဲ "

လောဖုန်း ချင်ချင်း ထရပ်လိုက်သည်။

ကောင်းကင်ထိန်းချုပ်အဆင့် အစွမ်းထက် ကျင့်ကြံသူ သုံးယောက်က သူတို့ လောမိသားစုသို့ လာကာ ဖျက်ဆီးရန် ကြိုးစားကြသည်ကို လီမိသားစု သိသွားသည်မှာ သေချာပါသည်။ ထို့ကြောင့်လည်း သူတို့က လောမိသားစု အမြှစ်ပြတ်သွားပြီထင်ကာ ပစ္စည်းများကို အပိုင်သိမ်းရန် ကြိုးစားကြခြင်းဖြစ်သည်။

သို့သော် သူတို့က နျိုဝူဖုန်း ရှိနေသည်ကို မသိသည်မှာ ကံဆိုးခြင်းပင် ။

" အားလုံးပဲ ကျုပ်နဲ့ လိုက်ခဲ့ကြပါ ။ ဒီလို အန္တရာယ်ကြီးတဲ့အချိန်မှာ မတရားသဖြင့် အနိုင်ကျင့်မခံရအောင် အရေးယူမှဖြစ်မယ် "

လောဖုန်းက ပြောလိုက်သည်။

ထိုစဥ် လောမိသားစု ပိုင်သော ဆိုင်ရှေ့၌ ...

ဝုန်း ...

လောမိသားစုမှ လူငယ်တစ်ယောက်သည် လက်ဝါးတစ်ဖက်ဖြင့် အရိုက်ခံလိုက်ရပြီး နံရံသို့ လွင့်စင်သွား၏ ။ သူ့ကိုယ်မှ သွေးများ ထွက်ကျလာသည်။

သူ့အား လက်ဝါးဖြင့် ရိုက်လိုက်သူမှာ လီမိသားစုခေါင်းဆောင် လီချန်စစ်ပင် ။

" ငါ မင်းကို နောက်ဆုံး အခွင့်အတေစ်ခုပေးမယ် ။ ဂိုဒေါင်သော့ကို ငါ့ကို အခုပေးရင် မင်းအသက်ကို ချမ်းသာပေးမယ် "

လီချန်စစ်က လူငယ်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

" လီချန်စစ် .. ခင်ဗျားက ကိုယ့်သေတွင်းကိုယ် တိူးနေတာပဲ ။ ကျုပ်တို့ သခင်ကြီးက ခင်ဗျားကို ဒီတိုင်း အလွတ်ပေးမှာမဟုတ်ဘူး "

လောမိသားစုမှ လူငယ်မှာ မာရည်ကျောရည် ရှိလှ၏ ။

သူ့တစ်ကိုယ်လုံး သွေးများ ရွှဲနေသည့်တိုင် လုံးဝကြောက်ရွံ့ပုံ ရှိမနေချေ။

" လောမိသားစု .. ဟုတ်လား ... ဟား ဟား .. မင်း အခုထိ မသိသေးဘူးပဲ အရူးလေးရဲ့ ။ ပျောင်ပိုင်မြို့မှာ လောမိသားစုဆိုတာ မရှိတော့ဘူး "

လီချန်စစ်က ကျယ်လောင်စွာ အော်ရယ်လ်ုက်သည်။

လီမိသားစု၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် လောမိသားစုမှ ဖိနှိပ်ခြင်းကို သူ ခံခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့လေပြီ။

ထို့အတွက် လောမိသားစုအား သူ့ရိုးတွင်းချဥ်ဆီထဲမှ မုန်းနေသည်ဟုပင် ပြော၍ရသည်။

ယခုတွင်မူ လောမိသားစုက အဆုံးသတ်သွားပြီဖြစ်ရာ သူ အလွန်ပျော်နေ၏ ။

" ခင်ဗျားက အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောနေတာပဲ "

လောမိသားစုမှ လူငယ်က ဒေါသတကြီး ပြန်အော်လိုက်သည်။

" အဓိပ္ပါယ် မရှိဘူးတဲ့လား .. မင်း မျက်လုံး ကန်းနေလားကွ ။ ကောင်းကင်ထိန်းချုပ်အဆင့် ကျင့်ကြံသူ သခင်ကြီး သုံးယောက်က လောမိသားစုကို ဖျက်ဆီးဖို့သွားတာ မင်း မတွေ့လိုက်ဘူးလား ။ မင်းတို့ လောမိသားစုရဲ့ အဆင့်နဲ့များ ကောင်းကင်ထိန်းချုပ်အဆင့် ကျင့်ကြံသူ သုံးယောက်ကို တားနိုင်မယ်လို့ ထင်နေတာလားကွ "

လီချန်စစ်၏ စကားဆုံးသည်နှင့် သူ့နောက်မှ လီမိသားစုဝင်များက တဟားဟား ရယ်မောလိုက်ကြသည်။

အမှန်တွင်လည်း ပျောင်ပိုင်မြို့ကဲ့သို့ မြို့ငယ်လေးတစ်မြို့တွင် ကောင်းကင်ထိန်းချုပ်အဆင့် ကျင့်ကြံသူများမှာ နတ်ဘူရားတစ်ပါးကဲ့သို့ သတ်မှတ်ခံရသူများဖြစ်သည်။

သို့ဖြစ်ရာ ထိုသို့ ကောင်းကင်ထိန်းချုပ်အဆင့် ကျင့်ကြံသူ သုံးယောက်၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခြင်းကို ခံရသော လောမိသားစုအနေဖြင့် မည်သို့မှ အသက်ဆက်ရှင်နိုင်ကြလိမ့်မည် မဟုတ်ဟု တွေးထားကြခြင်းဖြစ်သည်။

" သခင်ကြီး ..လောမိသားစုက လူတွေက တကယ်ခေါင်းမာတဲ့သူတွေ ။ သူတို့ကို အရှုံးပေးခိုင်းဖို့ဆိုတာ မဖြစ်နိုင်သလောက် နီးပါးပဲ ။ ဒီတော့ သူ့ကို ချက်ချင်းသတ်ပြီး နောက်မှ သော့ကို ဖြည်းဖြည်းချင်း ရှာကြတာက ပိုမကောင်းဘူးလား "

လီမိသားစုမှ တပည့်တစ်ယောက်က အကြံပေးလိုက်သည်။

လီချန်စစ် ခေါင်းညိတ်လိုက်သည်။

" မင်းပြောတာ မှန်တယ် ။ ဒီလိုဆိုရင် .. မင်းကိုပဲ အရင်သတ်ရတာပေါ့ကွာ "

လီချန်စစ်က ပြောပြောဆိုဆိုပင် ဓားကို ဆွဲထုတ်ကာ လောမိသားစုမှ လူငယ်လေး၏ ခေါင်းကို ဖြတ်ရန်ပြင်လိုက်တော့သည်။

" သေစမ်းကွာ "

သို့သော် ..

သူ့ဓားက လူငယ်လေး၏ ခေါင်းသို့ မရောက်ခင်မှာပင် စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး ဓားက အစိတ်စိတ်အမွှာမွှာ ကျိုးကြေသွား၏ ။

" ဟမ် .. ဘယ်သူလဲကွ "

လီချန်စစ် မျက်မှောင်ကြုံ့သွားသည်။

ယခုအချိန် ပျောင်ပိုင်မြို့တွင် သူ့အား မည်သူက တားရဲနေပါသနည်း ။

" လီချန်စစ် .. မင်း အသက်ဆက်မရှင်ချင်တော့ဘူးနဲ့ တူတယ် "

လူအုပ်၏ အနောက်ဘက်မှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။

ဆိုင်ရှေ့တွင် လာရပ်ကြည့်နေကြသည့် ပျောင်ပိုင်မြို့မှ လူအုပ်ကြီး ဘေးသို့ ရှဲသွားကြသည်။

သူတို့ ၏ အနောက်တွင်မူ လောမိသားစု၏ ခေါင်းဆောင် လောဖုန်းနှင့် အကြီးကဲ ဆယ်ယောက်ကျော်က အေးစက်စက် မျက်နှာများဖြင့် ရပ်ကြည့်နေ၏ ။

" ဘာတွေ ဖြစ်နေတာလဲ ၊ လောမိသားစုက ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ ။ သူတို့ စောစောကပြောတော့ လောမိသားစု အဖျက်ဆီး ခံလိုက်ရပြီဆို "

" အမှန်ပဲ ..အစွမ်းထက် လူသတ်သမား သုံးယောက်က လောမိသားစု အိမ်တော်ဆီ သွားနေတာကို ကျုပ်ကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့တာ ။ ဒါပေမယ့် အခု ဘယ်လိုဖြစ်ပြီး .. "

အားလုံးပင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" သခင်ကြီး "

ဆိုင်ကိုဦးစီးရသော သွေးများရွှဲနေသည့် လောမိသားစုမှ လူငယ်လေးက လောဖုန်းကို တွေ့သောအခါ ဝမ်းသာအားရ ခေါ်လိုက်သည်။

" သခင်ကြီးတို့ ဘာမှမဖြစ်ဘူးဆိုတာ ကျုပ် သိတယ် "

ထို့နောက် သူက ဝမ်းပမ်းတနည်း ငို​ချလိုက်သည်။

လောဖုန်း သူ့ကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။

" မင်း ပင်ပန်းသွားပြီ ။ စိတ်မပူနဲ့ ငါ မင်းအတွက် တရားမျှတမှုကို ရအောင်ယူပေးမယ် "

လောဖုန်းက ပြောပြောဆိုဆိုပင် လီချန်စစ်ဆီသို့ လျှောက်သွားလိုက်သည်။

" လီချန်စစ် .. မင်း သေချင်နေတာလား "

လောဖုန်း အေးစက်စက် ပြောလိုက်သည်။

လီချန်စစ်မှာ လောဖုန်း ရောက်ရောက်လာချင်း ထိတ်လန့်သွားပြီး ခဏအကြာတွင် ပြန်တည်ငြိမ်သွား၏ ။

" ဟမ့် .. လောဖုန်း .. မင်း က ကိုယ့်ကိုကိုယ် တော်တော်အထင်ကြီးတဲ့ သူပဲ ။ မင်းတို့ ကောင်းကင်ထိန်းချုပ်အဆင့် ကျင့်ကြံသူတွေ လက်ကနေ ဘယ်လိုလွှတ်လာသလဲဆိုတာ မသိပေမယ့် အခု မင်းတို့က ငါ့ကို သေစေချင်နေတာလား ။ တော်တော်ရယ်ရတာပဲကွာ ။ မင်း ဦးနှောက် ကောင်းမှကောင်းသေးရဲ့လား "

လီချန်စစ်ကလည်း အေးစက်စက် ပြန်ပြောသည်။

ဤတစ်ကြိမ်တွင် သူသည် လီမိသားစုမှ လက်ရွေးစင်အဖွဲ့ဝင်များ အားလုံးကို ခေါ်လာခဲ့သော်လည်း လောဖုန်းဘက်တွင်မူ လူ ဆယ်ယောက်ကျော်ခန့်သာ ရှိနေ၏ ။

သိူ့ဖြစ်ရာ သူ့ဘက်က အသာစီး ရနေသည်မှာ အသိသာပင်ဖြစ်သည်။

ချွင် ..

လောဖုန်းက စကားတစ်ခွန်းမှ မပြောဘဲ ဓားကိုသာ ဆွဲထုတ်လိုက်သည်။

" လီချန်စစ် .. သေစမ်းကွာာ "

လောဖုန်းက ဒေါသတကြီး အော်လိုက်သည်။

အားလုံး၏ အကြည့်က လီချန်စစ်ဆီသို့ ခေတ္တမျှ ရောက်သွားကြသည်။

လီချန်စစ်ကလည်း လှောင်ပြုံးပြုံး၍ ပြန်အော်လိုက်သည်။

" ကောင်းပြီ လောဖုန်း ။ မင်းက တိုက်ခိုက်ချင်နေမှတော့လဲ ငါက မင်းကို အခွင့်အရေး ပေးရမှာပေါ့။ ဒီနေ့ ငါ မင်းကို အရင်ဆုံး သတ်ပြီးတော့မှ မင်းတို့ လောမိသားစုကို ပျောင်ပိုင်မြို့ကနေ အပြတ်ရှင်းပစ်မယ် "

သူက ပြောပြောဆိုဆိုပင် လောဖုန်းဆီသို့ ​တဟုန်ထိုး ပြေးဝင်သွားလိုက်သည်။

" အေးစက်အလင်းတန်း ဓားသိုင်းကွက် "

လီချန်စစ်၏ အော်သံနှင့်အတူ သူ့ဓားစွမ်းအင်က  သက်တန့်တစ်ခုပမာ လောဖုန်းဆီသို့ တိုးဝင်သွား၏။

သို့သော် ...

ဘုန်း .....

လောဖုန်းကလည်း သူ့ဓားကို ဝေ့ယမ်းလိုက်ရာ ဓားစွမ်းအင် ထွက်လာပြီး လီချန်စစ်ဆီသို့ တိုးဝင်သွားသည် ။ လီချန်စစ်မှာ ထိုဓားစွမ်းအင်ကြောင့် နောက်သို့ လွင့်စင်ထွက်သွားတော့သည်။

သူ မြေကြီးပေါ်သို့ ပြန်မကျခင်မှာပင် သူ့ကိုယ်၌ ဓားဒဏ်ရာ ဆယ်ခုကျော် ရသွားပြီး သွေးများ ပန်းထွက်လာသည်။

ဝုန်း ...

ထို့နောက် လီချန်စစ် မြေပေါ်သို့ ပြုတ်ကျသွားပြီး နေရာမှ ပြန်မထနိုင်တော့ချေ။

အဖြစ်အပျက်ကို မြင်လိုက်ရသူများအားလုံး အံ့သြတုန်လှုပ်သွားကြရသည်။

လီချန်စစ်နှင့် လောဖုန်းတို့နှစ်ဦး အချင်းချင်း တိုက်ခိုက်လာကြသည်မှာ ဆယ်စုနှစ်များပင် ကြာခဲ့ပြီဖြစ်သည်။ နှစ်ယောက်လုံး၏ အစွမ်းကလည်း သူမသာ ကိုယ်မသာ ဖြစ်သည့်အတွက် သူတို့တိူက်ခိုက်သည့်အချိန်တိုင်း မည်သူက အနိုင်ရသည်ဟု ပြောရန် ခက်လှပေသည်။

ယခုအကြိမ်တွင်လည်း ယခင်ကကဲ့သို့ပင် သရေပွဲတစ်ပွဲသာ ဖြစ်မည်ဟူ အားလုံး ထင်ထားခဲ့ကြ၏ ။

သို့သော် လီချန်စစ်က လောဖုန်း၏ ဓားချက်ဖြင့် တမဟုတ်ချင်း သေသွားရလိမ့်မည်ဟု မည်သူက တွေးထားပါမည်နည်း ။

All Chapters