အလစ်ဝင်တိုက်ခိုက်ခြင်း
Vol. 3 Ch. 32
အခြားသူများ မဆိုထားဘိ ၊ လောဖုန်းကိုယ်တိုင်ပင် ထိုအချိန်၌ အနည်းငယ် အံ့အားသင့်နေ၏ ။
" ထျန်းလေး သင်ပေးထားတဲ့ ဓားသိုင်းကွက်တွေက အစွမ်းထက်မှန်းတော့ သိထားပြီးသားပါ ။ ခုလောက်ကြီး အစွမ်းထက်နေမယ်လို့တော့ မထင်ထားမိဘူး "
လောဖုန်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
သူ သုံးခဲ့သည့် ဓားကွက်မှာ လောထျန်းသင်ပေးခဲ့သော ကောင်းကင်ဘုံဓားသိုင်း၏ ပထမသိုင်းကွက်ဖြစ်သည်။
လောထျန်း ထွက်သွားခဲ့သည့် အချိန်မှစ၍ သူ ထိုဓားသိုင်းကို စလေ့ကျင့်နေခဲ့၏။
သို့သော် ကံဆိုးစွာပင် သူ ထိုဓားသိုင်းကို အပေါ်ယံသာ နားလည်သေးသည့်အတွက် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုနှင့် အလှမ်းဝေးနေဆဲဖြစ်သည် ။
သို့တိုင် သူနှင့် ယခင်က လက်ရည်တူသည့် ကျင့်ကြံသူတစ်ယောက်ကို တစ်ချက်တည်းဖြင့် အသေသတ်နိုင်ခဲ့ပေသည် ။
ကောင်းကင်ဘုံဓားသိုင်းက မည်မျှ အစွမ်းထက်ကို ယခုအခြေအနေကို ကြည့်လျှင်ပင် သိနိုင်ပေသည်။
" သခင်ကြီး ၊ လီမိသားစုက လူတွေ ဒီမှာ ရှိနေတုန်းပဲ ။ သူတို့ကိုရော ဘယ်လိုလုပ်လိုက်ရမလဲ "
ထိုအချိန်တွင် ဒုတိယအကြီးကဲက လောဖုန်းအား သတိပေးလိုက်သည်။
လောဖုန်း ချက်ချင်း သတိဝင်သွားပြီး အနားမှ လောမိသားစုဝင်များအား ရန်သူများကို သတ်ရန် အမိန့်ပေးလိုက်သည်။
" သတ်ပစ်ကြ "
လီမိသားစုဘက်မှ စတင်ကာ လောမိသားစုကို တိုက်ခိုက်ခဲ့ခြင်း မဟုတ်ပါလား ။
သို့ဖြစ်ရာ လောမိသားစုအနေဖြင့် သူတို့ကို ဒီတိုင်း လွှတ်မထားနိုင်ပါချေ။
" ယား .. "
လောမိသားစုဝင်များအားလုံး တစ်ပြိုင်နက်တည်း ညာသံပေးကာ တိုက်ခိုက်လိုက်ကြသည်။
နာကျင်စွာ အော်ဟစ်သံများ နောက်ဆက်တွဲ ထွက်ပေါ်လာကြ၏ ။
မကြာမီတွင်မူ လီမိသားစုဝင်များ တစ်ယောက်တစ်လေပင် လွတ်မသွားဘဲ အားလုံး သေဆုံးသွားကြရတော့သည်။
သွေးချင်းချင်းရဲနေသည့် တိုက်ပွဲနေရာကို ကြည့်ကာ ပျောင်ပိုင်မြို့မှ လူများ တစ်ခုကို နားလည်လိုက်ကြသည်။
ပျောင်ပိုင်မြို့၏ အခြေအနေမှာ ပြောင်းလဲသွားခဲ့လေပြီ။
လောမိသားစုသည် အကျပ်အတည်းမှ လွတ်မြောက်နိုင်ခဲ့ရုံမက သူတို့၏ အစွမ်းကလည်း ယခင်ကထက် သိသိသာသာ ပို၍ တိုးတက်လာခဲ့၏ ။
သူတို့တိုက်ခိုက်နေချိန်တွင် လီမိသားစုဝင်များမှာ တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ကြရသည်ကသာ များပေသည်။
လူ ဆယ်ယောက်ကျော်နှင့် အများ တိုက်ခိုက်သည့်ပွဲတွင် လူဆယ်ယောက်ကျော်က ပြတ်ပြတ်သားသား အနိုင်ရသွားခဲ့လေပြီ။
ထိုမိသားစု နှစ်ခုမှာ မကြာသေးသည့်အချိန်ကပင် အင်အားတူ အဖွဲ့နှစ်ခု ဖြစ်ခဲ့ကြသည်ဟု ပြောပါက မည်သူ ယုံပါမည်နည်း။
ထိုနေ့တွင် လောမိသားစု၏ သတင်းက ပျောင်ပိုင်မြို့အတွင်း တမဟုတ်ချင်း ပျံ့နှံ့သွားသည်။
ထိုစဥ် မိုင်ထောင်ချီဝေးသော အခြားတစ်ဖက်၌ ....
လောထျန်းသည် နဂါးတစ်ကောင်၏ ကျောပေါ် ထိုင်ကာ လေထဲတွင် ပျံသန်းနေ၏ ။
" ခုလို ပျံနိုင်တဲ့ သားရဲတစ်ကောင် ရှိထားတာ တော်တော်ကောင်းတာပဲ "
လောထျန်းက နောက်တွင် ကျန်ခဲ့သည့် ရှုခင်းကို ငုံ့ကြည့်ကာ ပြောလိုက်သည်။ သူ အလွန်သက်တောင့်သက်သာ ခံစားနေရ၏။
ဤနှုန်းအတိုင်းဆိုပါက သူ လောမိသားစုသို့ မိုးမချုပ်မီပင် ပြန်ရောက်နိုင်ပေသည်။
သို့သော် ထိုအချိန်တွင် ...
" ဝူး .. "
ကြောက်မက်ဖွယ် လေလှိုင်းတစ်ခုက မြေပြင်မှ ပစ်လွှတ်လိုက်သည့် လက်နက်တစ်ခုသဖွယ် တစ်ဟုန်ထိုး တိုးဝင်လာသည်။
" ဟင် .. "
လောထျန်း သတိထားမိသည့်အချိန်တွင် နောက်ကျသွားခဲ့ပြီဖြစ်သည်။
ဘုန်း ...
လေလှိုင်းကြီးက လောထျန်းနှင့် နဂါးတို့ကို တိုက်ရိုက် ရိုက်ခတ်သွားသည်။
နဂါးမှာ လေလှိုင်းကြီးကြောင့် ခန္ဓာကိုယ် စုတ်ပြဲသွားပြီး သွေးများ ချက်ချင်းစီးကျလာ၏။
" ဟေး .. "
လောထျန်းက နဂါးအား ဆွဲထိန်းရန် ကြိုးစားလိုက်စဥ်မှာပင် သူရော နဂါးပါ အောက်သို့ ပြုတ်ကျသွားကြသည်။
ဘုန်း ...
တခဏအကြာတွင်မူ ပြုတ်ကျလာသော နဂါးတစ်ကောင်နှင့် လူတစ်ယောက်ကြောင့် မြေပြင်၌ ကြီးမားသော ချိုင့်ကွက်ကြီးတစ်ခု ဖြစ်သွားတော့သည်။
" ချီးပဲကွာ .. "
လောထျန်း ထိုချိုင့်ကွက်ထဲမှ အပေါ်သို့ ခက်ခက်ခဲခဲ တက်လိုက်သည်။
သူသည် ဒဏ်ရာမရထားသော်လည်း သူ့တစ်ကိုယ်လုံးတွင် နဂါးသွေးများနှင့် ပေနေကာ ဖုန်များလည်း အလိမ်းလိမ်း ကပ်နေသည့်အတွက် သူ့ပုံက အလွန်စိတ်ဆင်းရဲစရာ ကောင်းနေ၏ ။
ထို့နောက် သူက အပေါ်ရောက်မှ ချိုင့်ကွက်ထဲသို့ ပြန်ငုံ့ကြည့်လိုက်သောအခါ နဂါးက သေနေပြီကို တွေ့လိုက်ရသည်။
" ငါ့ကို ဘယ်ကောင် အလစ်တိုက်ခိုက်ရဲတာလဲ "
သူ့မျက်လုံးထဲတွင် ဒေါသမီးများ တောက်လောင်လာသည်။
ထိုစဥ် မလှမ်းမကမ်း တောင်ကြားတစ်ခုဆီမှ အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလာသည်ကို သူ တွေ့သွား၏ ။
လေလှိုင်းလုံးကြီးကလဲ ထိုနေရာဘက်မှ လာခဲ့ခြင်းပင်။
" အဲ့ဘက်ကပဲ "
လောထျန်းပြောကာ သူ့ခြေထောက်ကို လက်ညိုးဖြင့်ညွှန်၍ ထိုတောင်ကြားဘက်သို့ ခန္ဓာကိုယ် နေရာရွှေ့သွားလိုက်သည်။
ထိုအချိန်တွင် တောင်ကြားထဲ၌ ..
ကြီးမားသော ငှက်ကြီးတစ်ကောင် ရှိနေ၏။ ထိုငှက်ကြီး၏ ခန္ဓာကိုယ်မှာ သံချိန်းကြိုးများဖြင့် အရစ်ရစ် ပတ်ခံထားရပြီး သူ့ကျောပေါ်တွင်လည်း ခြေသုံးချောင်း မီးဖိုကြီးတစ်ခုက ဖိနှိပ်ထားသဖြင့် နေရာပင် မရွှေ့နိုင်ချေ။
ထိုငှက်ကြီး၏ ဘေးပတ်လည်တွင် မီးခိုးရောင် ဝတ်ရုံများနှင့် လူများက ကျမ်းစာများ ရွတ်ဖတ်နေသည့်အလား မရပ်မနား တတွတ်တွတ် ရွတ်နေကြသည်။
ချုပ်နှောင်ခံထားရသည့် ငှက်ကြီးမှာ အလွန်နာကျင်နေဟန်ဖြင့် သံကြိုးများမှ လွတ်ရန် ကြိုးစားရုန်းနေ၏ ။
" ထုံရွှယ်အဆင့်ငါးရှိတဲ့ နတ်ဘုရားသားရဲတစ်ကောင် ဖြစ်ဖို့ ထိုက်တန်ပါတယ်ကွာ ။ သုံးညနဲ့ သုံးရက် ကြာသွားတာတောင် လက်မလျှော့သေးဘူး။ ငါ အစောကသာ မြန်မြန်မရှောင်လိုက်မိရင် သူ့လက်ချက်နဲ့ သေသွားမှာပဲ "
သံချပ်ဝတ်နဲ့ လူတစ်ယောက်က ကြောက်ရွံ့နေဟန်ဖြင့် ပြောလိုက်သည်။
" ဟား ဟား .. ဗိုလ်ချုပ်ဝူ .. ဒီလိုအဆင့်ရှိတဲ့ နတ်ဘုရားသားရဲတစ်ကောင်မှ မဟုတ်ရင်လဲ ဘုရင်ရှန်းဝူအတွက် စီးတော်ယာဥ်ဖြစ်ဖို့ မထိုက်တန်ဘူးလေ "
သံကြိုးကို လက်တစ်ဖက်မှ ကိုင်ထားသည့် ဆံပင်ဖြူနေသောာ အဘိုးအိုတစ်ယောက်က ရယ်မောကာ ပြောလိုက်သည်။
ဗိုလ်ချုပ်ဝူက ငှက်ကြီးကို ကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။
" ဒီကောင်ကြီးကို ယဥ်လာအောင် လုပ်လို့ ရပါ့မလား "
အဘိုးအိုက အပြုံးဖြင့် ခေါင်းညိတ်လိုက်၏။
" ရတာပေါ့ ဗိုလ်ချုပ်ဝူ ၊ စိတ်မပူပါနဲ့ ။ ကျုပ်ရဲ့ သားရဲတစ်ရာဂိုဏ်းက စိတ်ဝိဥာဥ်သုတ်သင်ခြင်း မန္တန်က သားရဲတွေကို ယဥ်လာအောင် လုပ်တဲ့နေရာမှာ ပထမတန်းစားပဲ ။ ဒီနေ့ နေဝင်ချိန်လောက်ဆိုရင်ကို ဒီကောင်ကြီးက အမိန့်နာခံဖို့ကလွဲပြီး တခြားဘာမှမသိတဲ့ အကောင် ဖြစ်နေလောက်ပြီ "
ဗိုလ်ချုပ်ဝူ ခေါင်းညိတ်၍ ပြောလိုက်သည်။
" ကောင်းပါပြီဗျာ ။ ခုလို ဒုက္ခခေါ်ပေးရတာတော့ အားနာပါတယ် သခင်ကြီးပိုင် "
ဂိုဏ်းခေါင်းဆောင်ပိုင်က အပြုံးဖြင့် ပြန်ပြော၏။
" ရှန်းဝူဘုရင်ကို ခစားခွင့် ရတာကိုက သားရဲတစ်ရာဂိုဏ်းအတွက် ဂုဏ်ယူစရာ တစ်ခုပါဗျာ "
ထိုစဥ် တောင်ကြားရောက်ခါနီးတွင် ...
" ငါ့ကို ဘယ်ကောင်က တိုက်ခိုက်လိုက်တာလဲ ကြည့်ကြတာပေါ့ "
လောထျန်းက သတ်ဖြတ်ချင်နေသည့် မျက်လုံးမျာဖြင့် တောင်ကြားထဲဝင်ရန် ပြင်လိုက်သည်။
သို့သော် ...
" ရပ်လိုက်စမ်း "
အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏ ။
ချက်ချင်းပင် လူရိပ် လေးခုလည်း ထွက်ပေါ်လာပြီး လောထျန်းအား လေးဘက်လေးတန် ပိတ်ဆို့ထားလိုက်ကြသည်။
" ဒီတောင်ကြားကို လက်ရှိ ပိတ်ထားတယ်။ မသိလို့ လာခဲ့တာဆိုရင် ခုချက်ချင်း နောက်ပြန်လှည့်လိုက်ပါ "
လေးယောက်ထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသည့် အင်္ကျီအဖြူနှင့် လူငယ်က ပြောလိုက်သည်။
" ငါ့ရှေ့ကသာ ဖယ်စမ်းပါကွာ "
လောထျန်းမှာ ထိုလူကို ဂရုပင် မစိုက်နိုင်ပါချေ။
" မင်း .. ဘာပြောလိုက်တယ် "
လူငယ်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။
" ကောင်လေး .. အထဲမှာ ငါတို့ရဲ့ သားရဲတစ်ရာဂိုဏ်းနဲ့ ရှန်းဝူနန်းတော်တို့ အလုပ်တွေ လုပ်နေကြတယ်ကွ ။ ဒါကို မင်းကများ ခုလိုရိုင်းရိုင်းစိုင်းစိုင်း ပြောရဲနေတယ် ။ဟား ဟား .. မင်းက ထွက်မသွားချင်ဘူးဆိုတော့လဲ ကောင်းတာပေါ့ကွာ ။ သားရဲကို ယဥ်အောင် လုပ်ပြီးတာနဲ့ အစာကျွေးဖို့ လိုနေတာဆိုတော့ မင်း နေခဲ့ပြီး သားရဲရဲ့ အစာ အဖြစ်ခံလိုက်ပေါ့ "
သူက ပြောပြီးသည်နှင့် လောထျန်း၏လည်မျိုကို ဖမ်းဆုပ်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။
သို့သော် ..
ဝုန်း ..
သူ့လက်ကို လောထျန်းက လက်ဖြင့် ပြန်ဖမ်းဆုပ်လိုက်၏။
" မင်းက ငါ့ကို ပြန်တိုက်ခိုက်ရဲတယ်ပေါ့လေ ။ ကောင်လေး .. ငါ့ကို လွှတ်စမ်း ၊ မဟုတ်လို့ကတော့ သားရဲတစ်ရာဂိုဏ်းနဲ့ ရှန်းဝူနန်းတော်က မင်းတို့ တစ်မိသားစုလုံးကို လာသတ်ပစ်လိမ့်မယ် "
အင်္ကျီဖြူနှင့် လူငယ်က ဒေါသတကြီး ပြောလိုက်သည်။
လောထျန်းက သူ့ကို စိုက်ကြည့်ကာ အေးစက်စက် ပြော၏ ။
" မင်းက ခုလိုဖြစ်နေတာတောင် ဒီစကားမျိုး ပြောရဲတယ်ပေါ့ "
" ဟ ..ဘာလို့ မပြောရဲရမှာလဲကွ ။ ငါက ရှန်းဝူနန်းတော်အတွက် အလုပ်လုပ် နေတာပဲ ။မင်း ငါ့ကို သတ်ရဲရင် သတ်လိုက်လေ။ ညီအကိုတို့ ဒီကောင့်ကို သတ်ကြစမ်း "
သူက နောက်လှည့်ကာ အော်ပြောလိုက်သည်။
ချွမ် .. ချွမ် ..
ကျန်သုံးယောက်က ချက်ချင်းပင် သူတို့၏ ဓားများကို ထုတ်ကာ လောထျန်းအား ရွယ်ထားလိုက်ကြသည်။
" ကောင်လေး .. မင်း ကောင်းကောင်းဆက်နေချင်သေးရင် ငါတို့ အကိုကြီးကို လွှတ်လိုက်ပါ။ မဟုတ်လို့ကတော့ ငါတို့ကို အဆိုးမဆိုနဲ့ "
တစ်ယောက်က အေးစက်စက် ပြော၏ ။
" အဆိုးမဆိုနဲ့ ဟုတ်လား .. "
လောထျန်းက ထိုလူအား လှည့်ကြည့်ကာ သူ့လက်ဖြင့် စွမ်းအင်များ ထုတ်လွှတ်လိုက်သည်။
ဝုန်း ..
သွေးစက်များ လွင့်စင်သွားပြီး လောထျန်း လက်ထဲရှိ လူမှာ နေရာတွင်ပင် သေဆုံးသွားတော့သည်။
" ဘာ .. မင်းက လုပ်ရဲတယ်ပေါ့ "
" ကောင်လေး .. မင်းက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ "
ကျန်သုံးယောက်၏ မျက်လုံးထဲတွင် ဒေါသမီးများ ဝင်းလက်သွားသည်။
သို့သော် ထိုအချိန်တွင် ...
လောထျန်း၏ ပုံရိပ်က သုံးယောက်လုံးရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွား၏။
ထို့နောက် သူက ထိုသုံးယောက်၏ အနောက်ဘက်တွင် ပြန်ပေါ်လာသည်။
' ဟင် .. ဒီကောင်က ကြောက်လို့ ထွက်ပြေးသွားတာလား "
တစ်ယောက်မှာ ဇဝေဇဝါ ဖြစ်သွားသည်။
" မသိဘူး ၊ ဒါပေမယ့် သူ့ကို တောင်ကြားထဲ အဝင်ခံလို့ မဖြစ်ဘူးကွ ။ ကိစ္စတွေ နှောင့်နှေးသွားရင် ငါတို့ အပြစ်ပေးခံရလိမ့်မယ် "
" အမှန်ပဲ ၊ ကောင်လေး .. ဒီကို ပြန်လာစမ်း "
ထိုသုံးယောက်က လောထျန်းအား ရှာလိုက်ကြသည်။
သူတို့ နောက်လှည့်ကြည့်လိုက်သည့်အချိန်တွင် ...
ဝုန်း ..
သုံးယောက်လုံးထံမှ သွေးများ တစ်ပြိုင်နက်တည်း ပန်းထွက်လာကြသည်။
" မျိုးမစစ်ကောင် .. "
" ဘယ်တုန်းက .. "
သူတို့သုံးယောက်မှာ လောထျန်းက သူတို့အား ဘယ်အချိန်က တိုက်ခိုက်လိုက်သည်ကိုပင် မသိလိုက်ဘဲ မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။
တစ်ဖက်မှ လောထျန်း၏ မျက်လုံးထဲတွင်မူ ဒေါသရိပ်များသာ ကြီးစိုးနေ၏ ။
သူ့ညာဘက်လက်တွင် မြက်ခြောက်တစ်ပင် ကိုင်ထားပြီး ထိုမြက်ခြောက်မှ သွေးများ တစက်စက် စီးကျနေသည်။