ဘုရင်ကျင်းဖန်
Vol. 3 Ch. 33
မြက်ခြောက်တစ်ပင်က သူတို့အားလုံးကို သတ်သွားခဲ့၏ ။
လောထျန်းက တောင်ကြားထဲမှ စိတ်စွမ်းအင် အလင်းတန်း လင်းသွားသည့် နေရာသို့ ကြည့်လိုက်သည်။ သူ့မျက်လုံးမှ ဒေါသငွေ့များ ပျောက်မသွားသေးပါချေ။
" အဲ့နေရာကပဲ "
ထို့နောက် သူက ချက်ချင်းပင် ထိုနေရာသို့ တဟုန်ထိုး ပြေးသွားလိုက်သည်။
တစ်ဖက်ရှိ တောင်ကြားထဲ၌ ...
" ဘုရင်ကြီး ကျင်းဖန် ၊ ဘာဖြစ်လို့ အခုထိ လက်မလျှော့သေးတာလဲ ။ ဘုရင်ရှန်းဝူရဲ့ အစေခံ ဖြစ်လာဖို့က မင်းရဲ့ ကံကြမ္မာပဲလေ "
ဂိုဏ်းခေါင်းဆောင်ပိုင် က ပိတ်မိနေသည့် ငှက်ကြီး၏ ကျောကို ပွတ်သပ်ကာ အပြုံးဖြင့် ပြောလိုက်သည်။
" ရွံစရာကောင်းတဲ့ တိရိစ္ဆာန် ၊ သွားသေလိုက် "
ဘုရင် ကျင်းဖန်ဆိုသော ငှက်ကြီးက ပါးစပ်ဟကာ သခင်ကြီးပိုင်အား တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော် ..
လေထဲမှ ခြေသုံးချောင်း မီးဖိုကြီးက အရောင်လက်သွားပြီး ဘုရင်ကျင်းဖန် ချက်ချင်း ဖိနှိပ်ခံလိုက်ရ၏ ။
ငှက်ကြီး၏ ခေါင်းတစ်ခုလုံး မြေပေါ်သို့ ပြားပြားဝပ်သွားသည်။
" ဟား ဟား .. ခုနတုန်းက ငါက ခနလောက် သတိလွတ်သွားလို့ကွ ။ မင်းကို ဒုတိယအကြိမ် တိုက်ခိုက်ဖို့ အခွင့်အရေးပေးမယ် ထင်လို့လား "
သခင်ကြီးပိုင်က လှောင်ပြုံးဖြင့် ပြောလိုက်သည်။
ဘုရင်ကျင်းဖန်၏ နဂို ရွှေရောင်မျက်လုံးများက ဒေါသကြောင့် အနီရောင်သို့ပင် ပြောင်းသွားကြသည်။
ထိုအချိန်တွင် ....
" ဒီငှက်က လေထဲကို လေလုံးကြီး မှုတ်လိုက်တဲ့ကောင်လား "
သခင်ကြီးပိုင် အနောက်ဘက်မှ လောထျန်း၏ အသံ ထွက်ပေါ်လာသည်။
" ဟင် "
ဂိုဏ်းခေါင်းဆောင် ပိုင်နှင့် ဗိုလ်ချုပ် ဝူတို့ နှစ်ယောက်လုံး အံ့အားသင့်သွားကာ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။
လောထျန်းက မြက်ခြောက်ပင်တစ်ပင်ကို လက်ထဲတွင် ကိုင်လျက် ဘုရင်ကျင်းဖန်အား ကြည့်နေ၏။
" ဟင် .. အပြင်လူက ဒီကို ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ ။ မင်းတို့ အပြင်မှာ စောင့်နေတဲ့ အစောင့်တွေက အကုန်လုံး အသုံးမကျကြဘူးလား "
ဂိုဏ်းခေါင်းဆောင် ပိုင် မျက်မှောင်ကြုတ်သွားပြီး သူ့မျက်လုံးထဲ၌ လူသတ်ငွေ့များထွက်လာသည်။
ဗိုလ်ချုပ်ဝူက ဝင်ပြောလိုက်သည်။
" သခင်ကြီး ပိုင် .. နည်းနည်း စိတ်လျှော့ပါဗျာ ။ သူက အခုမှ ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်က ကလေးပဲဟာကို ပေးဝင်လိုက်လို့လဲ ဘာမှ အန္တရာယ်မဖြစ်ပါဘူး "
သူသည် အကြည့်တစ်ချက်ဖြင့်ပင် လောထျန်းက စိတ်စွမ်းအင်များကို ချီပင်လယ်အဖြစ် မစုစည်းနိုင်သေးသည့် ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်၌သာ ရှိသေးသည်ကို သိသွားခဲ့သည်။
ထို့ကြောင့်လည်း သူက လောထျန်းအား စိုးရိမ်စရာ တစ်ခုအဖြစ် မမြင်ခြင်းပင် ။
ဂိုဏ်းခေါင်းဆောင် ပိုင် ၏ မျက်နှာထား အနည်းငယ် ပြေလျော့သွားကာ ခေါင်းညိတ်လိုက်သည်။
" ဗိုလ်ချုပ်ဝူပြောတာ မှန်ပါတယ် "
တစ်ဖက်မှ လောထျန်းက သူတို့နှစ်ယောက်ကို ကြည့်ကာ ထပ်မေးလိုက်ပြန်၏။
" ဒီကောင်က အစောက လေထဲကို လေမှုတ်လိုက်တဲ့ ကောင်လား "
ဗိုလ်ချုပ်ဝူက အပြုံးဖြင့် ဖြေလိုက်သည်။
" ဟုတ်တယ် ၊ အမှန်ပဲ ။ ဘာဖြစ်လို့လဲကွ "
လောထျန်းက သုန်မှုန်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
" ဘာဖြစ်လို့လဲဆိုတော့ ဒီကောင်က ကျုပ်ရဲ့ နဂါးကို လေမှုတ်ပြီး သေအောင်သတ်လိုက်လို့ပဲ ။ အဲ့ဒါ ဘယ်လိုဖြစ်သွားတာလဲဆိုတာ ပြောပြနိုင်မလား ။ ခင်ဗျားက သူ့ သခင်လား "
ဂိုဏ်းခေါင်းဆောင် ပိုင်နှင့် ဗိုလ်ချုပ်ဝူ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တစ်ပြိုင်နက်တည်း အော်ရယ်လိုက်ကြသည်။
" ကျုပ်က ဘာများ ဖြစ်တာပါလိမ့်လို့ တွေးနေတာ ။ လက်စသတ်တော့ ဘုရင်ကျင်းဖန်က စောနက ကျုပ်တို့ကို တိုက်ခိုက်တာမဟုတ်ဘဲ ဒီကောင်လေးရဲ့ နဂါးကို လေမှုတ်လိုက်တာပဲ "
" တကယ့်ကောင်ပဲကွာ "
ထိုနှစ်ယောက်က ခေါင်းယမ်းကာ ရယ်မောနေကြသည်။
လောထျန်းက သူတို့ကို ကြည့်ကာ အေးစက်စက် ထပ်မေးလိုက်သည်။
" ခင်ဗျားတို့က ဘာရယ်နေကြတာလဲ ။ ဒီကောင်ကြီးက ခင်ဗျားတို့ရဲ့ဟာလားလို့ ကျုပ် မေးနေတယ်လေ "
ထိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြန်သည်။ ထို့နောက် ဗိုလ်ချုပ်ဝူက
" ငါတို့ဟာ ဆိုရင်ရော ဘာဖြစ်လို့လဲ ၊ ငါတို့ဟာ မဟုတ်ဘူး ဆိုရင်ရော ဘာဖြစ်မှာလဲ "
ဟု ပြောလိုက်သည်။
ယခုလေးတင် ဘုရင်ကျင်းဖန်က ဖိနှိပ်ခံလိုက်ရသည့်အတွက် ဗိုလ်ချုပ်ဝူ စိတ်ရွှင်နေပြီး လောထျန်းအား စနောက်ချင်နေ၏ ။
ပုံမှန်အခြေအနေသာဆိုလျှင် သူနှင့် သခင်ကြီးပိုင် နှစ်ယောက်လုံးက လောထျန်းအား ချက်ချင်း သတ်မိကြလိမ့်မည်ဖြစ်သည်။
လောထျန်းက အေးစက်စက် ပြန်ပြောလိုက်သည်။
" တကယ်လို့သာ ခင်ဗျားပိုင်တဲ့ဟာဆိုရင် ကျုပ်ရဲ့ နဂါးအတွက် လျော်ကြေး ပြန်ပေးရမယ်။ ခင်ဗျားတို့ဟာ မဟုတ်ဘူး ဆိုရင်တော့ ကျုပ်ရှေ့က ဖယ်လိုက်ပါ ။ ကျုပ် ဒီကောင်ကြီးနဲ့ပဲ စာရင်းဆက်ရှင်းမယ် "
ဂိုဏ်းခေါင်းဆောင် ပိုင်က လောထျန်းအား မျက်လုံးမှေးကြည့်ကာ ပြောလိုက်သည်။
" ကောင်းပြီလေ ၊ ဒီကောင်ကြီးက အခုထိတော့ ငါတို့အပိုင် မဟုတ်သေးဘူးကွ ။ မင်း သူနဲ့ စာရင်းရှင်းချင်တယ်ဆိုရင် ရှင်းပါ "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီ ။ ဒီမီးဖိုကြီး က ကျုပ်ရှေ့မှာ ပိတ်နေတယ် ။ ကျေးဇူးပြုပြီး ဖယ်ပေးပါ ။ မဟုတ်ရင်တော့ ပျက်စီးသွားမှ ကျုပ်ကို အဆိုးမဆိုပါနဲ့ "
ဂိုဏ်းခေါင်းဆောင် ပိုင် ကျယ်လောင်စွာ အော်ရယ်လိုက်သည်။
" ဒါလား .. မင်းမှာ အစွမ်းအစ ရှိတယ်ဆိုရင် ကိုယ်တိုင် ဖယ်လိုက်လေ ။ ပျက်စီးသွားရင်လဲ ငါက အပြစ်မမြင်ပါဘူးကွာ "
ဂိုဏ်းခေါင်းဆောင်ပိုင်က လောထျန်းအား ရယ်စရာတစ်ခုအဖြစ်သာ မြင်နေ၏ ။
ထို ခြေသုံးချောင်း မီးဖိုကြီးသည် အဆင့်ငါး မှော်လက်နက်တစ်ခုဖြစ်ပြီး အစွမ်းထက်လှ၏ ။
ထိုပစ္စည်းကြောင့်သာ ဘုရင်ကျင်းဖန်က သူတို့အား ပြန်ရှန်မရှာနိုင်ခြင်းပင် ။
၎င်း မီးဖိုကြီး မှ ထွက်နေသည့် ဖိအားမှာ အားပြင်းလွန်းသည့်အတွက် ငှက်ကြီးမဆိုထားဘိ ၊ ဂိုဏ်းခေါင်းဆောင် ပိုင် နှင့် ဗိုလ်ချုပ်တို့ နှစ်ဦးပင် ကြောက်ရွံ့ခဲ့ကြရသည်။
သို့ဖြစ်ရာ ကိုယ်ခန္ဓာသန့်စင်ခြင်း အဆင့်တွင်သာ ရှိသေးသည့် လောထျန်းက ၎င်းကို ပျက်စီးအောင်လုပ်မည်ဟု ဆိုနေခြင်းသည် ရယ်စရာကောင်းလှပေသည်။
၎င်းအား ထိမိရုံဖြင့်ပင် အသက်ဆုံးသွားနိုင်သည်ကို ထိုလူငယ်လေး မသိလေရော့သလား "
" ကောင်းပြီ ၊ ခင်ဗျားကိုယ်တိုင် ပြောတာနော် "
လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် ဘုရင်ကျင်းဖန်ဆီသို့ လျှောက်သွားလိုက်သည်။
" ဟား ဟား .. သခင်ကြီး ပိုင် ၊ ခင်ဗျားက တော်တော်ဆိုးတာပဲဗျာ "
ဗိုလ်ချုပ်ဝူက အပြုံးဖြင့် ဆိုသည်။
သခင်ကြီးပိုင်က သူ့မုတ်ဆိတ်ကို သပ်ကာ
" ကျုပ်တို့ ဒီမှာပဲ အချိန်ကုန်နေတာ ရက်တွေကြာသွားပြီဆိုတော့ ပျင်းစရာကောင်းတယ်လေ။ ခုလို သူ့အစွမ်းသူ ဘယ်လောက်ရှိပြီး ဘယ်အချိန်မှာ ရပ်ရမယ်ဆိုတာ မသိတဲ့ ကောင်လေးတစ်ယောက်က သူ့ကိုယ်သူ သတ်သေတာကို ကြည့်ရမှာ စိတ်ဝင်စားစရာ မကောင်းဘူးလား "
ဟု ပြောလိုက်သည်။
ဗိုလ်ချုပ်ဝူ ပြုံး၍ ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်ဗျ .. တကယ် စိတ်ဝင်စားစရာ ကောင်းတယ်။ ဒီကောင်လေးက တော်တော် နုံအတာပဲ "
သူတို့နှစ်ယောက် ထိုသို့ ရယ်မောနေစဥ်မှာပင် လောထျန်းက ဘုရင်ကျင်းဖန်ရှေ့သို့ ရောက်သွားသည်။
" လူသားကောင်လေး "
ဘုရင်ကျင်းဖန်၏ ခေါင်းမှာ မြေပေါ်တွင် ဖိနှိပ်ခံထားရသည့်အတွက် မျက်လုံးတစ်လုံးတည်းဖြင့်သာ လောထျန်းအား မြင်နေနိုင်၏ ။
လောထျန်းက သူ့အား ကြည့်ပင်မကြည့်ဘဲ သူ့ကိုယ်ပေါ်သို့ တက်ကာ ဧရာမ မီးဖိုကြီးဆီသို့ လျှောက်သွားလိုက်သည်။
" မင်းတော့လား .. "
ဘုရင် ကျင်းဖန် ဒေါသထွက်သွားသည်။ သို့သော် မီးဖိုကြီးက သူ့အား ဖိနှိပ်ထားသဖြင့် သူ နေရာရွှေ့၍ မရပါချေ။
" ဟား ဟား .. ဟိုမှာ ကြည့်လိုက်ဦး ၊ စိတ်ဝင်စားစရာကောင်းတဲ့ မြင်ကွင်း မြင်ရတော့မယ် "
ဂိုဏ်းခေါင်းဆောင် ပိုင်က လောထျန်းကို ကြည့်ကာ အပြုံးဖြင့် ဆိုလိုက်သည်။
လောထျန်းသည် မီးဖိုကြီးကို ထိလိုက်သည်နှင့် တစ်ကိုယ်လုံး ညက်ညက်ကျေကာ အမှုန့်ဖြစ်သွားလိမ့်မည်ဟုသာ သူ တွေးထားခဲ့၏ ။
သို့သော် .......
ဘုန်း ..
လောထျန်းက ခြေသုံးချောင်း မီးဖို၏ အချောင်းတစ်ခုကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ကြမ်းကြမ်း လွှင့်ပစ်လိုက်သည်။
ဝှစ် .. ဘုန်း ....
သူက ဧရာမ ခြေသုံးချောင်းမီးဖိုအား အမှန်တကယ်ပင် လွှင့်ပစ်လိုက်ပြီး ၎င်းက အနောက်ဘက်ရှိ ကျောက်ဆောင်ပေါ်သို့ ကျကာ ကျိုးကြေသွားတော့သည်။
" ဟာ .. "
ထိုမြင်ကွင်းကြောင့် အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ထုံရွှယ်အဆင့် နတ်သားရဲတစ်ကောင်ကိုပင် ဖိနှိပ်နိုင်ခဲ့သည့် ခြေသုံးချောင်းမီးဖိုကြီးက အမှိုက်တစ်ခုကဲ့သို့ လွှင့်ပစ်ခံလိုက်ရသည်လား .. ။
" ကျုပ် .. အိမ်မက် မက်နေတာများလား "
ဂိုဏ်းခေါင်းဆောင် ပိုင် အံ့သြတကြီး ရေရွတ်လိုက်သည်။
" ဟာ .. မဖြစ်ဘူး .. ဘုရင်ကျင်းဖန် "
ဗိုလ်ချုပ်ဝူ ပထမဆုံး အသိဝင်သွားသည်။
ဝုန်း ...
ထိုအချိန်တွင် တောင်ကြားအောက်ခြေမှ ကြောက်မက်ဖွယ် ဖိအားတစ်ခု မြင့်တက်လာသည်။
ချွင် .. ကလောင် ..
ဘုရင်ကျင်းဖန် အား ချုပ်နှောင်ထားသည့် သံကြိုးများ ချက်ချင်း ပြတ်ထွက်သွား၏ ။
" သားရဲတစ်ရာဂိုဏ်းနဲ့ ရှန်းဝူနန်းတော်က လူတွေ ၊ သေဖို့သာ ပြင်ထား "
ဘုရင်ကျင်းဖန်က တောင်ပံများကို ဖြန့်ကာ မြေပြင်မှ ပျံတက်လိုက်သည်။
" ဟာ ..မဖြစ်ဘူး .. ဒီကောင် "
သခင်ကြီး ပိုင် နှင့် ဗိုလ်ချုပ်ဝူ တို့ နှစ်ဦးလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဘုရင်ကျင်းဖန်၏ အစွမ်းက အလွန်ကြောက်မက်ဖွယ် ကောင်းလှပေသည် ။
ယခင်က သူတို့ ဘုရင်ကျင်းဖန်အား ချုပ်နှောင်နိုင်ခဲ့ခြင်းမှာ လှည့်ကွက်များသုံး၍ ဧရာမခြေသုံးချောင်းမီးဖိုကဲ့သို့ မှော်ပစ္စည်းများ၏ အကူညီကို ယူခဲ့ခြင်းကြောင့်ဖြစ်သည်။
ယခုတွင်မူ ဧရာမခြေသုံးချောင်းမီးဖိုက ပျက်စီးသွားပြီဖြစ်ရာ ထိုသားရဲအား မည်သို့ ဆက်ထိန်းချုပ်နိုင်ပါတော့မည်နည်း။
" သေကြစမ်းကွာ "
ဘုရင်ကျင်းဖန်က တောင်ပံများ ခတ်လိုက်ရာ လေပြင်းများ ချက်ချင်း တိုက်ခတ်လာ၏ ။
တစ်ခဏအတွင်းမှာပင် အစောက စိတ်ဝိဥာဥ်သုတ်သင်ခြင်း မန္တန်ကို ရွတ်ဖတ်နေခဲ့ကြသည့် သားရဲတစ်ရာဂိုဏ်းမှ တပည့်များအားလုံး နောက်သို့ လွင့်ထွက်သွားကြတော့သည်။
ထို့နောက် ဘုရင်ကျင်းဖန်က သခင်ကြီး ပိုင်နှင့် ဗိုလ်ချုပ်ဝူထံသို့ တောင်ပံတဖျတ်ဖျတ်ခတ်ကာ ရောက်လာ၏ ။
" သွားသေစမ်းကွာ "
ဗိုလ်ချုပ်ဝူက ကျယ်လောင်စွာ အော်ကာ လက်ဝါးဖြင့် သူ့အား ရိုက်ချလိုက်သည်။
ထိုလက်ဖဝါးမှ ထွက်လာသည့် လေက လှိုင်းလုံးကြီးတစ်ခု အလား ကြီးမားလာပြီး ကောင်းကင်ယံတစ်ခွင်လုံး ဖုန်မှုန့်များ လိပ်တက်သွားသည်။
သို့သော် ဘုရင်ကျင်းဖန်၏ ကြီးမားသော လက်သည်းချွန်များက လေထုကို ခွင်း၍ ဗိုလ်ချုပ်ဝူဆီသို့ တည့်တည့်တိုးဝင်လာ၏ ။
ထို့နောက် ငှက်ကြီးက လက်သည်းများကို ပြန်သိမ်းလိုက်သောအခါ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသည့် ဗိုလ်ချုပ်ဝူကို တွေ့လိုက်ရတော့သည်။ သူကား နေရာတွင်ပင် သေဆုံးသွားခဲ့လေပြီ ။
ဝှစ် ..
အခြေအနေမဟန်သည်ကို သိသွားသော သခင်ကြီးပိုင်က ချက်ချင်း နောက်လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။
ဤတစ်ကြိမ်တွင် သူတို့ လုံးဝ ရှုံးနိမ့်သွားခဲ့ပြီကို သူ သိပေသည်။
သို့သော် မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ဖြစ်သွားခဲ့ရသည်ကိုမူ သူ နားမလည်နိုင်သေးပါ ။
လောထျန်းက ခြေသုံးချောင်းမီးဖိုအား အဘယ့်ကြောင့် ဤမျှ အလွယ်တကူ လွှင့်ပစ်နိုင်ခဲ့ရသနည်း။
" ဝေါင်း .. "
ထိုစဥ် သူ့အနောက်ဘက်မှ ဘုရင်ကျင်းဖန်၏ အော်သံကို ကြလိုက်ရသည်။
ထိုအော်သံက အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားပြီး သူ့ဆီသို့ မိုးကြိုးတစ်ခုပမာ ရောက်လာ၏။
ဘုန်း ....
သခင်ကြီးပိုင်မှာ အော်သံကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ရလေပြီ ။