သူမတူသော ပြိုင်ပွဲဝင်
Vol. 46 Ch. 689
“ဖြောင်း ဖြောင်း ဖြောင်း”
လက်ခုပ်တီးသံက အချိန်အတော်ကြာသည်အထိ ကြားနေရသည်။ ပရိသတ်များက သူတို့၏ ချီးကျူးမှုကို မရပ်နိုင်ကြချေ။
လော့စီစီ၏ စကားက မှန်ပေသည်။ ယင်းက နတ်တေးသံပင်။ ယခုအချိန်မှာတောင်မှ သူတို့သည် သူတို့နား နားကပ်၍ ကြားနေရသည်ဟု ခံစားနေရဆဲပင်။
တုန်းချိုးသည် မနေနိုင်တော့ဘဲ မိုက်ခ်ကိုကောက်ကိုင်၍ ပြုံးကာ ပြောလိုက်သည်။
“အဲ့ဒီမျက်နှာဖုံးအောက်က ဘယ်သူလဲဆိုတာကို ငါ တကယ် သိချင်နေပြီ”
“ငါရောပဲ”
စူပါစတားလျှိုကလည်း ဝင်ပြောလာသည်။
ပရိသတ်ထဲမှ တစ်ယောက်က ထအော်၏လာ၏။
“အဲ့မျက်နှာဖုံးကို ချွတ်လိုက်ပါဗျို့”
ချက်ချင်းဆိုသလိုပင် လူအများက လိုက်အော်ကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှုတွင်လည်း “အဲ့ဒီမျက်နှာဖုံးကို ချွတ်လိုက်” ဟူသည့် မှတ်ချက်များနှင့် ပြည့်နှက်နေပြီး အားလုံးက ရဲ့လင်းချန်ကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။
ရဲ့လင်းချန် အသံပင် ထွက်စရာမလိုဘဲ လော့စီစီက သူ့ကို ကူညီ၍ အခြေအနေကို ဝင်ထိန်းပေးလာသည်။
“မျက်နှာဖုံးက Masked Singers ရဲ့ အဓိက အချက်ပါ၊ ရှင်တို့ စိတ်ဝင်စားတယ်ဆိုရင် မျက်နှာဖုံးအောက်က လူကို ခန့်မှန်းကြပါနော်၊ ကျွန်မတို့က ဘယ်သူလဲဆိုတာကို ပြောလိုက်ရင် ပျော်စရာ မကောင်းတော့ဘူးလေ”
ထိုစကားက ပရိသတ်အား ငြိမ်ကျသွားစေပြီး အချို့ဆိုလျင် သူတို့၏ အတွေးကို ထုတ်ပြောလာကြသည်။
[အဲ့ဒီ အသံနဲ့ ခံစားချက်၊ ဒါ စူပါစတားလျှို ဖြစ်မယ်လို့ ငါ ထင်တယ်]
[အပေါ်ကလူ၊ မင်း ရူးနေလား၊ စူပါစတားလျှိုက ဒိုင်လူကြီးခုံမှာ ငုတ်တုပ်ကြီး ထိုင်နေတယ်လေ]
[မင်း ဘာသိလို့လဲကွ၊ ဖြစ်နိုင်ချေ အနည်းဆုံးအရာက ဖြစ်နိုင်ချေ အရှိဆုံး ဖြစ်သွားတတ်တယ်ကွ၊ စင်ပေါ်မှာ ထိုင်နေတဲ့သူက အတုလဲ ဖြစ်နိုင်တာပဲ]
[ရုပ်သံဇာတ်လမ်းတွဲတောင်မှ ဒီလိုလှည့်ကွက်မျိုး မလုပ်ရဲလောက်ဘူး]
…
“အခု အဘိုးအို အချောလေးကို စင်ပေါ် ဖိတ်ခေါ်ပါတယ်”
လော့စီစီက အစီအစဉ်ကို ရှေ့ဆက်လေသည်။
“အားလုံးပဲ၊ တိုက်ရိုက် ထုတ်လွှင့်မှုကနေ မဲပေးလို့ ရပါတယ်၊ ပရိသတ်အားလုံးနဲ့ ကျွန်မတို့ရဲ့ အထူး ဧည့်သည်တော်တွေက အရင်က မဲတွေကို လှည့်လို့လဲ ရပါတယ်၊ ရှင်တို့ရဲ့ မဲက ဒုတိယအဆင့်ကို တက်သွားမယ့်သူကို ဆုံးဖြတ်မှာပါ”
အဘိုးအိုအချောလေးက မျက်နှာဖုံးကို တပ်ထားလေသည်။
“အမှန်အတိုင်း ပြောရရင် ငါ့ပြိုင်ဘက်က သိပ်အားကောင်းလွန်းနေတော့ ငါ စင်ပေါ်ကို ပြန်တက်လာချင်စိတ် မရှိတော့ဘူး၊ ငါက ဘေးလူ သက်သက်ပါပဲ”
ခပ်နောက်နောက် စကားက ပရိသတ်များကို ပွဲကျသွားစေသည်။
“တွေ့ရတာ ဝမ်းသာပါတယ်၊ ရှေ့မျိုးဆက်က လူငယ်မျိုးဆက်တွေရဲ့ လွှမ်းမိုးတာကို ခံရဖို့ ကံပါပြီးသားပါ၊ မင်းက တကယ်ကို ထူးချွန်ပါတယ်”
အဘိုးအို အချောလေးက စိတ်ရင်းအတိုင်း ကြည့်၍ လက်ဆွဲနှုတ်ဆက်ရန် လက်ဆန့်လိုက်သည်။
“ကျွန်တော်လဲ တွေ့ရတာ ဝမ်းသာပါတယ်၊ ဆရာက မြှောက်လွန်းနေပါပြီ”
ရဲ့လင်းချန် ပြန်လည်၍ လက်ဆွဲနှုတ်ဆက်လိုက်သည်။
ဤပုဂ္ဂိုလ်သည် စီနီယာဆိုပြီး မာန်တက်ချင်း မရှိသလို အပြုအမူကောင်းများ ရှိသည်။ အဘိုးအို အချောလေး ဟူသည့် အမည်ဝှက်ကို ပေးရဲမှာ အံ့ဩစရာ မရှိတော့ပေ။
ထိုစဉ် သူတို့အနောက်ဘက်ရှိ ဖန်သားပြင်ပေါ်မှ မဲအရေအတွက်သည် သိသိသာသာ စတင် ပြောင်းလဲလာသည်။
[ငါ ဘယ်သူ့ကို မဲပေးသင့်လဲ၊ သူတို့နှစ်ယောက်လုံးက တော်နေတယ်]
[စူပါမန်းပဲပေါ့ဟ၊ သူ့သီချင်းက သိပ်ကောင်းလွန်းနေတာ]
[အဘိုးအို အချောလေးလဲ မဆိုးပါဘူး၊ သူ့မဲအရေအတွက်က အရမ်း တစ်ဖက်သတ် ဆန်လွန်းတယ်၊ ငါတို့ သူ့ကို ဆိုးဆိုးရွားရွားကြီး ရှုံးခိုင်းလို့မဖြစ်ဘူး]
[ဟုတ်တယ်]
[ဟူး …. ဒါ အရမ်း ခက်တာပဲ၊ သူတို့ထဲက တစ်ယောက်ကို ဖြုတ်ရမှာက နှမြောစရာပဲ]
…
နောက်ဆုံးတွင် မဲပေးခြင်း ပြီးဆုံးသွားလေသည်။
[စူပါမန်းက ၆၅%၊ အဘိုးအိုအချောလေးက ၃၅%]
ကွာခြားမှုက ကြီးမားလွန်းသည်။
သို့သော် အဘိုးအို အချောလေး ပြန်လှည့်လာသောအခါ ပြုံးနေလေသည်။
“ဒါက ငါ ထင်ထားတာထက် အများကြီး သာပါတယ်၊ ငါ မဲတစ်ခုမှ မရဘူးလို့ ထင်ထားခဲ့တာ၊ အနည်းဆုံးတော့ အရမ်းကြီး မရှုံးဘူးပဲ”
“အဘိုးအို အချောလေး၊ ရှင် စင်ပေါ်က မဆင်းခင် ပရိသတ်တွေကို ရှင် ဘယ်သူလဲဆိုတာ ပြောပြခဲ့ချင်လား”
လော့စီစီက ပြုံး၍ မေးလိုက်သည်။
Masked Singers သည် ပါဝင်သူများကို မျက်နှာဖုံးချွတ်ပြရန် ဖိအားမပေးသည့် စည်းမျဉ်းထုတ်ထားခဲ့သည်။ သို့သော် ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲမှ အထုတ်ခံရသည်နှင့် စင်ပေါ်မှာ ဆက်နေခွင့် ဆုံးရှုံးပေလိမ့်မည်။ ထို့ကြောင့် သူတို့ ဆန္ဒရှိလျင် သူတို့မျက်နှာကို ပြသရန် ရွေးချယ်နိုင်ပေသည်။
တစ်ခဏမျှ စဉ်းစားပြီးနောက် အဘိုးအိုအချောလေးက ညာလက်ဖြင့် မျက်နှာဖုံးကို ကိုင်လိုက်သည်။ အခြေအနေက လေးနက်သွားပြီး အားလုံးက သူ့ကို အာရုံစူးစိုက်၍ ကြည့်လာကြသည်။
တစ်ခဏအကြာ၌ မျက်နှာဖုံး ကျွတ်သွားလေသည်။
“ဝိုး … ဆရာလောပဲ”
“ဟားဟားဟား … ငါ သိနေတယ်၊ ဒီလို မရှက်တတ်တဲ့သူက လူအိုကြီးလောပဲ ဖြစ်ရမယ်လေ”
“ဆရာလောက တော်တော် အရည်အချင်း ရှိတာပဲ၊ ဒီအသံက တော်တော်လေး ပြောင်းသွားလို့ ငါ သူ့ကို မမှတ်မိဘူး ဖြစ်သွားတယ်”
“မင်း တကယ်ကို မင်းကိုယ်မင်း ကောင်းကောင်း ဖုံးထားနိုင်ခဲ့တာပဲ”
“ဆရာလောရဲ့ သီချင်းတွေကို နားထောင်ပြီး ငါ ကြီးလာခဲ့တာ၊ အချိန်တွေတောင် တော်တော် ကြာကုန်ပြီ၊ ဆရာလောက အခု အသက် ကြီးလာပြီပဲ”
ချက်ချင်းဆိုသလိုပင် ခန်းမက ဆူညံ၍ အသက်ဝင်လာသည်။
ဆရာလောက ပရိသတ်များကို ပြုံး၍ လက်ပြနှုတ်ဆက်လေသည်။ သို့သော် သူ ဦးညွှတ်လိုက်သည့်အချိန်တိုင်း သူ့မျက်လုံးတွင် မျက်ရည်များ ဝဲတက်နေ၏။
တစ်ခဏမျှ နှုတ်ဆက်ပြီးနောက် ရဲ့လင်းချန် စင်နောက်သို့ ပြန်ဝင်လာခဲ့သည်။
ဆုမိုသည် ပျော်မြူးပြီး ကခုန်နေလေသည်။
“သူ နိုင်သွားပြီ၊ သူ တကယ် နိုင်သွားပြီပဲ”
“ဝိုး … မစ္စတာ စူပါမန်း၊ ရှင်က သေချာပေါက် နာမည်ကြီးတဲ့သူပဲ ဟုတ်တယ်မလား၊ အဲ့သီချင်းက ကောင်းလွန်းတယ်၊ ကျွန်မ ရှင့်လက်မှတ်လေး ရနိုင်မလား”
ဆုမိုက သူ့ထံ စိတ်လှုပ်ရှားစွာ ပြေးလာသည်။ ထိုသို့သော အကျော်အမော် အဆိုတော်၏ တာဝန်ခံ ဖြစ်ရလိမ့်မည်ဟု သူမ တစ်ခါမှ ထင်မထားမိပေ။ ကံကောင်းလွန်းခဲ့သည်။
ရဲ့လင်းချန်သည် ဘောပင်နှင့် စာရွက်ကို ယူပြီး စိတ်လှုပ်ရှားနေသော ဆုမိုရှေ့၌ စူပါမန်းဟု လက်မှတ် ထိုးပေးလိုက်သည်။ ဆုမို ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။
နားနေခန်း၌ ရဲ့လင်းချန်သည် တီဗွီရှေ့၌ ထိုင်ကာ ဒုတိယပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်နေလိုက်သည်။
ဆုမိုက ပြောလာသည်။
“ကျွန်မတို့ ပထမပိုင်းကို အောင်အောင် လုပ်နိုင်ခဲ့ပြီ”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
ဆုမိုက သူမ၏ အချိန်ဇယားကို စီမံပြီး ပြောလာသည်။
“ဒီနေ့ရဲ့ ပြိုင်ပွဲက မဲတွေအများကြီး နှိုက်ရပြီးတော့ ဆက်သွားမှာ၊ ဒါက ဒုတိယပိုင်းကို တက်နိုင်မယ့် အနိုင်ရသူ လေးယောက်ကို ဆုံးဖြတ်ပေးလိမ့်မယ်၊ ဒီည နားပြီးရင် မနက်ဖြန် ပြိုင်ပွဲရဲ့ ဒုတိယပိုင်းကို ရှင် စရိုက်ကူးရလိမ့်မယ်၊ ကြိုးစားထား”
ထိုစဉ် သူမ၏ နားကြပ်က အသံမြည်လာပြီး သူမ တအံ့တဩ ပြောလိုက်မိသည်။
“ဒုတိယပွဲက စနေပြီ၊ အဲ့ဒါ ယုဟွေနဲ့ လန်ထောင်ပဲ”
ထိုစဉ် ယုဟွေသည် တီဗွီဖန်သားပြင်၌ ပေါ်လာသည်။ လော့စီစီက သူ့အား စင်ပေါ် ကူညီ၍ လမ်းပြပေးနေသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးထားသော်လည်း သူ၏ လှုပ်ရှားမှုများမှ ငယ်ရွယ်နုပျိုမှု ကင်းမဲ့နေသည်ကို ခံစားမိသည်။
*ရှေ့မျိုးဆက်က နောက်အဆိုတော်တစ်ယောက်လား*
ရဲ့လင်းချန် တီဗွီကို ဆက်ကြည့်နေသည်။ သူသည် ရှေ့မျိုးဆက် အဆိုတော် အများစုကို လေးစားသည်။ ထိုအချိန်က အခြေအနေများသည် လက်ရှိသည် ပို၍ ကြမ်းတမ်း ခက်ခဲသော်လည်း သူတို့သည် ရှင်သန်နိုင်ခဲ့ပြီး မရေတွက်နိုင်သော ဂန္တဝင်လက်ရာများကို ထုတ်ပေးနိုင်ခဲ့သည်။ ၎င်းတစ်ခုတည်းကပင် ရှေ့မျိုးဆက်များ၏ အင်အားကို သက်သေပြရန် လုံလောက်နေလေပြီ။ နောက်မျိုးဆက်များသည် ရှေ့မျိုးဆက်များ၏ အသီးအပွင့်ကို စားသုံးနိုင်ပေမည်။ အနုပညာလောက ကြီးထွားရှင်သန်လာမှုက သူတို့နှင့် အရာအားလုံး ပတ်သက်နေသည်။
ထို့အပြင် အဘိုးအို အချောလေးကို ကြည့်ခြင်းအားဖြင့် ရှေ့မျိုးဆက် အနုပညာရှင်များတွင် ကောင်းမွန်လွန်းသည့် ကိုယ်ရည်ကိုယ်သွေး ရှိသည်မှာ သိသာလှသည်။
“ပန်းတစ်ပွင့်ရဲ့ နှလုံးသားက သူ့ရဲ့ ဝတ်ဆံထဲမှာ ပုန်းကွယ်နေတယ်,
“ပန်းပွင့်တဲ့ရာသီကို လွမ်းမောမိတယ်,
“မင်းရဲ့နှလုံးသားက ရာသီကို မေ့လျော့နေပြီ,
“ဘယ်တော့မှ လွယ်လွယ်လေး နားလည်မပေးပါနဲ့ …”
အနည်းငယ် ပြာနေသော အသံက အလွန် အားကောင်းသော အသံထိန်းချုပ်မှုနှင့်အတူ ထွက်ပေါ်လာသည်။ နောက်ထပ် အရည်အချင်းရှိသော အဆိုတော်တစ်ဦးပင်။
Masked Singers နှင့် China’s Top Voice ကို နှိုင်းယှဉ်ရမည်ဆိုပါက ၎င်းတွင် ပို၍ အားသာချက် ရှိသည်။ အဘယ်ကြောင့်ဆိုသော် Masked Singers တွင် ပါဝင်သည့်သူများသည် အတွေ့အကြုံရှိသော အဆိုတော်များ ဖြစ်ပြီး သူတို့၏ အသံအားက သိသာသည်။ ၎င်းတို့၏ မြင့်မားသော အခြေခံ အဆင့်အတန်းများကြောင့် စိတ်လှုပ်ရှားမှုက ပို၍ ကြီးမားလာသည်။
ထိုသီချင်းသည် သီချင်းဟောင်းတစ်ပုဒ် ဖြစ်သည်။ ထိုသီချင်းကို ယခု ကြားရသောအခါ အလွန် မတူညီသော ခံစားချက်တစ်ခုကို ယူဆောင်ပေးလာသည်။
ပရိသတ်များသည် စည်းချက်နှင့်အတူ လက်ခုပ်လိုက်တီးနေပြီး စိတ်အားထက်သန်စွာ အားပေးနေကြသည်။
ယုဟွေ သီဆိုပြီးနောက် လန်ထောင် စင်ပေါ်တက်ရမည့် အလှည့်သို့ ရောက်လာသည်။
“ဝုန်း ဝုန်း”
အဘိုးအို အချောလေးနှင့် မတူဘဲ လန်ထောင်၏ လှုပ်ရှားမှုများက ပို၍ တက်ကြွသည်။ သူ၏ ခန္ဓာကိုယ်က ခုန်ပေါက်နေပြီး အားမာန်အပြည့်နှင့် အော်ကာ စင်ပေါ်၌ ဟစ်ဟော့အကကို ကနေသည်။
“အားလုံး လိုက်ဆိုပါဦး”
သီချင်းသံက အလွန် ကျယ်ပြီး လန်ထောင်၏အသံကလည်း ကျယ်လောင်သည်။ မသိလျင် အဆုတ်ကွဲမတတ် အော်နေသလိုပင်။
“Oh, Leo! Come on baby!”
စတိတ်စင်မီးများက သူ့အနား၌ ဝဲနေသည်။ မကြာခင်မှာပင် လန်ထောင်က ကြမ်းပြင်ပေါ်၌ လှိမ့်လိုက်ပြီး ရုတ်တရက် ပြန်ထကာ ကင်မရာနှင့် ပရိသတ်အား လက်ခလယ် ထောင်ပြလေသည်။ သူသည် ရိုင်းစိုင်း၍ နမော်နမဲ့ နိုင်ပုံ ပေါ်သည်။
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။
*သူ ဘာကို ဆိုနေတာလဲ, သူ စင်ပေါ်ကို ဘယ်လိုလုပ် အဲ့လို တက်နိုင်တာလဲ*
အသံအားတွင် သူ ဘာနည်းစနစ်ကိုမှ မကြားရပေ။ အော်သံများသာ ကြားနေရပြီး တွန့်လိမ်ကောက်ကွေးသော အကများသာ ရှိပြီး ဝက်ရူးပြန်ရောဂါ ခံစားနေရသည့်လူနှင့်ပင် တူနေသည်။ အထူးသဖြင့် ထိုသူသည် အလွန် မောက်မာပြီး တစ်လောကလုံးက သူ့လက်အောက်၌ ရှိသကဲ့သို့ ပြုမူနေ၏။
သို့သော် တစ်ခဏအတွင်းမှာပင် သူ့မျက်ခုံးများ လှုပ်သွားရသည်။
ပရိသတ်အများစုက စိတ်လှုပ်ရှားစွာ တကယ် ထရပ်ပြီး လိုက်ပါ အော်ဟစ်နေသည်ကို သူ တွေ့လိုက်ရပြီး အသံက စင်နောက်သို့ပင် ပျံ့လွင့်လာသည်။
“အား …. ဒါ ထောင်ထောင်ပဲ”
“လန်ထောင်က ထောင်ထောင်ပဲ၊ ကျွန်မ ရှင့်ကို ချစ်တယ်”
“သူက သောက်ရမ်း မိုက်တယ်၊ လန်းတယ်ကွာ”
“လက်ခလယ်ထောင်ပြီး ကတာ၊ ဒါ သေချာပေါက် ထောင်ထောင်ပဲ၊ ဒါ ငါ့မင်းသားလေးရဲ့ ထူးခြားမှုပဲ၊ အဟင့်ဟင့် … ငါ မျက်ရည်တောင် ဝဲလာပြီ”