နောက်ငပျော့ကောင်
Vol. 46 Ch. 690
လူအုပ်ကြီးက စိတ်လှုပ်ရှားမှုနှင့် ဆူညံနေပြီး တိုက်ရိုက် ထုတ်လွှင့်မှုတွင်လည်း ဆူဆူညံညံ ဖြစ်နေသည်။
[အား …. ထောင်ထောင်ရေ၊ ကျွန်မ ရှင့်ကို ချစ်တယ်]
[ငါ့ထောင်ထောင်က အကောင်းဆုံး ဖြစ်နေတုန်းပဲ၊ အဆို၊ အက၊ ရက်ပ်၊ သူက အကုန်လုံး တော်နေတာ]
[ငါ့ထောင်ထောင်က အဆိုတော်တွေရဲ့ ဘုရင်ပဲ၊ ကျွန်မ ရှင့်ကို အဆုံးထိ ချစ်တယ်နော်]
[ထောင်ထောင်အတွက် မြန်မြန် မဲပေးကြ၊ သူက Masked Singers မှာ တကယ် ပါလာတာပဲ၊ အံ့ဩစရာပဲ]
[ငါ သူ့အတွက် Weibo မှာ campaign ထောင်လိုက်မယ်]
ကျန်းထောင်၏ ပရိသတ်များက QQ စကားပြောခန်း၊ WeChat Moments, Weibo အစရှိသည့် အဓိက မီဒီယာ ပလက်ဖောင်းများ၌ လျင်မြန်စွာ ပေါ်လာကြသည်။ တိုက်ရိုက် ထုတ်လွှင့်မှု၌ ပြတ်သားသော အမြင်ရှိသည့်သူ များစွာရှိပြီး သူတို့က ချက်ချင်း ပြန်ပြောကြလေသည်။
[သောက်ကျိုးနည်း ဘယ်လိုတွေ ဆိုနေတာလဲ၊ မင်းတို့ နားတွေ ကောင်းရောကောင်းရဲ့လား]
[ကျန်းထောင်က ဘာလို့ ဒီမှာ လာဆိုနေတာလဲ၊ ဒါ ဟာသလား]
[ငပျော့ကောင်တွေက တကယ်ကို ပြဿနာအိုးတွေပဲ]
[အပေါ်ကလူတွေ မနာလိုဖြစ်နေတာပဲ]
[မနာလို ဖြစ်နေတာပဲ၊ နင်တို့က ငါတို့ ထောင်ထောင်ကို မနာလို ဖြစ်နေတာပဲ၊ အမှိုက်တွေ]
[ငါ့ထောင်ထောင်ရဲ့ပါရမီကို နင်တို့ နားလည်မယ်လို့ မထင်ဘူး၊ မကြိုက်ရင် ထွက်သွားလိုက်စမ်းပါ]
…
နားနေခန်း၌ ဆုမိုသည် တီဗွီကို ကြည့်ပြီး မကျေမနပ် ပြောနေသည်။
“ဒါက ဘာလဲ၊ ဒါကြီးက လွန်လွန်းပါတယ္၊ ဒါ သူ ဘယ်သူလဲဆိုတာကို တမင် ဖော်နေတာပဲ”
Masked Singers မှ ပြိုင်ပွဲဝင်များသည် သူတို့၏ အပြုအမူများကို သတိထားသင့်ပြီး လုပ်နေကြ အပြုအမူများကို ထိန်းသင့်ပေသည်။ တစ်ချို့ဆိုလျင် အသံတုကိုတောင်မှ သုံးကြသည်။ သို့သော် ကျန်းထောင်သည် စင်ပေါ်၌ သူ့ကိုယ်သူ တမင် ဖော်ထုတ်နေခဲ့သည်။ သူ၏ လုပ်နေကြ လှုပ်ရှားမှုများနှင့် အသံကိုပင် ဂရုမစိုက်ဘဲ လူတိုင်း၏ ရှေ့၌ သူတို့ သိလာအောင် အစွမ်းကုန် ထုတ်ဖော်နေခဲ့သည်။
အမှန်အတိုင်း ပြောရမည်ဆိုလျင် အရင် သီချင်းများ၏ ဖျော်ဖြေမှုအရဆိုလျင် သူ့ကိုယ်သူ ဖော်မထုတ်ပါက အပြင်းအထန် ဝေဖန်မှုနှင့် ကြုံတွေ့ရမည် ဖြစ်သည်။
*သူ ဘာတွေဆိုနေတာပါလိမ့်*
ရဲ့လင်းချန်သည် တည်ငြိမ်စွာ ခေါင်းခါ၍ မေးလိုက်သည်။
“မင်းက ဒီငပျော့ကောင်ရဲ့ ပရိသတ် မဟုတ်ဘူးလား”
“ကျစ် …. ကျွန်မ ရူးနေမှပဲ သူ့ကို ကြိုက်မိလိမ့်မယ်”
ဆုမို နှုတ်ခမ်းဆူသွားသည်။
“ကျွန်မက တကယ် အရည်အချင်းရှိပြီး ကြိုးစားတဲ့သူတွေကို လေးစားတယ်၊ ဒါပေမဲ့ ဒီလို ငပျော့ကောင်တွေ ရှိနေတာက အခြေအနေကို ဖျက်ဆီးနေတာပဲ”
“အဲ့ဒီ ယုဟွေက အဖြုတ်ခံရမယ့်သူ ဖြစ်ဖို့များတယ်”
ရဲ့လင်းချန် ပြောလိုက်သည်။
“အဲ့လို မဖြစ်နိုင်ပါဘူး၊ အရည်အချင်းက ပိုအရေးကြီးတာလေ”
ဆုမိုက နှုတ်ခမ်းဆူကာ မကျေမနပ် ပြောလာသည်။
တီဗွီဲတွင် ကျန်းထောင်သည် သီချင်းဆို၍ ပြီးသွားလေပြီ။ သို့သော် သူက မျက်နှာဖုံးကို ချွတ်လိုက်သဖြင့် နူးညံ့ဖြူဝင်းသော မျက်နှာ ပေါ်လာသည်။ ခန်းမထဲမှ အခြေအနေက ပို၍ ဆူညံလာသည်။
“ငါ့ကိုယ်ငါ ဒီလောက် မြန်မြန် ဖော်ထုတ်ဖို့ မစဉ်းစားထားပါဘူး၊ ငါ့ကို မြန်မြန်ပဲ သိသွားကြပြီဆိုတော့ မင်းတို့ရဲ့ အားပေးမှုကို မျှော်လင့်နေပါတယ်”
ကျန်းထောင်က ပြောလိုက်သည်။
“အင်း၊ ငါတို့ နင့်ကို သေချာပေါက် အားပေးမှာ”
“ထောင်ထောင်၊ ကျွန်မ ရှင့်ကလေးလေး လွယ်ပေးချင်တယ်”
“အား …. ချောလိုက်တာ”
ယုဟွေက ခါးသက်သော မျက်နှာနှင့် စင်ပေါ် တက်လာသည်။
ဘေးလူအမြင်အရ ကျန်းထောင်၏ မောက်မာမှုကို ခံစားမိပေသည်။ သူသည် ယုဟွေကို တစ်ခါလေးတောင်မှ လှမ်းမကြည့်ခဲ့ပေ။ ပုံမှန်အရဆိုလျင် ယုဟွေက စီနီယာဖြစ်သဖြင့် ကျန်းထောင်က အနည်းဆုံး နှုတ်ဆက်စကား ပြောခြင်း သို့မဟုတ် လက်ဆွဲနှုတ်ဆက်ခြင်း လုပ်သင့်ပေသည်။ သို့သော် သူသည် နည်းနည်းလေးမှ အသိအမှတ် မပြုချေ။
သူတို့၏ အနောက်၌ မဲရလဒ်များကို ပြသထားသည်။
နောက်ဆုံး၌ ကျန်းထောင်၏ မဲက အံ့ဩစရာကောင်းလောက်အောင် ၈၈ % ဖြစ်နေပြီး ယုဟွေ၏ မဲက ၁၂ % သာ ရှိနေသည်။
ယုဟွေက မျက်နှာဖုံး တပ်ထားသော်လည်း ထိုရလဒ်များကို မြင်ပြီး သူ၏ စိတ်ပျက်မှုကို သတိထား ခံစားမိပေသည်။
ဒိုင်များနှင့် ဧည့်သည်များ ငြိမ်နေပြီး ဘာပြောရမှန်းမသိ ဖြစ်နေကြသည်။
*ဒီမျိုးဆက်က … အဲ့လောက်တောင် ပြောင်းလဲသွားတာလား*
ဘယ်သူက ပိုကောင်းတဲ့ အဆိုတော်လဲ ဆိုသည်ကို သူတို့ သိကြပါသည်။ သို့သော် ရလဒ်များကို သူတို့ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ပရိသတ်များက ဆုံးဖြတ်ခြင်း ဖြစ်သည်။
အလွန် သာမန်ဆန်စွာ သီဆိုသွားသည့် ငပျော့ကောင်က ဝါရင့် အဆိုတော်တစ်ယောက်ကို ပြတ်ပြတ်သားသား အနိုင်ရသွားလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။
*အရည်အချင်းက အရေးမပါတော့ဘူးလား၊ ရုပ်ရည်ရှိရင် ရပြီလား*
တစ်ဖက်တွင် ကျန်းထောင်သည် အောင်နိုင်သူဟန်ဖြင့် ရပ်နေသည်။ သူသည် ထိုရလဒ်ကို အံ့ဩခြင်း မရှိဘဲ ပြုံးနေ၏။
လော့စီစီက ယဉ်ကျေးစွာ ပြုံးပြီး အနည်းငယ် စိတ်ဓာတ်ကျနေသော ယုဟွေကို မေးလိုက်သည်။
“ဆရာ ယုဟွေ၊ ရှင့်ရဲ့ မျက်နှာဖုံးကို ချွတ်ချင်လား”
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက ယုဟွေက ဟန်လုပ်ရယ်၍ ပြောလာသည်။
“တော်တော်များများက ငါ့ကို မှတ်မိမှာ မဟုတ်ဘူး”
ထိုသို့ပြောပြီး သူက မျက်နှာဖုံးကို ချွတ်လိုက်သဖြင့် ဇရာ၏ တိုက်စားခြင်း ခံရသော မျက်နှာတစ်ခု ပေါ်လာသည်။
“ဆရာထန့်”
စူပါစတားလျှိုနှင့် တုန်းချိုးတို့ ချက်ချင်း ထရပ်လာသည်။ အခြား ဒိုင်များနှင့် ဧည့်သည်တော်များသည်လည်း အံ့ဩသွားပုံရပြီး အလျင်အမြန် မတ်တပ်ထရပ်ကြသည်။
ဆရာထန့်သည် အသက်ခြောက်ဆယ်နီးပါး ရှိပြီ ဖြစ်သည်။ သူသည် ခန်းမထဲ၌ စီနီယာအကျဆုံးဟု ဆိုရပေမည်။ လွန်ခဲ့သော ဆယ့်ငါးနှစ်က သူသည် ကောင်းကင်ဘုံ ဟူသော သီချင်းဖြင့် နာမည်ကြီးလာခဲ့သည်။ သူသည် ရှေ့မျိုးဆက်များ၏ သဘောအကျဆုံး အနုပညာရှင်များထဲမှ တစ်ယောက် ဖြစ်သည်။ စူပါစတားလျှိုနှင့် တုန်းချိုးတောင်မှ သူ့ရှေ့တွင် ဝင့်ကြွားစွာ ပြုမူမရဲသလို သူ့အား လေးစားကြသည်။
အွန်လိုင်းပေါ်၌ တော်တော်များများက မှတ်ချက်များ ရေးနေကြသည်။
[ဟာ … ဒါ ဆရာထန့်ပဲ၊ ငါ့အဖေက သူ့သီချင်းတွေကို အကြိုက်ဆုံးပဲ]
[ဆရာထန့်က ငပျော့ကောင်ကို ရှုံးသွားတာတဲ့လား၊ ီးပဲ]
[လခွမ်း၊ ငါ ဒါကို လက်မခံနိုင်ဘူး၊ ဒါ ကလိမ်ကျတာပဲ ဖြစ်ရမယ်]
[သောက်ကျိုးနည်း ဟာသပဲကွာ]
[ဝိုး …. ထောင်ထောင်က အတော်ဆုံးပဲ၊ ထောင်ထောင်က အဆိုတော်တွေရဲ့ ဘုရင်]
[ဆရာထန့်က ဘာလဲ၊ ဘယ်သူလဲ၊ ဘယ်လိုလုပ် သူက ထောင်ထောင့်ကို ယှဉ်နိုင်မှာလဲ]
[ဟားဟားဟား … ထောင်ထောင်က ပြိုင်ဘက်ကင်းပဲ၊ သူက အကောင်းဆုံးပဲ၊ ထောင်ထောင်ကို အားပေးကြ]
[ထောင်ထောင်ကို ဆန့်ကျင်ရဲတဲ့ ဘယ်သူမဆို ရှုံးဖို့ ကံပါလာပြီးသားပဲ၊ ဆရာထန့်က ဘာမှမဟုတ်ဘူး]
…
တက်လာသော မှတ်ချက်များကို ကြည့်ပြီး လူတော်တော်များ၏ နှလုံးသားများ အေးစက်သွားသည်။ ခေတ်ကာလက ခွင့်မလွှတ်နိုင်စရာပင်။
သူတို့အပြင် စင်ပေါ်မှ ဧည့်သည်တော်များနှင့် အစီအစဉ်ကို ကြည့်နေသည့် အခြား အနုပညာရှင်များသည်လည်း ပို၍ ပြင်းပြစွာ ခံစားမိသည်။ ကူကယ်ရာမဲ့မှု၊ ဝမ်းနည်းမှုနှင့် ဒေါသစိတ်တို့က သူတို့၏ နှလုံးသားကို တင်းကြပ် လာစေသည်။
*ငပျော့ကောင်*
“အချိန်ကာကက ပြောင်းလဲနေတာဆိုတော့ ငါ ထပ်ပြီးတော့ လိုက်မမီနိုင်တော့ဘူး၊ ဒီအရှုံးက … နားလည် နိုင်ပါတယ်”
ဆရာထန့်က အက်နေသော အသံဖြင့် ပြောပြီး စင်ပေါ်မှ ဝမ်းနည်းစွာ ဆင်းသွားလေသည်။
ကြည့်ရှုသူများသည်လည်း ငြိမ်သက်စွာ မှတ်ချက်ပြုလာသည်။
“ငါတို့လဲ ဒီမျိုးဆက်ကို လိုက်မမီနိုင်ဘူးပဲ”
“ဟင့် ဟင့် ဟင့် …”
ရဲ့လင်းချန် မနေနိုင်သဖြင့် လှည့်ကြည့်လိုက်သောအခါ ဆုမို ငိုနေသည်ကို တွေ့လိုက်ရသည်။
ပြိုင်ပွဲအား ဆက်လက် ကျင်းပနေခဲ့သည်။
တတိယပွဲ၌ ယွီမောင် (Feather) ၏ အလှည့် ဖြစ်သည်။ သူမသည် သူတို့၏ အသံစမ်းပွဲ၌ ဆယ့်ရှစ်နှစ်အရွယ် ကျောင်းသူဟု သူမကိုယ်သူမ ပြောခဲ့သည်။ သူမပြိုင်ဘက်၏ အမည်ဝှက်မှာ ကြယ်ရောင် ဖြစ်သည်။
ကြယ်ရောင်က စင်ပေါ် အရင် တက်သွားသည်။ သူ၏အသံက အလွန် သာမန်ဆန်ကာ ကျန်းထောင်နှင့် အတူတူလောက် နီးပါးပင်။ ပရော်ဖက်ရှင်နယ် အဆိုတော်တစ်ယောက်နှင့် အများကြီး ကွာခြင်းလေသည်။
သို့သော် သူသည် သီဆိုရာ၌ စိတ်နစ်လွန်းသွားပုံရပြီး ဘယ်လက်ကို မြှောက်၍ သူ့ခေါင်းကို ကိုင်လိုက်မိသည်။
ချက်ချင်းဆိုသလိုပင် ပရိသတ်များက ပြန်၍ ဆူညံလာသည်။
“အား … ဒါ ဟွမ်ရှင်းပဲ၊ ဟွမ်ရှင်းပဲ ဖြစ်ရမယ်”
“ဒါ ဟွမ်ရှင်းရဲ့ လုပ်နေကြပုံစံပဲ၊ ဟင့်ဟင့်ဟင့် …. ငါ ပျော်သွားပြီ”
“ဒီနေ့က ဘာနေ့ပါလိမ့်၊ ငါ ဟွမ်ရှင်းနဲ့ ကျန်းထောင်ကို တကယ်ကြီး တွေ့ရပြီ၊ ငါ အရင်ဘဝတုန်းက စကြဝဋ္ဌာ တစ်ခုလုံးကို ကယ်ခဲ့ပုံ ရတယ်”
“သူက သိပ်ချောတာပဲ၊ ချောလွန်းလို့ ငါ သတိလစ်တော့မလိုပဲ”
“ကျွန်မ ရှင့်ကို ချစ်တယ် ဟွမ်ရှင်း၊ ကျွန်မ ရှင့်ကို အမြဲတမ်း အားပေးနေမယ်”
“Masked Singers အတွက် လက်မှတ်တွေ ဝယ်တာက လုံးဝ တန်သွားပြီ၊ အား … ငါ တုန်နေတာ မရပ်တော့ဘူး”
….
ရဲ့လင်းချန် မေးစေ့ကို ပွတ်နေသည်။
*ဟွမ်ရှင်း၊ ကျန်းထောင်*
သူတို့နှစ်ယောက်က ဘယ်သူလဲ ဆိုတာကို သူ မှတ်မိသွားလေပြီ။ သူတို့သည် နှလုံးသားမဲ့ ဓားသမားနှင့် အကောင်းဆုံး အချိန်မှ ဇာတ်လိုက်များ ဖြစ်သည်။ သူ၏ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး ဇာတ်လမ်းနှင့် တစ်ချိန်တည်း ပြသနိုင်ချေ များသည်။
သူတို့နှင့် ဒီမှာ လာတွေ့လိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိပါ။ သူတို့၏ ကျော်ကြားမှု တိုးလာစေရန်နှင့် မကြာခင် ထုတ်လွှင့်တော့မည့် ဇာတ်လမ်းတွဲအတွက် ကြော်ငြာလိုသည့် ရည်ရွယ်ချက်ဖြင့် ဒီကို လာပုံရသည်။
စာစဉ် ၄၆ ပြီးပါပြီ။