သိုင်းကွက် သုံးကွက် သဘောတူညီချက်
Vol. 3 Ch. 34
" ဟင်း ..ရွံစရာ လူစုပဲ "
ဘုရင်ကျင်းဖန်က မကျေနပ်သေးဟန်ဖြင့် ဗိုလ်ချုပ်ဝူကို ထပ်၍ တိုက်ခိုက်လိုက်ပြန်သည်။
အချိန်အတန် ကြာသွားပြီးမှသာ သူ ရပ်လိုက်၏ ။
ထို့နောက် သူက လောထျန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
" ကောင်လေး .. မင်း ဘယ်သူလဲဆိုတာ မသိပေမယ့် ငါ့ကို ကယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် "
သူက လောထျန်းအား ပြောလိုက်သည်။
သို့သော် လောထျန်းက မထူးခြားဟန်ဖြင့်
" ကျုပ်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး ။ မင်းက ဒေါသဖြေပြီးသွားပေမယ့် ကျုပ်က အခုထိ ကျုပ်ဒေါသတွေ မဖြေရသေးဘူး "
ဟု အေးစက်စက် ပြောလိုက်သည်။
" ဟင် .. မင်း ဘာကို ဆိုလိုတာလဲ "
ဘုရင်ကျင်းဖန် အံ့အားသင့်သွား၏။
လောထျန်းက သူ့ကိုကြည့်ကာ
" အစောက ကျုပ် ဒီကို ရောက်မလာခင် မင်း ကောင်းကင်ကို ကြည့်ပြီး အော်လိုက်သေးလား "
ဟု မေးလိုက်သည်။
ဘုရင်ကျင်းဖန်က ခေတ္တမျှ စဥ်းစားပြီး ပြန်ဖြေသည်။
" လုပ်လိုက်မိတယ်နဲ့တူတယ်။ ဘာဖြစ်လို့လဲ "
လောထျန်း၏ မျက်နှာ အေးစက်သွားကာ
" ဘာဖြစ်လို့လဲ ဟုတ်လား ... မင်းအော်လိုက်တာ ကျုပ်နဂါး သေသွားရတယ်ကွ ၊ ပြီးတော့ ကျုပ်လဲ လေထဲကနေ မြေကြီးပေါ် ပြုတ်ကျခဲ့ရတယ် "
ဟု ပြောလိုက်သည်။
လောထျန်း၏ စကားကြောင့် ဘုရင်ကျင်းဖန် အံ့သြမှင်သက်သွား၏ ။
ထို့နောက် သူက ခေတ္တမျှ တုန့်ဆိုင်းနေပြီးနောက်မှသာ ပြောသည်။
" ငါက ဟိုနှစ်ယောက်ကို တိုက်ခိုက်ဖို့ ကြိုးစားလိုက်ပါတာဗျာ ။ မင်းရဲ့ နဂါးကို သတ်ဖို့ မရည်ရွယ်ပါဘူး ။ မတော်တဆ ဖြစ်သွားတာပါ "
လောထျန်းက သူ့ကို စိုက်ကြည့်ကာ
" မတော်တဆ ဆိုတာနဲ့ပဲ ကျုပ်က မေ့ပစ်လိုက်ရမှာလား "
ဟု ပြောသည်။
ဘုရင်ကျင်းဖန်မှာ အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသဖြင့် ခေါင်းငုံ့ကာ ပြော၏ ။
" ဒါဆို မင်းက ငါ့ကို ဘာလုပ်ပေးစေချင်လဲ "
လောထျန်းက သူ့ကို ကြည့်ကာ
" ရှင်းပါတယ် ၊ မင်းက ကျုပ်စီးလာတဲ့ယာဥ်ကို သတ်ပစ်လိုက်တာဆိုတော့ အဲ့ဒီအတွက် ပြန်ပြီး အစားထိုးလျော်ပေးပေါ့ "
ဟု ပြောလိုက်သည်။
ဘုရင်ကျင်းဖန် ပြုံးလိုက်သည်။
" ဒါက လွယ်ပါတယ် ။ ငါက ယဲ့ဖုန်းနိုင်ငံမှာရှိတဲ့ ငှက်တွေအားလုံးရဲ့ ဘုရင်ပဲ။ မင်းအတွက် ကောင်းတဲ့ ငှက်တစ်ကောင် သေချာရှာပေးမယ်။ မင်းရဲ့ နေရပ်လိပ်စာကိုသာ ပေးထားခဲ့လိုက်ပါ။ ခုနစ်ရက်အတွင်းမှာ မင်းဆီကို နတ်ဆိုးသားရဲတစ်ကောင် လာရှာလိမ့်မယ် "
သို့သော် ထင်မှတ်မထားစွာပင် လောထျန်းက ခေါင်ယမ်းလိုက်သည်။
" ကျုပ် အဲ့လောက်ထိ မစောင့်နိုင်ဘူး "
" ဟင် .. ဒါဆို .. မင်းဆိုလိုတာက "
လောထျန်းက သူ့ကို စိုက်ကြည့်ကာ
" ဟုတ်တယ် .. မင်းပဲ ။ မင်းက ကျုပ်နဂါးကို သတ်ခဲ့တာဆိုတော့ ကျုပ် ကောင်းကင်ထိန်းချုပ်အဆင့်ကို မရောက်သေးခင်ကြားထဲမှာ မင်းက ကျုပ်ရဲ့ စီးတော်ယာဥ်အဖြစ် နေရမှာပေါ့ "
ဟု ပြောသည်။
" မင်း .. "
ဘုရင်ကျင်းဖန်၏ မျက်လုံးတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။
" ကောင်လေး .. မင်းက ငါကို စီးတော်ယာဥ် လုပ်စေချင်တာ သေချာလို့လား ။ အစောတုန်းကလဲ မင်းတို့လူသားထဲက အစွမ်းထက်တဲ့ ဘုရင်ရှန်းဝူက ငါ့ကို စီးတော်ယာဥ် လုပ်ချင်ခဲ့တာပဲ ။ ဒါပေမယ့် မအောင်မြင်သွားခဲ့ဘူးလေ ။ သူတောင် မအောင်မြင်တာကို မင်းက ဘယ်လိုလုပ်မှာလဲ "
လောထျန်းက သူ့အား မျက်ခုံးပင့်ကြည့်လိုက်သည်။
" ဘုရင်ရှန်းဝူဆိုတာ ဘယ်က အမှိုက်လဲ ။ ကျုပ်က သူ့ကို ဘာလို့ဂရုစိုက်ရမှာလဲ "
ထိုစကားကြောင့် ဘုရင်ကျင်းဖန် အံ့သြမှင်သက်သွားပြန်၏ ။ လောထျန်းက ဘုရင်ရှန်းဝူအား ထိုသို့ ပြောလိမ့်မည်ဟု သူ ထင်မထားခဲ့ပါ ။
အကယ်၍ လောထျန်းနေရာတွင်သာ အခြားတစ်ယောက် ဖြစ်နေခဲ့ပါက သူ့ကို စီးတော်ယာဥ်လုပ်ဖို့ ပြောသည်နှင့် သူ ထိုလူအား ချက်ချင်း သတ်ပစ်ခဲ့မည်ဖြစ်သည်။
သို့သော် လောထျန်းက သူ့အသက်သခင် ကျေးဇူးရှင် ဖြစ်နေသည် မဟုတ်ပါလား ။
အချိန် ခဏကြာ စဥ်းစားပြီးသည့် အချိန်တွင်မူ ဘုရင်ကျင်းဖန် အကြံတစ်ခု ရသွားသည်။
" ကောင်လေး .. မင်းက ငါ့ကို စီးတော်ယာဥ် လုပ်ချင်တာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ငါ့သခင်အဖြစ် ခံယူချင်တဲ့ ဘယ်သူမဆို ငါရဲ့ သိုင်းကွက် သုံးကွက်ကိုတော့ ခံနိုင်ရည်ရှိရမယ် ။ မဟုတ်ရင်တော့ ငါက လက်လျှော့အညံ့ပေးမယ့်အစား အသေပဲ ခံလိုက်မယ် "
ဘုရင်ကျင်းဖန် ပြောလိုက်သည်။
သူ့အကြံမှာ ရိုးရှင်း၏ ။ သူသည် ဘာမှလုပ်စရာမလိုဘဲ လောထျန်းဘက်မှ အလိုလို လက်လျှော့သွားအောင် လုပ်လိုက်ခြင်းပင် ။
သူ အစောက အသုံးပြုခဲ့သည့် သိုင်းကွက်များက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်သည် မဟုတ်ပါလား ။
သို့သော် ...
" သိုင်းကွက် သုံးခုလား .. ကောင်းပြီလေ ၊ စလိုက်ကြတာပေါ့ "
လောထျန်းက ချက်ချင်းပင် သဘောတူလိုက်သည်။
ဘုရင်ကျင်းဖန် ဇဝေဇဝါ ဖြစ်သွား၏ ။
" ကောင်လေး .. ငါပြောတာကိုရော သေချာ ကြားလိုက်ရဲ့လား ။ ငါက မင်းကို တိုက်ခိုက်မှာနော် ။ မင်းက ငါ့ကို လုပ်ရမှာမဟုတ်ဘူး "
ဘုရင်ကျင်းဖန်က သေချာအောင် ထပ်မေးလိုက်သည်။
" ကျုပ် သေချာ ကြားလိုက်ပါတယ် ။ အခု မြန်မြန်တိုက်တော့ ။ ပြီးရင် ကျုပ်နဲ့ လိုက်ခဲ့ "
လောထျန်းက အနည်းငယ် စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။
ဘုရင်ကျင်းဖန် မည်သို့မှ ပြန်မပြောနိုင်ဘဲ တိတ်သွား၏ ။
လောထျန်းက ဤမျှ မောက်မာနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပါချေ။
" ကောင်းပြီလေ .. ဒါဆိုလဲ မင်းကိုငါ သင်ခန်းစာတစ်ခု ပေးရသေးတာပေါ့ ၊ သူ့ကို သေအောင်တော့ သတ်လို့မဖြစ်ဘူး ။ သူ့ကျေးဇူးက ငါ့အပေါ်မှာ ရှိနေတယ် "
ဘုရင်ကျင်းဖန် ထိုသို့တွေးလိုက်သည် ။ ထို့နောက်သူက
" ကောင်းပြီ ။ ပထမအကွက်မှာ ငါ့စွမ်းအားရဲ့ ဆယ်ပုံ တစ်ပုံကိုပဲ သုံးပြီးတော့ မင်းရဲ့ ဘယ်ဘက်လက်မောင်းကို တိုက်ခိုက်လိုက်မယ်။ တစ်ခုခု မှားနေပြီလို့ ခံစားရတာနဲ့ ချက်ချင်း ရှောင်လိုက်ပါ ။ ဒါဆို လွတ်နိုင်တယ် "
ဟု ပြောလိုက်သည်။
လောထျန်းက ဂရုမစိုက်ဟန်ဖြင့်
" မလိုပါဘူး ၊ မင်းရဲ့ အစွမ်းအပြည့်ကို သုံးပြီးတော့သာ တိုက်ခိုက်ပါ "
ဟု ပြန်ပြောသည်။
အစွမ်းကုန်သုံး၍ တိုက်ခိုက်ရမည်တဲ့လား .. ။
ဘုရင်ကျင်းဖန် အနည်းငယ်ပင် ရယ်ချင်သွားသည်။
" ကောင်းပြီလေ ၊ အသင့်ပြင်ထားတော့ "
သုက ပြောပြီးသည်နှင့် အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်သည်။ ထို့နောက် ပါးစပ်ဟကာ လေကြမ်းကြမ်း မှုတ်ထုတ်လိုက်၏။
ဘုန်း ...
သူ့ပါးစပ်မှ အလင်းတန်းတစ်ခု ချက်ချင်း တိုးထွက်လာကာ လောထျန်း၏ ဘယ်ဘက်လက်ကို တိုက်ခိုက်လိုက်သည်။
" ကောင်လေး အခုတော့ ငါဘယ်လောက်အစွမ်းထက်တယ်ဆိုတာ မင်း သိပြီမဟုတ်လား "
ဘုရင်ကျင်းဖန် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
သို့သော် .. ထိုစဥ် လောထျန်းက သူ့လက်ကို အသာမြှောက်ကာ အလင်းတန်းအား ဖမ်းဆုပ်လိုက်သည်။
" ဟာ .. မဖြစ်ဘူး ၊ သူ့လက်တော့ ကျိုးပြီနဲ့ တူတယ် "
ဘုရင်ကျင်းဖန် အံ့သြတကြီး ပြောလိုက်သည်။
သို့သော် ...
ရွှေရောင်အလင်းတန်းက လောထျန်း၏ လက်ဖဝါးထဲသို့ ကျသွား၏ ။ သို့သော် သူ့လက် ကျိုးမသွားခဲ့ပါချေ ။
ထိုအစား အလင်းတန်းက အပိုင်းပိုင်း အစစ ကျိုးကြေသွားတော့သည်။
အချိန်တခဏအတွင်းမှာပင် အလင်းတန်းက လောထျန်း၏ လက်ဖဝါးအတွင်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
လောထျန်း၏ လက်ဝါးကမူ သွေး အနည်းငယ် စွန်းနေသည်မှလွဲ၍ ဒဏ်ရာ အမာရွတ်ပင် ရှိမနေခဲ့ပါ ။
" ဒါ မင်းအစွမ်းရဲ့ ဆယ်ပုံတစ်ပုံပဲလား ။ မင်းက ဘာလို့ ဒီလောက် အစွမ်းနိမ့်နေရတာလဲ "
လောထျန်းက သူ့လက်ကို ကြည့်ပြီးနောက် ဘုရင်ကျင်းဖန်ဘက်သို့ တစ်လှည့်ကြည့်လိုက်သည် ။ သူ့မျက်လုံးတွင် စိတ်ပျက်နေသည့် အရိပ်ယောင်က အထင်းသားပေါ်နေ၏။
" ဟင် .. "
ဘုရင်ကျင်းဖန်၏ မျက်နှာ အစိမ်းရောင်သို့ ပြောင်းသွားသည်။
ဘာတွေ ဖြစ်နေပါသနည်း ။
သူ့အစွမ်းကို အပြည့်မသုံးလိုက်သည့်တိုင် ရလဒ်က ထိုသို့ ဖြစ်မနေသင့်ပါ ။
သူသည် မည်မျှအစွမ်းထက်ကြောင်း ပြောထားသော်လည်း ယခုတွင်မူ တစ်ဖက်လူ၏ လက်ဖဝါး အနည်းငယ် ညစ်ပေသွားရုံသာ တတ်နိုင်ခဲ့သည်လား .. ။
ထို့အပြင် လောထျန်း၏ မျက်နှာထားကြောင့် ဘုရင်ကျင်းဖန် ပို၍ မျက်နှာပျက်သွားရသည်။
" အင်း .. ကြည့်ရတာ ငါ မင်းကို လျှော့တွက်လိုက်မိတယ်နဲ့ တူတယ်။ ငါက မင်းကို မှော်ပစ္စည်းတွေနဲ့ ကောင်းကောင်းကျွမ်းဝင်ပြီး အသုံးချတတ်တဲ့ ဥာဏ်ကြီးရှင်တစ်ယောက်လို့ပဲ ထင်ထားခဲ့တာ ။ ဒါ့ကြောင့်လဲ မင်းက ခြေသုံးချောင်းမီးဖိုကို လွယ်လွယ်နဲ့ ဖယ်လိုက်နိုင်တာလို့ပဲ တွေးထားခဲ့တာ ။ မင်းက ခုလို အစွမ်းထက်နေလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားမိခဲ့ဘူး ။ ဒါပေမယ့် တကယ်တော့ မင်းက ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်က လူတစ်လောက်လို ဟန်ဆောင်ထားတာပဲ ။ မင်း အစွမ်းကို ကောင်းကောင်းကြီးကို ဖုံးထားနိုင်တယ်ကွာ "
ဘုရင်ကျင်းဖန် ပြောလိုက်သည်။
" အဓိပ္ပါယ် မရှိတာတွေ ပြောမနေဘဲ ဒုတိယသိုင်းကွက်ကိုသာ မြန်မြန်တိုက်ခိုက်ပါတော့ "
လောထျန်းက လောလိုက်သည်။
" ဟား ဟား .. ကောင်းပြီလေ ။ ငါ မင်းကို ကြိုပြောမယ်နော် ။ မင်းက ငါ့ရဲ့ ကယ်တင်ရှင် ဆိုပေမယ့် ငါ ဒီတစ်ခါတော့ အလွတ်ပေးမှာ မဟုတ်ဘူး ။ ငါ့အစွမ်းရဲ့ ၈၀ ရာခိုင်နှုန်းကို သုံးပြီး တိုက်ခိုက်မယ် ။ အသက် မသေချင်ရင်တော့ ရှောင်ပေါ့ကွာ "
ဘုရင်ကျင်းဖန်က ပြောလိုက်သည်။
" မြန်မြန်သာ လုပ်ပါဗျာ "
လောထျန်းက ဂရုစိုက်ဟန်ပင် မပြချေ။
ဘုရင်ကျင်းဖန် မျက်လုံးအနည်းငယ် မှေးလိုက်သည်။
သူ့ရှေ့မှ လောထျန်းသည် အလွန်စွမ်းထက်သူတစ်ယောက် ဆိုသည်ကို သူ သိခဲ့ရလေပြီ။
သို့ဖြစ်ရာ အနိုင်လိုချင်ပါက သနားညှာတာပေးနေ၍ မဖြစ်တော့ချေ။
" နတ်ဘုရား အသက်ရှူကျင့်စဥ် .. ရွှေရောင်ငှက်ကြီး အော်သံ "
ဘုရင် ကျင်းဖန် ကျယ်လောင်စွာ ထပ်အော်လိုက်သည်။
ချက်ချင်းပင် ယခင်ကထက် အဆများစွာပိုအစွမ်းထက်သည့် အလင်းတန်းတစ်ခု ပေါ်လာပြီး ၎င်းက လျှပ်စီးနှင့်အတူ လောထျန်းဆီသို့ တိုးဝင်သွားသည်။
ထိုသိုင်းကွက်က သခင်ကြီးပိုင်ကို သတ်ခဲ့သည့် သိုင်းကွက်ထက်ပင် ပို၍ ကြောက်စရာ ကောင်းနေ၏ ။
ဘုန်း ...
ထိုအလင်းတန်းက လောထျန်း၏ ခေါင်းနှင့် ရိုက်မိသွားကာ တောင်ကြားတွင် မီးခိုးလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။
" ဟာ .. ငါ အစွမ်းတွေ အများကြီး သုံးလိုက်မိပြီနဲ့တူတယ် ။ ဒီကောင်လေး အန္တရာယ်များ ဖြစ်သွားပြီလားမသိဘူး "
ဘုရင်ကျင်းဖန်က သူ့သိုင်းကွက်ကို ပြန်ကြည့်ကာ စိုးရိမ်စိတ် ဝင်သွားသည်။
အကယ်၍သာ သူ့အသက်သခင် ကျေးဇူးရှင်ကို သတ်လိုက်မိပါက ဒေါသထွက်စရာ အလွန်ကောင်းသွားပေလိမ့်မည်။
သို့သော် ..
" အဟွတ် .. အဟွတ် ... မွန်နေတာပဲ "
မီးခိုးလုံးနှင့် ဖုန်မှုန့်များကြားမှ လောထျန်း၏ အသံကို ကြားလိုက်ရသည်။
ထိုအသံနှင့် မရှေးမနှောင်းမှာပင် လောထျန်းက ဖုန်လုံးကြီးကြားမှ ပြေးထွက်လာ၏ ။
" မင်းက ကျုပ်ကို ဖုန်တွေနဲ့ အသက်ရှူကျပ်ပြီးသေအောင် လုပ်နေတာလား ။ ဒါ တော်တော်ဆိုးတဲ့ အကွက်ပဲ "
လောထျန်းက ဘုရင်ကျင်းဖန်အား ဒေါသထွက်နေဟန်ဖြင့် ကြည့်လိုက်သည်။
" ဟင် .. "
ဘုရင်ကျင်းဖန် မည်သို့မှ ပြန်မပြောနိုင်ဘဲ ဖြစ်သွား၏ ။
သူ၏ နာမည်ကျော် သိုင်းကွက်က တစ်ဖက်လူအား နာကျင်အောင် လုံးဝ မလုပ်နိုင်ခဲ့ဘဲ နောက်ဆက်တွဲ ဖုန်မှုန့်များကသာ တစ်ဖက်လူကို အသက်ရှူကျပ်အောင် လုပ်လိုက်သည်တဲ့လား ။
ထိုအကြောင်းကိုသာ အခြားသူများ ကြားသွားပါက သူ၏ ကျန်သက်တမ်းတစ်လျှောက် အရှက်တကွဲ အကျိုးနည်း ဖြစ်ရပေလိမ့်မည်။
" နောက်ဆုံး တကွက် ကျန်သေးတယ်မလား ၊ မြန်မြန်လုပ်ပါ "
ထိုစဥ် တစ်ဖက်မှ လောထျန်းက ဆော်သြလိုက်သည်။