သူ ပြန်ရောက်နေပြီ
Vol. 3 Ch. 35
" ဘယ်လို .. "
ဘုရင်ကျင်းဖန်၏ နဖူးမှ ချွေးများပင် ထွက်လာသည်။
သူသည် ဒုတိယသိုင်းကွက်ကို အလေးနက်ထားကာ တိုက်ခိုက်ခဲ့သော်လည်း လောထျန်းက ဂရုမစိုက်ဟန်ဖြင့် လစ်လျူရှုခဲ့၏ ။ ထိုလူ၏ အစွမ်းက သူ ထင်ထားသည်ထက်ပင် ပို၍ ကြောက်စရာ ကောင်းနေပေသည်။
သူ ထိုလူ၏ စီးတော်ယာဥ် ဖြစ်လာရတော့မည်လား .. ။
သူသည် အခြားသူတစ်ယောက်၏ လက်အောက်ခံ စီးတော်ယာဥ် ဖြစ်ချင်ပါရဲ့လား .. ။
ထိုအကြောင်းကို တွေးမိသည်နှင့် သူ့ရင်ထဲမှ မနှစ်မြို့မှုကို ဘုရင်ကျင်းဖန် ခံစားလိုက်ရသည်။
သူသည် ထုံရွှယ်အဆင့် နတ်ဆိုးသားရဲတစ်ကောင်ဖြစ်ပြီး ဘုရင်ကျင်းဖန်ဟူသော အမည်ကို ရထားသူဖြစ်သည် ။
အကယ်၍ လူသားတစ်ယောက်ကသာ သူ့အား စီးတော်ယာဥ်အဖြစ် အသုံးချလိုက်ပါက ...
ထိုအကြောင်းကို စဥ်းစားမိသည်နှင့် သူ့ရင်ဘတ်ထဲတွင် တင်းကျပ်သွားသည်။
" ကောင်လေး .. ငါ ကြိုပြောထားမယ်နော် ။ ငါ့ရဲ့ နောက်သိုင်းကွက်က မျှော်လင့်မထားလောက်အောင် အစွမ်းထက်လိမ့်မယ် ။ မင်းတို့ လူသားမျိုးနွယ်က နတ်သိုင်းဘုရင် လို့ တင်စားပြီး ခေါ်ကြတဲ့ ဘုရင်ရှန်းဝူကတောင် ဒီသိုင်းကွက်ကို မခံနိုင်ဘူး ။ ပြီးတော့ ငါ စပြီး ရွှေ့လိုက်တာနဲ့ ပြန်နောက်ဆုတ်လို့လဲ မရတော့ဘူး ။ ဆိုတော့ မင်း ရှေ့ဆက်တိုးချင်တာ သေချာရဲ့လား "
ဘုရင်ကျင်းဖန်က ခပ်ပြတ်ပြတ် မေးလိုက်သည်။
လောထျန်းက စိတ်မရှည်ဟန်ဖြင့်
" အပိုစကားတွေ ပြောမနေပါနဲ့ဗျာ ၊ လုပ်မှာသာ လုပ်စမ်းပါ "
ဟု ပြန်ပြောလိုက်သည်။
ဘုရင်ကျင်းဖန်က စိတ်ဆုံးဖြတ် ပြီးသွားဟန်ဖြင့် တစ်ကိုယ်တည်း ပြောလိုက်သည်။
" မတတ်နိုင်ဘူး ၊ ငါပြောတတ်သလောက်တော့ ကောင်းကောင်းရှင်းပြပြီးပြီ။ တကယ်လို့ မင်း သေသွားခဲ့ရင်တောင် မင်းရဲ့ မကောင်းတဲ့ကံကိုပဲ အပြစ်တင်လိုက်တော့ကွာ "
သူက ထိုသို့ ပြောပြီးသည်နှင့် တောင်ပံ တဖျတ်ဖျတ်ခတ်ကာ ကောင်းကင်ယံသို့ ပျံတက်သွားလိုက်သည်။
" မင်းသာ ဒီသိုင်းကွက်ကို ခံနိုင်ရည်ရှိမယ်ဆိုရင် ငါ မင်းရဲ့ စီးတော်ယာဥ်အဖြစ် လုပ်ပေးမယ် ။ နတ်ဘုရားအသက်ရှူကျင့်စဥ် ၊ ကောင်းကင်ဘုံအစွမ်း "
ဘုန်း ...
ဘုရင်ကျင်းဖန်က နောက်တစ်ကြိမ် ပါးစပ်ဟလိုက်ရာ ကြောက်မက်ဖွယ် အလင်းတန်းတစ်ခု ထွက်လာသည်။
ထိုအလင်းတန်း ထွက်ပေါ်လာသည်နှင့် ကောင်းကင်ကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်သွား၏။ ယခုလေးတင် ကြည်လင်နေခဲ့သည့် ကောင်းကင်ကြီးက တိမ်တိုက်မဲများဖြင့် တမဟုတ်ချင်း ဖုံးအုပ်သွားသည် ။
မိုးကြိုးလျှပ်စီးများက ကောင်းကင်ယံမှ ကျလာသည့်အလား လောထျန်းဆီသို့ တိုးဝင်သွားကြသည်။
လောထျန်းက ခေါင်းမော့၍ သိုင်းကွက်ကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုံ့သွားသည်။
" ဒီသိုင်းကွက်က ခုနလေးတင် ဖုန်တွေအများကြီး ထအောင် လုပ်သွားတာ ။ မြေကြီးပေါ်သာ ပြန်ကျလာမယ်ဆို ငါတော့ ဖုန်တွေကြားထဲ အသက်ရှုကြပ်ပြီး သေမှာပဲ ။ အဲ့တော့ မြေကြီးပေါ် အကျခံလို့ မဖြစ်ဘူး ၊ ငါ့ဘက်က အရင်ဦးအောင် လုပ်ရမယ် "
လောထျန်းက စိတ်ဆုံးဖြတ်ပြီးသွားဟန်ဖြင့် ထိုင်ချလိုက်သည်။
" ကောင်းကင်ဘုံလက်သီး .. နဂါးကိုးလွှာ စတုတ္ထအကွက် "
လောထျန်းက လက်သီးဖြင့် ထိုးလိုက်သည်နှင့် သူ့လက်သီးထဲမှ စွမ်းအင်များက နဂါးအရိပ်တစ်ခုအဖြစ် စုစည်းသွားပြီး ဘုရင်ကျင်းဖန်၏ ရွှေရောင်အလင်းတန်းဆီသို့ တိုးဝင်သွားသည်။
ဘုန်း ..
စွမ်းအင်နှစ်ခု လေထဲတွင် ရင်ဆိုင်တွေ့သွား၏ ။ ၎င်းစွမ်းအင်နှစ်ခုမှာ ခဏတာမျှ သူမသာ ကိုယ်မသာ ဖြစ်နေပြီးနောက် နဂါးပုံရိပ်လက်သီးက အလင်းတန်းအား ကျိုးကြေသွားအောင် လုပ်လိုက်တော့သည်။
ထို့နောက် ၎င်းက ကျယ်လောင်စွာ အော်မြည်ကာ ဘုရင်ကျင်းဖန်ဆီသို့ တဟုန်ထိုး တိုးဝင်သွားလိုက်ပြန်သည်။
" ဘာ .. "
ထိုအခြင်းရာကို မြင်သည်နှင့် လေထဲတွင်ရှိနေသော ဘုရင်ကျင်းဖန်၏ မျက်နှာ ရုတ်ချည်း ပြောင်းလဲသွားသည်။
သူသည် အစွမ်းကုန်သုံးကာ တိုက်ခိုက်ခဲ့သော်လည်း တစ်ဖက်လူက သူ့အား အေးအေးဆေးဆေးပင် အနိုင်ယူသွားခဲ့၏ ။
သူ့ဆီသို့ ဦးတည်လာနေသည့် နဂါးပုံရိပ်လက်သီး၏ အစွမ်းကို မြင်ထားရသည့်အတွက် ဘုရင်ကျင်းဖန်မှာ လျစ်လျူမရှူရဲဘဲ ချက်ချင်း တိမ်းရှောင်လိုက်သည်။
နဂါးပုံရိပ်လက်သီးက သူ့ခေါင်းဘေးမှ ဖြတ်၍ ပျံသွား၏။
ထိုလက်သီးချက်ကို တိုက်ရိုက် မခံခဲ့ရသည့်တိုင် နံဘေးမှ ဖြတ်ပျံသွားစဥ် ခံစားလိုက်ရသောအစွမ်းထက်လှသည့် ဖိနှိပ်စွမ်းအင်ကြောင့် ဘုရင်ကျင်းဖန် သတိမေ့လဲကျလုမတတ်ပင် ဖြစ်သွားသည်။
ဘုန်း ....
နဂါးပုံရိပ်လက်သီးက လေထဲသို့
ဆက်ထိုးတက်သွားကာ ကောင်းကင်ယံတစ်ခွင်လုံး ဖုံးနေသော တိမ်တိုက်မဲများကို ထိုးခွင်းပစ်လိုက်တော့သည်။
စူးရှသော နေအလင်းရောင် ပြန်ကျလာ၏ ။
ဘုရင်ကျင်းဖန်မှာ အဖြစ်အပျက်များကို ကြည့်ကာ စကားမပြောနိုင်ဘဲ ဖြစ်နေသည်။
" နောက်နေတာ များလားဟ .. ဒီလက်သီးရဲ့အစွမ်းက ... သူက ကွေ့ရှအဆင့်က သူများ ဖြစ်နေမလား "
အကယ်၍ သူသာ ထိုလက်သီးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရပါက အသက်မသေလျှင်ပင် ဒဏ်ရာဆိုးဆိုးရွားရွား ရသွားခဲ့မည်ကို ဘုရင်ကျင်းဖန် နားလည်လိုက်သည်။
လက်သီးချက် တစ်ချက်တည်းဖြင့်ပင် ....
ထို့နောက် သူက လောထျန်းအား အလွန်အံ့သြနေသည့် အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။
" အခုက သိုင်းကွက် သုံးကွက်လဲ ပြီးသွားပြီဆိုတော့ ၊ ဘယ်လိုလဲ "
လောထျန်း မေးလိုက်သည်။
ဘုရင်ကျင်းဖန်က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြုံး၍ ပြောလိုက်သည်။
" ထားလိုက်ပါတော့ဗျာ ၊ ကျုပ် အရှုံးပေးပါတယ် ။ ကျုပ် စီးတော်ယာဥ်တစ်ကောင်အဖြစ် နေပါ့မယ်။ ကွေ့ရှအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ လက်အောက်မှာ ခစားရတာ အရှုံးမရှိပါဘူး "
သူက ပြောပြောဆိုဆိုပင် လောထျန်းရှေ့သို့ ဆင်းသက်ကာ ဦးညွှတ် အရိုအသေ ပေးလိုက်သည်။
" ကျုပ်နာမည်က ဘုရင်ကျင်းဖန်ပါ ။ ကျုပ် သခင်လေးရဲ့ စီးတော်ယာဥ်အဖြစ် အလိုတူစွာ လက်ခံပါတယ်။ သခင်လေးရဲ့ နာမည်ကိုရော သိခွင့် ရှိမလားဗျာ "
" ကျုပ်က ပျောင်ပိုင်မြို့က လောထျန်းပါ "
လောထျန်းက သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
" လောထျန်း တဲ့လား .. ကျုပ် သေချာ မှတ်ထားပါမယ် "
ဘုရင်ကျင်းဖန် ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီ ၊ ကျုပ် အခု အလျင်လိုနေလို့ ကျုပ်ကို ပျောင်ပိုင်မြို့ကို လိုက်ပို့ပေးပါ "
လောထျန်းက ဘုရင်ကျင်းဖန်၏ ကျောပေါ်သို့တက်ကာ ပြောလိုက်သည်။
သူ၏ နဂါးကို ဆုံးရှုံးခဲ့ရသည့်တိုင် ထုံရွှယ်အဆင့် ငှက်ကြီးတစ်ကောင်ကို စီးတော်ယာဥ်အဖြစ် ရလိုက်သည်ဖြစ်ရာ သူ့အတွက် အရှုံးမရှိဟု ဆိုနိုင်ပေသည်။
ရွှေရောင်ငှက်ကြီးက ချက်ချင်းပင် တောင်ပံများကို ဖြန့်၍ ကောင်းကင်ယံသို့ ပျံတက်သွားလိုက်သည်။
ထိုငှက်ကြီး၏ အမြန်နှုန်းက သူ့နဂါးထက်ပင် ပိုသာနေသေး၏ ။
" သခင်လေး .. ကျုပ် တစ်ခုလောက်မေးချင်လို့ ။ သခင်လေးက အခု ဘယ်ကျင့်ကြံခြင်းအဆင့်မှာလဲ "
သူတို့ ပျံသန်းလာစဥ်အတွင်း ဘုရင်ကျင်းဖန်က လောထျန်းအား မေးလိုက်သည်။
" ကျုပ်လား .. ခင်ဗျား မမြင်လိုက်ဘူးလားဗျ ။ ကျုပ်က ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်မှာလေ "
လောထျန်းက လဲလျောင်းကာ ဖြေလိုက်သည်။
" ဟင် ..ကိုယ်ခန္ဓာသန့်စင်ခြင်း အဆင့် .. နောက်နေတာလား "
ဘုရင်ကျင်းဖန် မယုံကြည်နိုင် ဖြစ်သွားသည်။
လောထျန်းသည် သူ့ထက် ကျင့်ကြံခြင်းအဆင့် များစွာပိုမြင့်သောကြောင့် သူ့အဆင့်အစစ်အမှန်ကို ဖုံးထားနိုင်ခြင်း ဖြစ်မည်ဟုသာ သူ ထင်ခဲ့မိ၏ ။
သို့သော် လောထျန်း ပြောသည့်အတိုင်း ဆိုပါက ...
" ကျုပ်က နောက်ပြောင်ချင်စိတ် ရှိနေတယ်လို့များ ထင်လို့လားဗျ ။ ကျုပ် စီးတော်ယာဥ် ဘာဖြစ်လို့ ရှာနေရတယ်လို့ ထင်လို့လဲ ။ ကျုပ်အဆင့်က နိမ့်လွန်းနေသေးတော့ မပျံနိုင်သေးလို့ ရှာနေရတာပဲ "
လောထျန်း အထွန့်တက်လိုက်သည်။
အမှန်တွင်လည်း သူသည် ကိုယ်ခန္ဓာသန့်စင်ခြင်း အဆင့်၌ဿာ ရှိသေးသည့်တိုင် ကောင်းကင်ဘုံ ကိုယ်ခန္ဓာရွှေ့ကွက်ကိုပါ တတ်မြောက်ထားသည့်အတွက် တိုက်ခိုက်ရာတွင် လုံလောက်သည်ထက်ပင် ပိုနေခြင်းဖြစ်သည် ။
သို့သော် အလျင်လိုနေသည့်အချိန်တွင်မူ ၎င်းပညာရပ်တစ်ခုတည်းဖြင့် ဆိုပါက ဒုက္ခရောက်နိုင်ပေသည်။
ထို ကိုယ်ခန္ဓာရွှေ့ကွက်ကို အသုံးချရန်ဆိုလျှင် စိတ်စွမ်းအင်များ အဆက်မပြတ် သုံးနေရန် လိုအပ်ရုံမက မတော်တဆမှုများလည်း ဖြစ်နိုင်သေး၏ ။
ပြီးခဲ့သည့် တစ်ခေါက်က သွေးနီကင်းမြီးကောက် နတ်ဆိုးကို သူ မတော်တဆ သတ်မိသွားခဲ့သည် မဟုတ်ပါလား ။
ထိုလူက နတ်ဆိုးမိစ္ဆာတစ်ကာင် ဖြစ်နေ၍ ပြဿနာမရှိသော်လည်း နောက်တစ်ကြိမ် အပြစ်ကင်းသည့် အဘွားအိုတစ်ယောက် ကို သတ်မိသွားလျှင် ပြဿနာ ရှိသွားနိုင်ပေသည်။
ဘုရင်ကျင်းဖန်ကမူ လောထျန်း၏ စကားကို ကြားပြီးသည်နှင့် အလွန်အံ့သြတုန်လှုပ်နေ၏ ။
" နောက် .. နောက်နေတာများလားဗျာ ။ ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်က ဒီလို ကြောက်စရာ အစွမ်းမျိုးကို ပိုင်ဆိုင်ထားတယ် .. "
သူက လောထျန်းအား ခေါင်းလှည့်၍ ကြည့်လိုက်သည်။ သူ့ရင်ထဲမှ အံ့သြမှုကို စကားလုံးများဖြင့်ပင် မဖော်ပြနိုင်တော့ချေ။
" သခင်လေးက ရှေးခေတ်က အစွမ်းထက်တဲ့ သူတွေရဲ့ လမ်းစဥ်အတိုင်း ခန္ဓာကိုယ်အစွမ်းကိုပဲ အဓိကထားပြီး ကျင့်ကြံနေတာလား "
ဘုရင် ကျင်းဖန် ထပ်မေးလိုက်သည်။
လောထျန်း အံ့အားသင့်သွားပြီး ပြန်ဖြေ၏။
" မဟုတ်ပါဘူးဗျာ ၊ ကျုပ်က နောက်လထဲမှာ စိတ်စွမ်းအားတွေကို ချီပင်လယ်အဖြစ် စုစည်းနိုင်ဖို့ မျှော်လင့်နေတာ "
ဘုရင်ကျင်းဖန် ခေါင်းညိတ်ကာ သေချာမှတ်ထားလိုက်သည်။
လောထျန်းသည် ခန္ဓာကိုယ်အစွမ်းကို အဓိကထား မလေ့ကျင့်နေသည့်တိုင် ကြောက်စရာအစွမ်းကို ပိုင်ဆိုင်ထား၏ ။
သူ စိတ်စွမ်းအင် စုဆောင်းခြင်းအဆင့်သို့ ရောက်သွားပါက မည်သို့ ဖြစ်သွားမည်နည်း။
ယခုထက်ပင် ပို၍ အစွမ်းထက်လာမည် မဟုတ်ပါလား ။
လောထျန်းသည် လူသားတစ်ယောက် မဟုတ်ဘဲ သားရဲတစ်ကောင်နှင့်ပင် ပိုတူပေသည်။
ဘုရင်ကျင်းဖန်သည် အစောပိုင်းက လောထျန်း၏ စီးတော်ယာဥ်လုပ်ရန် တုန့်ဆိုင်းနေခဲ့သော်လည်း ယခုတွင်မူ လောထျန်းက အစွမ်းထက်သူ တစ်ယောက်မှန်း သံသယကင်းသွားပြီဖြစ်သည့်အတွက် စိတ်မရှိလှတော့ပေ ။
ထိုမျှအစွမ်းထက်သော သားရဲတစ်ကောင်၏ စီးတော်ယာဥ် ဖြစ်ရခြင်းမှာ ဒုက္ခမဟုတ်ဘဲ အခွင့်အရေးကောင်းတစ်ခု ရလိုက်ခြင်းပင် ။
သူတို့နှစ်ဦး စကားပြောနေစဥ်မှာပင် ပျောင်ပိုင်မြို့က မြင်ကွင်းထဲသို့ ပေါ်လာခဲ့ပြီဖြစ်သည်။
ပျောင်ပိုင်မြို့ရှိ အစောင့်တပ်များကလည်း ဘုရင်ကျင်းဖန်၏ ဧရာမ ခန္ဓာကိုယ်ကြီးအား အဝေးကြီးကပင် သတိထားမိသွားကြသည်။
" ဘုရားရေ .. ဟိုမှာ သားရဲကြီး .. သားရဲကြီး .. "
" ဧရာမ သားရဲကြီးပဲ ၊ ကိုယ်အရောင်ဝါကလဲ ကြောက်စရာ ကောင်းလိုက်တာ ။ ဒီကောင်ကြီးက ကောင်းကင်ထိန်းချုပ်အဆင့်ရဲ့ အထက်မှာပဲ ရှိရမယ် "
" ပျောင်ပိုင်မြို့မှာ ဒီနေ့ ဘာတွေဖြစ်နေတာလဲ ။ အရင်ဆုံး ကောင်းကင်ထိန်းချုပ်အဆင့် ကျင့်ကြံသူ သုံးယောက်က လောမိသားစုကို ဒုက္ခပေးဖို့ ရောက်လာကြတယ်။ ဒါပေမယ့် လောမိသားစုက သူတို့အားလုံးကို သတ်ပစ်လိုက်တယ် ။ အခု ဒီသားရဲကရော ဘာဖြစ်လို့ လာတာပါလိမ့် "
" ပျောင်ပိုင်မြို့က ဒီနေ့ ဖျက်ဆီးခံရတော့မှာ များလား။ ငါ မသေချင်သေးဘူး "
ပျောင်ပိုင်မြို့တစ်မြို့လုံး အချိန်အတန်ငယ်ကြာ အထိတ်တလန့် ဖြစ်သွားကြသည်။
" နေပါဦး .. ကြည့်ဦးကွ .. သားရဲပေါ်မှာ လူတစ်ယောက် ရှိနေတယ် "
" လူရှိနေတယ် ..ဒါဆိုရင် ဒီသားရဲက အဲ့လူရဲ့ စီးတော်ယာဥ်များလား "
" စီးတော်ယာဥ်ရဲ့ ကိုယ်အရောင်ဝါကတောင် ဒီလောက်ကြောက်စရာ ကောင်းနေတာ ၊ သူ့သခင် လူဆိုရင် ဘယ်လောက် အစွမ်းထက်လိုက်မလဲ မသိဘူး "
" ဒီသားရဲက .. လောမိသားစုဆီကို ဦးတည်ပြီး သွားနေတာကွ "
" ဟင် ... ဒီတစ်ခါလဲ လောမိသားစုပဲလား ။ လောမိသားစုမှာ ဘာတွေ ဖြစ်နေတာလဲ မသိဘူး "
အားလုံး တစ်ယောက်တစ်ပေါက် ခန့်မှန်းနေကြသော်လည်း ဖြစ်ပျက်နေသည့် ကိစ္စအတိကျကိုမူ မည်သူမှ မသိကြချေ။
ထိုအချိန်တွင် လောမိသားစုသို့ ချဥ်းကပ်လာသော ဘုရင်ကျင်းဖန်မှာ အေးစက်စက် အငွေ့သက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
" ဟင် .. ဒီ အသက်ရှူသံက .. "