← Chapters

လူသတ်လိုစိတ်

Vol. 3 Ch. 36

လူသတ်လိုစိတ်

Vol. 3 Ch. 36

တစ်ချိန်တည်းမှာပင် လောမိသားစု အိမ်တော်တွင်း တစ်နေရာ၌ ...

နျိုဝူဖုန်း၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။

" ဒီအရောင်အဝါက .. "

သူက ချက်ချင်းပင် အိမ်ရှေ့ မြေကွက်လပ်သို့ ပြေးသွားကာ အပေါ်သို့ မော့ကြည့်လိုက်သည်။

ရွှေရောင် ဧရာမငှက်ကြီးက ကောင်းကင်တစ်ခုလုံးအား လွှမ်းခြုံထားသည်ကို သူ တွေ့လိုက်ရ၏ ။

" ဘုရင် ကျင်းဖန်ပဲ "

" နျိုဝူဖုန်း လား .. "

ထိုသားရဲနှစ်ကောင် တစ်ယောက်ကို တစ်ယောက် မြင်လိုက်သည်နှင့်  သူတို့၏ မျက်လုံးထဲတွင် ရန်လိုသည့် အရိပ်ယောင်များ ဖြတ်ပြေးသွားကြသည်။

" ဘုရင် ကျင်းဖန်ကရော လောမိသားစုကို လာတိုက်ခိုက်တာလား ။ ဒီကောင်က အင်မတန် မာယာများတဲ့ကောင်ပဲ ။လောလောဆယ် ငါက ဒဏ်ရာလဲ ရထားတာဆိုတော့ သူ့ကို တားနိုင်ပါ့မလားတောင် မသေချာဘူး "

နျိုဝူဖုန်းက ဘုရင်ကျင်းဖန်ကို စိုက်ကြည့်ကာ သူ့လက်ထဲမှ တင်းပုတ်ကို တင်းတင်းဆုပ်ထားလိုက်သည်။

" နျိုဝူဖုန်းက ငါးရောင်ခြယ်နတ်နွားပဲ ။ သူ့ရဲ့ နတ်ဘုရားသွေးက ငါ့ထက်တောင် ပိုအစွမ်းထက်တယ် ။ ကြည့်ရတာ တိုက်ပွဲကြီးတစ်ခုတော့ ဖြစ်တော့မယ်နဲ့တူတယ် "

ဘုရင်ကျင်းဖန်မှာလည်း အလွန်စွမ်းအားကြီးသော ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရကဲ့သို့ ခံစားလိုက်ရသည်။

ထိုအချိန်တွင် ကျောပေါ်မှ လောထျန်းက သူ့ခေါင်းကို ရုတ်တရက် ပုတ်လိုက်သည်။

" ခင်ဗျားရဲ့ လူသတ်ချင်စိတ်ကြီးကို ခန သိမ်းထားစမ်းပါ ။ ကျုပ်တို့က မိသားစုတွေပဲ "

လောထျန်း ပြောလိုက်သည်။

" ဦးလေးလား "

လောထျန်းကို မြင်သောအခါ နျိုဝူဖုန်း၏ မျက်လုံးများ ပျော်ရွှင်မှုကြောင့် အရောင်လက်သွားကြသည်။

ဦးလေး ဟူသော နာမည်ကြောင့် လောထျန်း အနည်းငယ် စိတ်ညစ်သွားသည်။

ဘုရင်ကျင်းဖန်မှာလည်း လောထျန်းကိုတစ်လှည့် နျိုဝူဖုန်းကိုတစ်လှည့် နားမလည်နိုင်စွာ  အံ့သြတကြီး ကြည့်နေ၏ ။

ဦးလေး ဟု ခေါ်လိုက်သည်လား ...

ထို့နောက် ဘုရင်ကျင်းဖန်က လောထျန်း၏ ညွှန်ကြားချက်အတိုင်း အိမ်ရှေ့ကွင်းပြင်တွင် ဆင်းသက်လိုက်သည်။

သူ့ခန္ဓာကိုယ်ကိုလည်း ဧရာမ ငှက်ကြီးအဖြစ်မှ တောင်ပံနှစ်ဖက်ပါသည့် လူခန္ဓာကိုယ် ၊ ငှက်ခေါင်းနှင့် လူအဖြစ်သို့ ပုံပြောင်းလိုက်သည်။

ထိုသို့ ပြောင်းပြီးသည့်တိုင် သူ့အရပ်က ဆယ်ပေကျော် ရှည်လျားနေပြီး နျိုဝူဖုန်းနှင့် မတိမ်းမယိမ်းဖြစ်နေသည်။

" ခင်ဗျားက ဒီမှာပဲ ခဏစောင့်နေခဲ့ ၊ ကျုပ်အဖေနဲ့ သွားတွေ့လိုက်ဦးမယ် "

လောထျန်းက အမိန့်ပေးကာ ချက်ချင်း ထွက်သွားလိုက်သည်။

အိမ်ရှေ့ကွက်လပ်တွင် နျိုဝူဖုန်းနှင့် ဘုရင်ကျင်းဖန်တို့ နှစ်ယောက်တည်းသာ ကျန်ခဲ့တော့၏။

" ဟေ့ ဘုရင်ကျင်းဖန် ၊ မင်းက ဘာဖြစ်လို့ ငါ့ဦးလေးနဲ့ ရှိနေရတာလဲ "

နျိုဝူဖုန်းက သံသယမကင်းသည့် အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။

ဘုရင်ကျင်းဖန်ကလည်း သူ့ကို ပြန်ကြည့်ကာ တည်ငြိမ်စွာ ဖြေ၏ ။

" ငါက ငါ့သခင်နောက်ကို လိုက်ခဲ့တာလေ "

" သခင် .. ? မင်းက ငါ့ဦးလေးရဲ့ စီးတော်ယာဥ် ဖြစ်သွားတာလား ။ ဒါ .. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ။ မင်းက အချုပ်အနှောင်နဲ့ နေရတာကို အမုန်းဆုံး မဟုတ်ဘူးလား "

နျိုဝူဖုန်းက ဘုရင်ကျင်းဖန်အား အံ့သြတကြီး ကြည့်လိုက်သည်။

သားရဲများ ဖြစ်ကြသည့် သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် သိခဲ့ကြသည်မှာ နှစ်များစွာ ကြာခဲ့လေပြီ။

ထို့ကြောင့် တစ်ယောက်၏ဒေါသကိုလည်း တစ်ယောက် သိကြ၏ ။

ဘုရင်ကျင်းဖန်မှာ အခြားသူလက်အောက်တွင် အညံ့ခံနေရမည့်အစား သေရမှာကိုသာ ပိုနှစ်ခြိုက်သူတစ်ဦး မဟုတ်ပါလား ။

ဘုရင်ကျင်းဖန်ကလည်း နျိုဝူဖုန်းကို ကြည့်ကာ ​ပြန်ပြောသည်။

" ပြောရရင်တော့ အရှည်ကြီးပဲကွာ ။ ဒါနဲ့ မင်းက ဘာလို့ ငါ့သခင်ကို ဦးလေးလို့ ခေါ်နေရတာလဲ "

နျိုဝူဖုန်းက ခြောက်ကပ်ကပ်ရယ်ကာ

" ငါ့အမေက ခေါ်ခိုင်းတာကွ "

ဟု ပြန်ပြော၏ ။

" မင်းအမေ ဟုတ်လား .. "

ဘုရင်ကျင်းဖန်မှာ အစပိုင်းတွင် ရုတ်တရက် သတိမရဘဲ ဖြစ်နေပြီး နောက်မှသာ အံ့သြတကြီး ပြောလိုက်သည်။

" မင်းအမေ သင်္ချိုင်းဂူထဲကနေ ထွက်လာပြီလား ။ သူ့ကို ချုပ်နှောင်ထားတဲ့ ဓားက ဒီလောက်အစွမ်းထက်တာကို .. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "

လွန်ခဲ့သော နှစ်များစွာက နျိုဝူဖုန်းသည် သူ့အား ထျန်းတန့်တောင်သို့ ဖိတ်ခေါ်ကာ ထိုအချုပ်အနှောင်ဓားကို သူတို့နှစ်ယောက် အတူတကွ ဖျက်ဆီးရန် ကြိုးစားခဲ့ကြဖူး၏ ။

သို့သော် တစ်ချက်တည်း ကြိုးစားကြည့်ရုံဖြင့်ပင် ဘုရင်ကျင်းဖန်မှာ ရှေးဟောင်းဓား၏ ဓားစိတ်ဆန္ဒကြောင့် လွင့်စင်ထွက်သွားခဲ့ရကာ သေမလိုပင် ဖြစ်ခဲ့ရသည်။

သို့ဖြစ်ရာ ထိုအချုပ်အနှောင်က မည်မျှအစွမ်းထက်သည်ကို သူ ကောင်းကောင်းသိပေသည်။

သို့သော် အချိန်အတန်ငယ် ကြာပြီးနောက်တွင်မူ ဘုရင်ကျင်းဖန်က သဘောပေါက်သွားဟန်ဖြင့်

" ငါ့သခင်က ... ဖြစ်နိုင်ပါ့မလားကွာ "

နျိုဝူဖုန်းက ဂုဏ်ယူစွာ ပြန်ဖြေ၏ ။

" ဟုတ်တယ် ၊ ငါ့ဦးလေးက ရှေးဟောင်းဓားကို လွယ်လွယ်လေး ဆွဲထုတ်ပြီး ငါ့အမေကို ကယ်ခဲ့တာ။ နောက်တော့ ငါ့အမေက သူ့ကို အကိုကြီးအဖြစ် သတ်မှတ်လိုက်တော့ သူက ငါ့ဦးလေး ဖြစ်လာတာပဲ "

ဘုရင်ကျင်းဖန်က နျိုဝူဖုန်းကို မျက်လုံးပင့်ကြည့်ကာ

" မင်းရဲ့ အဖြစ်ကလဲ တော်တော်ရှုပ်ပါလားကွာ ။ ဒါနဲ့ မင်းအမေက အချုပ်အနှောင်က လွတ်လာပြီဆိုတော့ အခု ဘယ်ကျင့်ကြံခြင်းအဆင့်ကို ရောက်နေပြီလဲ။ သူက သခင်ကို ဘယ်လိုမြင်တယ်လို့ ပြောသေးလဲ "

ဟု မေးလိုက်သည်။

ဘုရင်ကျင်းဖန်မှာ သူကိုယ်တိုင်က လောထျန်း၏ ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်သည့်အတွက် နျိုထျဲ့ချူ မည်သို့ တွေးသည်ကို မေးလိုက်ခြင်းဖြစ်သည်။

နျိုဝူဖုန်းက နှာခေါင်းကို ကုတ်ကာ ပြန်ဖြေ၏ ။

" ငါ မေးသေးတယ်ကွ ။ ငါ့အမေကတော့ လက်ရှိ ကွေ့ရှ အဆင့်မှာ ။ ဒါပေမယ့် သူ့ကျင့်ကြံခြင်းအဆင့်က မတည်ငြိမ်တော့ ကွေ့ရှ ပထမအဆင့်လို့ပဲ ပြောနိုင်သေးတယ်။ သူပြောတာတော့ အခုလောလောဆယ်မှာ သူက ငါ့ဦးလေးကို မယှဥ်နိုင်သေးဘူးတဲ့ ။ အရင်က သူ့အစွမ်းအပြည့်ကို ပြန်ရရင်တော့ ဦးလေးကို အနိုင်ယူနိုင်လိမ့်မယ်လို့ ပြောတယ် "

ကြားလိုက်ရသည့် စကားကြောင့် ဘုရင်ကျင်းဖန်၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။

" ကွေ့ရှ ပထမအဆင့်က ကျင့်ကြံသူတောင် သခင်လေးအတွက် ပြိုင်ဘက်မဟုတ်ဘူးတဲ့လား .. "

သူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

" အင်း .. ဒါက လောလောဆယ်အတွက်ပေါ့ကွာ ။ ငါ့အမေ ပြောတာတော့ တကယ်လို့ ဦးလေးသာ နောက်တစ်ဆင့်ကို ထပ်တက်သွားမယ်ဆိုရင် သူ့အစွမ်းအပြည့် ပြန်ရရင်တောင် ယှဥ်နိုင်တော့မှာ မဟုတ်ဘူးတဲ့ "

" ဟင် .. "

ဘုရင်ကျင်းဖန် အံ့အားသင့်သွားရပြန်သည်။

တစ်ဖက်တွင်မူ အိမ်တော်ခန်းမအတွင်း၌ ..

လင်းဖန် ပြန်ရောက်နေသည့် သတင်းကို ကြားသည့်အတွက် လောမိသားစုမှ လူတိုင်း ခန်းမဆောင်ထဲ စုဝေး ရောက်ရှိနေကြသည်။

" ထျန်းလေး .. အားလုံး အဆင်ပြေ ချောမွေ့ခဲ့ရဲ့လား "

လောဖုန်း မေးလိုက်သည်။

" ဟုတ်ကဲ့ ၊ တခြားပစ္စည်းတွေ အားလုံးတော့ ရခဲ့ပြီဗျ ။ သဘာဝစိတ်စွမ်းအင် သလင်းကျောက်တစ်ခုပဲ ကျန်တော့တယ်။အဲ့ဒါကို ရဖို့က နောက်ရက်ပိုင်းအတွင်း ကျီဝေ့လျှို့ဝှက်ဒေသ ဖွင့်မှပဲ ယူလို့ရမှာ။ ဒါပေမယ့် ကျွန်တော့ဆီမှာ ကျီဝေ့လျှို့ဝှက်ဒေသကို ဝင်ဖို့ သော့လဲ ရခဲ့ပြီ "

လောထျန်း ပြောပြလိုကါသည်။

လောဖုန်း အလွန်ဝမ်းသာပျော်ရွှင်သွား၏ ။

" ကောင်းတယ် .. ကောင်းတယ် ၊ ကျန်တဲ့ပစ္စည်းတွေကိုလဲ အဖေတို့ အားလုံး ရှာထားပြီးပြီ။ ကျီဝေ့လျှို့ဝှက်ဒေသ ဖွင့်ပြီဆိုတာနဲ့ သား စိတ်စွမ်းအင်စုဆောင်းခြင်းအဆင့်ကို ရောက်နိုင်တော့မယ် "

လက်ရှိ ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်သာ ရှိသေးသည့် လောထျန်းက ဤမျှ အစွမ်းနေပါလျှင် ...

စိတ်စွမ်းအင် စုဆောင်းခြင်းအဆင့်သို့သာ ရောက်သွားခဲ့ပါက  ....

လောဖုန်း ဆက်ပင် မတွေးရဲတော့ချေ။

" ဒါနဲ့ အဖေ ၊ ကျွန်တော် ဒီကိုလာတဲ့အချိန် မြို့ထဲ နေရာတော်တော်များများမှာ မီးခိုးတွေ တွေ့ခဲ့ရတယ်။ ဘာတွေ ဖြစ်ထားတာလဲ "

လောထျန်း မေးလိုက်သည်။

လောဖုန်းက အပြုံးဖြင့် ပြန်ဖြေ၏ ။

" ဘာမှ မဟုတ်ပါဘူးကွာ ၊ မြို့ထဲက ဂိုဏ်းကြီး ဂိုဏ်းငယ်တွေက အဖေတို့ လောမိသားးစုရဲ့ ပိုင်ဆိုင်မှုတွေ အတင်းလုယူဖို့ ကြိုးစားကြတာ။ ဒါပေမယ့် အခုတော့ သူတို့အားလုံး အဖေတို့လက်ချက်နဲ့ ​ပြောင်ရှင်းသွားပြီ "

လောထျန်း ရုတ်တရက် အံ့အားသင့်သွားပြီးနောက် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

" သူတို့က ဘယ်လိုဖြစ်ပြီး လောမိသားစုကို တိုက်ခိုက်ရဲရတာလဲ ။ ဒါ ဘယ်လိုဖြစ်သွားတာလဲ "

လောမိသားစု၏ အစွမ်းသည် ပျောင်ပိုင်မြို့တွင် ဒုတိယတန်းစားဆိုသည်ကို သူသိထား၏ ။

လွန်ခဲ့သော နှစ်များအတွင်း သူတို့မိသားစုကို ယှဥ်ရဲသူမှာ လီမိသားစု တစ်ခုတည်းသာရှိပေသည်။

ထိုလူများက ရူးသွပ်နေ၍ လောမိသားစုကို လာတိုက်ခိုက်ခြင်းလား .. ။

" ဘာဖြစ်လို့လဲဆိုတော့ သူတို့က လောမိသားစု အဖျက်ဆီး ခံလိုက်ရပြီလို့ ထင်လို့ကွ "

လောဖုန်းက သူတို့ လောမိသားစုကို ဖျက်ဆီးရန် ရောက်လာသည့် ကောင်းကင်ထိန်းချုပ်အဆင့် ကျင့်ကြံသူ သုံးဦးအကြောင်းကို ပြောပြလိုက်သည်။

သို့သော် သူ စကားမဆုံးခင်မှာပင် တစ်ဖက်မှ လောထျန်းက ခေါင်းအနည်းငယ် ငုံ့နေကာ တစ်ကိုယ်လုံး လူသတ်ချင်နေသည့် အရိပ်အငွေ့များဖြင့် ဖုံးလွှမ်းနေသည်ကို သတိထားမိလိုက်သည်။

" ထျန်းလေး .. "

ထိုမြင်ကွင်းကြောင့် လောဖုန်း အံ့သြမှင်သက်သွားရသည်။

သူ့မျက်လုံးဖြင့် ကိုယ်တိုင်သာ မမြင်ရပါက သူ လောထျန်း၏ ယခုပုံစံအား မှတ်ပင် မှတ်မိမည် မထင်ချေ။

" မိသားစုတစ်ခုလုံးကို သတ်ဖို့ လာခဲ့ကြတာပေါ့ .. ။ သူတို့က ဘယ်သူတွေလဲ ။ ဘယ်ဇာတိ မျိုးရိုးကလဲ "

လောထျန်း၏ အသံက ရေခဲတမျှ အေးစက်နေသည်။

ထိုအရာများ အားလုံးက လန်ရှို့၏ လက်ချက်ဖြစ်မည်ဟု သူ မထင်ထားခဲ့ပါချေ။လန်ရှို့က သူတို့ တစ်မိသားစုလုံးကို သတ်ရန် ကြိုးစားပါမည်လား .. ။

နျိုဝူဖုန်းသာ မရှိနေခဲ့ပါက ယခုအချိန် သူတို့တစ်မိသားစုလုံး သေဆုံးနေကြလောက်လေပြီ။

ဖြစ်နိုင်ချေကို တွေးလိုက်ရုံဖြင့်ပင် သူ့ နှလုံးသားထဲမှ နာကျင်မှုကို လောထျန်း ခံစားလိုက်ရသည်။

သူသည် ဤကမ္ဘာကြီး၏ ရက်စက်မှုများကို သိထားပြီးသည့်တိုင် ရိုးအလွန်းနေသေးသည်ကို သတိထားမိလိုက်ရလေပြီ။

" သခင်လေး .. ကျုပ်တို့ သေချာ စစ်ဆေးစုံစမ်းပြီးသွားပြီ ။ သုံးယောက်ထဲမှာ တစ်ယောက်က နတ်ဆိုးဝိဥာဥ်နန်းတော်က ဆံနီဝိဥာဥ်လို့ ခေါ်တဲ့ လူသတ်သမားပဲ ။ သူ့ကို လန်မိသားစုက ငှားထားတာ ။ နောက်တစ်ယောက်ကတော့ တင်းချန်လို့ ခေါ်တဲ့ ကောင်းကင်ထိန်းချုပ်အဆင့်က ဓားသမားပဲ ။ သူကတော့ ကျန်းရွှယ်ဂိုဏ်းကြောင့် လာခဲ့တာ။ နောက်ဆုံးတစ်ယောက်ကတော့ ရှန်းဝူနန်းတော်က အရာရှိတစ်ယောက်ပဲ "

တတိယအကြီးကဲက ပြောပြလိုက်သည်။

ထိုအချိန်တွင် သူသည်လည်း လောထျန်းဆီမှ ပုံမှန်မဟုတ်သည့် လူသတ်အရိပ်အငွေ့ကို သတိထားမိသည့်အတွက် ဂရုတစိုက် လေးလေးစားစား ပြောလိုက်သည်။

ပုံမှန်တွင်မူ အကြီးကဲများက သူတို့ထက်အငယ် ကျင့်ကြံသူများကို ထိုသို့ ဆက်ဆံလေ့ မရှိပါ ။

" လန်မိသားစု  ၊ နတ်ဆိုးဝိဥာဥ်နန်းတော်  ၊ ကျန်းရွှယ်ဂိုဏ်း ၊ ရှန်းဝူနန်းတော် .. ကောင်းပြီဗျာ ။ အားလုံး ဒီမှာပဲ နေခဲ့ကြပါ ။ကျုပ် မကြာခင် ပြန်လာခဲ့မယ် "

လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် အိမ်ရှေ့ကွက်လပ်သို့ ထွက်လာခဲ့လိုက်သည်။

" ဦးလေး ... "

နျိုဝူဖုန်းသည် လောထျန်းအား နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း လောထျန်းဆီမှ ကြောက်မက်ဖွယ် လူသတ်အရိပ်အငွေ့များကို မြင်လိုက်ရသည့်အတွက် စကားဆက်မပြောရဲပဲ  ဖြစ်သွားသည်။

" နျိုဝူဖုန်း လောမိသားစုကို စောင့်ရှောက်ထားပါ။ လောမိသားစုကို ဒုက္ခလာပေးတဲ့ ဘယ်သူ့ကိုမဆို နေရာမှာတင် အသေသတ်လိုက် "

လောထျန်း အေးစက်စက် ပြောလိုက်သည်။

All Chapters