← Chapters

လန်မိသားစု ဖျက်ဆီးခံရခြင်း

Vol. 3 Ch. 38

လန်မိသားစု ဖျက်ဆီးခံရခြင်း

Vol. 3 Ch. 38

လုံယင့်ချုံ သက်ပြင်းချလိုက်သည်။

" အခုတော့ အဲ့ဒါတွေ အရေးမကြီးတော့ပါဘူး ၊ လန်မိသားစု ပျောက်ကွယ်သွားဖို့ ကံကြမ္မာ ပါလာတာပေါ့ဗျာ "

ကွေ့ရှအဆင့်ဟု ယူဆရသည့် ကျင့်ကြံသူတစ်ဦးကသာ ဒေါသထွက်နေပါက ယွင်ရွှေမြို့မှ မိသားစုငယ်လေးတစ်ခု မဆိုထားဘိ ...

ယဲ့ဖုန်းနိုင်ငံတွင် ဒုတိယတန်းအဆင့်ရှိသည့် သူတို့ ကျိုးယွဲ့ဂိုဏ်းပင် ဖျက်ဆီးခံလိုက်ရမည် ဖြစ်သည်။

" ဆရာ .. "

ထိုအချိန်တွင် မိန်းကလေး ဝူယွီရုံက တုန်ယင်နေသော အသံဖြင့် ပြောလာ၏။

" အေး ..ဘာဖြစ်လို့လဲ "

လုံယင့်ချုံ မေးလိုက်သည် ။

" ဆရာ ..ကျွန်မကို ပါရမီ ထူးချွန်တဲ့သူတစ်ယောက်လို့ ပြောခဲ့တယ်နော် ။ ဒါပေမယ့် အစောက ကျွန်မနဲ့ အသက်ရွယ်တူလောက်ပဲ ရှိတဲ့ လူငယ်လေးက ကျွန်မထက် ဘာလို့ အများကြီးပိုပြီး အစွမ်းထက်နေရတာလဲ "

လောထျန်းနှင့် အကြည့်ချင်း ဆုံပြီးနောက် သူမ၏ စိတ်စွမ်းအင်များ  ပြိုကျပျက်စီးသွားတော့မည့်အလား ဝူယွီရုံ ခံစားခဲ့ရ၏။

ဝူယွီရုံ သည် ထူးချွန်သော အရည်အချင်း ရှိထားသည့်တိုင် သူမ၏ နှလုံးသားက ပျော့ညံ့ကာ သူမကိုယ်သူမ အမြဲ သံသယဝင်တတ်သူလည်း ဖြစ်သည်။

ယခု လောထျန်းနှင့် ဆုံပြီးနောက် သူမကိုယ်သူမ အသုံးမဝင်သူ တစ်ယောက်အဖြစ်ပင် မြင်သွား၏ ။

လုံယင့်ချုံက သူမ ဖြစ်ပျက်နေပုံကို ကြည့်ကာ ဆူလိုက်သည်။

" အရူးလေး .. အစောက လူက နင်နဲ့ အသက်တူတူပဲလို့ ထင်နေတာလား "

ဝူယွီရုံ အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်သည်။

" မဟုတ်ဘူးလား .. "

လုံယင့်ချုံက မရွှင်မပျ ပြန်ဖြေသည်။

" ဒီလိုအသက်အရွယ်နဲ့ လူတစ်ယောက်က အဲ့လောက်အစွမ်းထက်နေတာ ဘယ်တုန်းက မြင်ဖူးလို့လဲ ။ ဒီလူက သူ့ရုပ်ရည်ကို လျှို့ဝှက်ဖုံးကွယ်ထားတာပဲ ဖြစ်နိုင်တယ်။ သူက ငါ့ထက်တောင် အသက်ကြီးရင် ကြီးနေမှာ "

ဝူယွီရုံ အံ့သြတုန်လှုပ်သွားသည်။

" တကယ်လား .. "

" တခြား ဘာဖြစ်နိုင်ဦးမှာလဲ ။ အသက် နှစ်ဆယ်ဝန်းကျင်ပဲ ရှိသေးတဲ့ လူတစ်ယောက်က ငါ့ထက် ပိုပြီးအစွမ်းထက်နေတာ ဖြစ်နိုင်ပါ့မလား "

လုံယင့်ချုံ ရှူးရှူးရှားရှား ပြန်ပြော၏ ။

ဝူယွီရုံက ထိုအချိန်မှသာ စိတ်အေးသွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

" အဲ့လိုပဲနဲ့ တူပါတယ် "

သူမ၏ ယုံကြည်ချက်များ ပြန်ရလာသည်ကို မြင်သောအခါ လုံယင့်ချုံ စကားဆက်လိုက်သည်။

" သူ့အသက်က ဘယ်လောက်ပဲရှိရှိ သူ့အစွမ်းကတော့ မေးခွန်းထုတ်စရာ မလိုတာ သေချာတယ်။ မိန်းကလေး .. သေချာမှတ်ထားနော် ။ နောင် သိုင်းလောထဲကမှာ ခရီးသွားတဲ့အချိန်ကြရင် သူနဲ့တွေ့တာနဲ့ ကိုယ့်ဘက်မှ သူ့ကို ဘာမှ မစော်ကားမိအောင် သတိထားရမယ်။ ဒီလိုအဘိုးကြီးတွေက ဒေါသထွက်ရင် အင်မတန်ကြောက်စရာကောင်းတယ် "

ဝူယွီရုံ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" ဟုတ်ကဲ့ .. ကျွန်မ ဆရာပြောတဲ့အတိုင်း လိုက်နာပါ့မယ် "

အခြားတစ်ဖက် .. လန်မိသားစုအိမ်တော်၌ ...

" ဟင် .. အဲ့ဒါ ဘာကြီးလဲ .. ဧရာမ ငှက်ကြီးပဲကွ "

" သားရဲတစ်ကောင်ပဲ .... ဒီသားရဲက ဘာလို့ ဒီကို ရောက်နေတာလဲ ။ မိသားစုခေါင်းဆောင်ကို အမြန်သွားပြီး သတင်းပို့ကြ "

သို့သော် သူတို့သတင်းမပို့နိုင်ခင်မှာပင် ..

လန်မုန့်က တစ်ခုခု မှားနေသည်ကို ချက်ချင်း ရိပ်မိသွားကာ အိမ်ရှေ့ မြေကွက်လပ်သို့ ပြေးထွက်လာသည်။

ဧရာမ ခန္ဓာကိုယ်ကြီးနှင့် ဘုရင်ကျင်းဖန်ကို တွေ့သောအခါ သူ အံ့သြမှင်သက်သွား၏။

" သခင်ကြီး .. ကျုပ်က လန်မိသားစု ခေါင်းဆောင် လန်မုန့်ပါ ။ သခင်ကြီး ကျုပ်တို့ မိသားစုကို ဘာဖြစ်လို့ လာခဲ့တာလဲ သိခွင့် ရှိမလားဗျာ ။သခင်ကြီး တောင်းဆိုချင်တာ တစ်ခုခုရှိရင်လဲ ကျုပ်တတ်နိုင်သလောက် ဖြည့်ဆည်းပေးပါ့မယ် "

ဘုရင်ကျင်းဖန်က မည်သည့်အတွက်ကြောင့် လာခဲ့သည်ကို မသိသဖြင့် လန်မုန့် အတတ်နိုင်ဆုံး ချိုသာစွာ ပြောလိုက်သည်။

ဘုရင်ကျင်းဖန်၏ အစွမ်း အတိအကျကို သူ မသိသော်လည်း အကယ်၍ ဘုရင်ကျင်းဖန်သာ သူ့အား သတ်ချင်ပါက အလွယ်အကူ သတ်နိုင်မည်ကို သူ သိပေသည်။

သို့သော် ထိုအချိန်တွင် ...

" လန်မုန့် .. ခင်ဗျားကြီးက တော်တော်ရဲတင်းပါလား "

ဘုရင်ကျင်းဖန်၏ ကျောပေါ်မှ လောထျန်း၏ အသံ ထွက်ပေါ်လာသည်။

လောထျန်းက လန်မုန့်အား ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်သည့်အကြည့်ဖြင့် ထီမထင်စွာ ကြည့်နေ၏ ။

လန်မုန့်က အသံကြားကြားချင်း မော့ကြည့်လိုက်သောအခါ လောထျန်းကို တွေ့သွားပြီး သူ့မျက်လုံးများ ပြူးကျယ်သွားသည်။

" လော .. လောထျန်းပါလား .. မင်း မသေသေးဘူးပေါ့ "

ထိုသိူ့ ပြောပြောပြီးချင်း သူစကားမှားသွားသည်ကို လန်မုန့် သိလိုက်သည်။ ထို့နောက် သူက ချက်ချင်း ပြုံး၍

" တူလေး .. ဒီကို ဘာလာလုပ်တာလဲကွ "

ဟု ပြောလိုက်သည်။

လောထျန်းက သူန်မှုန်နေသည့် မျက်နှာဖြင့် ပြန်ပြောသည်။

" တူလေး ဆိုပါလား .. ။ အဘိုးလို့ ခေါ်စမ်းပါကွ ။ လန်မုန့် .. ခင်ဗျားအသက်ကို ကျုပ်တို့ လောမိသားစုက ပေးထားတာနော် ။ ခင်ဗျားရဲ့ သမီးနဲ့ ကျုပ်ကို လက်ထပ်ပေးဖို့ကိုလဲ ခင်ဗျားကိုယ်တိုင်ပဲ စပြောခဲ့တာ "

" ဒါပေမယ့် နောက်တော့ ခင်ဗျားက စိတ်ပြောင်းပြီး စေ့စပ်ထားတာကို ရုတ်သိမ်းဖို့ လန်ရှို့ကတဆင့် ပြောခဲ့တယ်။ ဒါကိုလဲ ကျုပ် လွယ်လွယ်ပဲ သဘောတူခဲ့တာပါ။ ကျုပ်ဘက်က အကောင်းဆုံး လုပ်ပေးခဲ့တာကိုတောင် ခင်ဗျားတို့ လန်မိသားစု လုပ်ပုံက မဟုတ်သေးဘူး။ အရင်ဆုံး ခင်ဗျားသမီးက သူ့ဆရာရဲ့ အကူအညီနဲ့ ကျုပ်တို့ လောမိသားစုကို ဖျက်ဆီးပစ်ဖို့ ကြိုးစားခဲ့တယ် "

" ကျုပ်က သူ့ဆရာကိုလဲ သတ်လိုက်ရော အေးအေးဆေးဆေး နောက်ဆုတ်ရမယ့်အစား ပိုပြီးတောင် ဆိုးလာသေးတယ်။ ခင်ဗျားတို့က လူသတ်သမားတောင် ငှားပြီး ကျုပ်တို့ လောမိသားစုကို ဖျက်ဆီးခိုင်းလိုက်သေးတယ် "

" လန်မုန့် ..လန်မုန့် .. ကျုပ် ခင်ဗျားတို့ကို အခွင့်အရေး တစ်ခုထက်မက အများကြီး ပေးခဲ့တာနော်။ ဒါတောင် ခင်ဗျားကြီးတို့က သေဖို့ပဲ လမ်းရှာကြတာကိုး "

လောထျန်း၏ စကားကို နားထောင်နေရင်း လန်မုန့် အပြစ်သားတစ်ယောက်ပမာ ခံစားလိုက်ရသည်။

မည်သို့သော အကြောင်းပြချက်မျိုး ပေးပါစေ ၊ ယခုကိစ္စက သူ့အမှားသာ ဖြစ်သည်ကို သူကိုယ်တိုင်လည်း သိ၏ ။

" လောထျန်း .. အရင်က ငါတို့ လန်မိသားစုဘက်က ဘယ်လိုပဲ မှားခဲ့ပါစေ အခုလောလောဆယ် စိတ်ကို အရင်လျှော့ပါဦးကွာ ။ ငါတို့ လန်ရှို့လေးက အခုဆို ရှန်းဝူ မင်းသားနဲ့ ပတ်သက်နေတဲ့သူ ဖြစ်နေပြီ။ မင်း ငါတို့ကို တိုက်ခိုက်မယ်ဆိုရင် ရှန်းဝူနန်းတော်က မင်းကို ဒီတိုင်း အလွတ်ပေးမှာ မဟုတ်ဘူး "

" ဒီတော့ အခု ငါတို့ နှစ်ယောက်လုံး နောက်ဆုတ်ပြီး မင်း အိမ်ပြန်လိုက်တော့ ။ ဒါဆို ငါလဲ ရှန်းဝူနန်းတော်ကို မင်းကို ဘာမှမလုပ်အောင် ပြောပေးမယ် ၊ ဘယ်လိုလဲ "

လန်မုန့်က ရှန်းဝူနန်းတော်ကို သုံး၍ လောထျန်းအား ခြိမ်းခြောက်ရန် ကြိုးစားလိုက်သည်။

" ရှန်းဝူနန်းတော် ဟုတ်လား .. ဘယ်လို အမှိုက်စကားတွေ လာပြောနေတာလဲ ။ ရှန်းဝူနန်းတော် မပြောနဲ့ ကောင်းကင်ဘုံနဲ့ ငရဲကတောင် ခင်ဗျားတို့ လန်မိသားစုကို ဒီနေ့ ကျုပ်လက်ကနေ လွတ်အောင် ကယ်ပေးနိုင်မှာ မဟုတ်ဘူး "

လောထျန်းက တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြော၏ ။

ချွင် ..

ထို့နောက် ချက်ချင်းပင် သူ့လက်ထဲ၌ လှံရှည်တစ်ချောင်း ပေါ်လာသည်။

" လော မိသားစုကို ဖျက်ဆီးပစ်ရမယ် "

လောထျန်းက ပြောပြောဆိုဆိုပင် ကောင်းကင်ဘုံ လှံကျင့်စဥ်ကို စသုံးလိုက်သည်။

ဘုန်း ...

တမဟုတ်ချင်းပင် သူ့လှံရှည်ထိပ်မှ ထောင်နှင့်ချီသော စွမ်းအင်မီးလုံးများ ထွက်ပေါ်လာပြီး လန်မိသားစု အိမ်တော်အနှံ့ ကျသွားသည်။

" လောထျန်း .. "

လန်မုန့်သည် ဒေါသတကြီး အော်ဟစ်ရန် ပြင်လိုက်သော်လည်း သူ့စကား မဆုံးခင်မှာပင် အစွမ်းထက်သော စွမ်းအင်မီးလုံးများကြောင့် တစ်ကိုယ်လုံး အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။

သူတစ်ယောက်တည်းတင်မက သူ့နောက်မှ အခြား လန်မိသားစုဝင်များလည်း နေရာ၌ပင် အပိုင်းပိုင်း ပြတ်သွားကြ၏ ။

ခဏအကြာတွင်မူ ကမ္ဘာကြီးတစ်ခုလုံး ပျက်သွားတော့မည့်အလား ဝင်းထဲရှိ အဆောက်အဦးများ နှင့် မြေကြီးပါ ပြိုကျသွားကြသည်။

ထိုအချိန်တွင် အလွန်ကြောက်ရွံ့ တုန်လှုပ်နေဟန်ရှိသည့် လန်ရှို့ကိုလဲ လောထျန်း မြင်လိုက်ရသည်။ သူမသည် ခြေနှစ်ဖက်လုံး ကျိုးနေသဖြင့် ထွက်ပင် မပြေးနိုင်ပါချေ။

သူမက လောထျန်းအား မီးပွင့်မတတ်ကြည့်ကာ အော်လိုက်သည်။

" လောထျန်း ကျွန်မ သရဲဖြစ်သွားရင်တောင် ရှင့်ကို အလွတ်မပေး ... "

သို့သော် သူမ၏ စကားမဆုံးခင်မှာပင် စွမ်းအင်မီးလုံးများကြောင့် တစ်ကိုယ်လုံး အပိုင်းပိုင်း ပြတ်သွား၏ ။

ဤသို့ဖြင့် စက္ကန့်ပိုင်းအတွင်းမှာပင် လန်မိသားစု တစ်ခုလုံး သုတ်သင်ရှင်းလင်း ခံလိုက်ရလေပြီ။

" သရဲ ဖြစ်သွားရင်တောင် ငါ့ကို အလွတ်မပေးဘူး ဟုတ်လား ။ မင်း လူဘဝတုန်းကတောင် ငါ့လောက် အစွမ်းမထက်တာ သရဲဘဝနဲ့ ဘာများ လုပ်နိုင်မှာမို့လဲ "

လောထျန်းက လက်တစ်ချက်ဝေ့ကာ လှံရှည်အား လွှင့်ပစ်လိုက်သည်။

ထိုစဥ် ဘုရင်ကျင်းဖန်မှာ သူ့ရှေ့မှ မြင်ကွင်းကြောင့် အံ့သြတုန်လှုပ်နေ၏ ။

" သေချာတယ် .. သခင်လေးရဲ့ အစွမ်းက ကွေ့ရှအဆင့်မှာပဲ "

သူ့စိတ်ထဲမှ ပြောလိုက်သည်။

" ဘုရင်ကျင်းဖန် .. သွားစို့ "

လောထျန်းက သူ့ကျောပေါ်မှ ဆော်သြလိုက်သည်။

" ဟုတ်ကဲ့ .. ဘယ်ကို သွားရမလဲ "

ဘုရင်ကျင်းဖန် မေးလိုက်သည်။

" ကျန်းရွှယ်ဂိုဏ်းကို .. "

ထိုစကားကို ပြောလိုက်သည့် လောထျန်း၏ မျက်လုံးများက အလွန်အေးစက်နေ၏ ။

" ဟုတ်ကဲ့ သွားကြတာပေါ့ "

ဘုရင်းကျင်းဖန်က တောင်ပံခတ်ကာ ကောင်းကင်ယံသို့ တဟုန်ထိုးပျံတက်သွားလိုက်သည်။

..........

ကျန်းရွှယ်ဂိုဏ်း၏ တောင်ထိပ်၌ ...

" သခင်ကြီး .. ဘိုးဘေးက ဂူအောင်း ကျင့်ကြံနေတာကနေ ထွက်လာပြီ "

ကျန်းရွှယ်ဂိုဏ်းမှ တပည့်တစ်ဦးက အပြုံးမျက်နှာဖြင့် ပြောသည်။

" ဟေ .. ပြန်ထွက်လာတာ မြန်လှချည်လား ။ ဒါဆို ဘိုးဘေးက .. "

ကျန်းရွှယ်ဂိုဏ်း၏ ခေါင်းဆောင် ဟွေ့နန်က မျှောင်လင့်တကြီး လှည့်ကြည့်လိုက်သည်။

" သူ .. အောင်မြင်သွားပြီ "

ထိုတပည့်က ပျော်ရွှင်စွာ ပြန်ပြော၏ ။

" အောင်မြင်သွားပြီလား .."

ပုံမှန်တွင် အလွန်တည်ငြိမ်သည့် ဟွေ့နန်မှာ ထိုစကားကို ​ကြားသောအခါ ထိုင်နေရာမှ ချက်ချင်း ထရပ်မိသွားသည်။

" ဟားဟား .. သိပ်ကောင်းတယ်ကွာ ။ သခင်ကြီးသာ မှော်လက်နက်ကို ကောင်းကောင်းကြီး ကျွမ်းကျင်ပိုင်နိုင်သွားပြီဆိုရင် သူတစ်ယောက်တည်းနဲ့တောင် ထုံရွှယ်အဆင့် ကျင့်ကြံသူ သုံးယောက်ကို အေးဆေး အနိုင်ယူနိုင်သွားပြီ။ ဂိုဏ်းရဲ့ သိုင်းကွက်နဲ့သာ ပေါင်းလိုက်ရင် ငါတို့ကျန်းရွှယ်ဂိုဏ်းက ယဲ့ဖုန်းနိုင်ငံမှာ ပထမတန်းအဆင့် ဂိုဏ်းတစ်ခု ဖြစ်သွားပြီကွ "

ဟွေ့နန်မှာ မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုကိုပင် မဖုံးကွယ်ထားနိုင်ပါချေ။

ပထမတန်း ဂိုဏ်းတစ်ခုနှင့် ဒုတိယတန်းအဆင့် ဂိုဏ်းတို့၏ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုက အလွန်ကွာခြားသည် မဟုတ်ပါလား ။

သူ၏ အသိဥာဏ်ပညာနှင့် ဘိုးဘေး၏ အစွမ်းကိုသာ ပေါင်းစပ်လိုက်ပါက သူတို့ ကျန်းရွှယ်ဂိုဏ်းသည် မကြာမီပင် ယဲ့ဖုန်းနိုင်ငံ၏ အစွမ်းထက်ဆုံး ဂိုဏ်းတစ်ခု ဖြစ်လာလိမ့်မည်ဟု သူ ယုံကြည်ချက် အပြည့်ရှိ၏ ။

သို့သော် ထိုအချိန်တွင် ....

ဘုန်း ...

အသံကျယ်တစ်ခုက သူ့စိတ်ကူးများကို နှောင့်ယှက်လိုက်သည်။

All Chapters