ကျန်းရွှယ်ဂိုဏ်း၏ ဘိုးဘေး
Vol. 3 Ch. 39
" သခင်ကြီး .. ဆိုးရွားတဲ့ ကိစ္စတစ်ခုတော့ ဖြစ်သွားပြီ "
ကျန်းရွှယ်ဂိုဏ်းမှ အကြီးကဲတစ်ဦးက ထိတ်လန့်ကြောက်ရွံ့နေသည့် မျက်နှာဖြင့် အပြေးရောက်လာသည်။
" ဘာတွေ ဖြစ်နေတာလဲ "
ဟွေ့နန် မေးလိုက်သည်။
" ဘုရင် ကျင်းဖန် .. ဘုရင်ကျင်းဖန်က ကျုပ်တို့ရဲ့ တောင်ပေါက်ဝကို ဖျက်ဆီးပစ်လိုက်ပြီ "
အကြီးကဲက အမောတကော ပြန်ဖြေ၏။
ဟွေ့နန် အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်သည်။
" ရွှေရောင်ငှက်ကြီး ဘုရင်ကျင်းဖန်လား .. ကျုပ်တို့က သူနဲ့ ဘယ်လိုမှ မပတ်သက်ဘူးလေ ။ သူက ဘာဖြစ်လို့ ကျုပ်တို့ရဲ့ တောင်ပေါက်ဝကို ဖျက်ဆီးလိုက်တာလဲ "
အကြီးကဲ ခေါင်းယမ်းပြလိုက်သည်။
" အဲ့ဒါတော့ မသိဘူး ။ ဒ်ပေမယ့် ဘုရင်ကျင်းဖန်ရဲ့ ဒေါသက သိတဲ့အတိုင်းပဲလေ ... သူသာ ဒေါသထွက်ပြီး စိတ်ထင်ရာစိုင်းရင် အခြေနေ ပိုဆိုးကုန်လိမ့်မယ် "
ဟွေ့နန်၏ မျက်နှာထက်တွင် အေးစက်စက် အပြုံးတစ်ခု ရုတ်တရက် ပေါ်လာ၏ ။
" အရင်တုန်းကဆိုရင်တော့ ဒါ ပြဿနာကြီးတစ်ခု ဖြစ်မှာပဲ ။ ဒါပေမယ့် အခု ကျုပ်တို့ ကျန်းရွှယ်ဂိုဏ်းက အရင်လို မဟုတ်တော့ဘူးလေ "
သူက ထိုသို့ပြောပြီးသည်နှင့် ကျန်းရွှယ်ဂိုဏ်းအတွင်းရှိ ပန်းချီကားတစ်ချပ်ပမာ လှပသော နေရာတစ်ခုသို့ ပျံသန်းသွားလိုက်သည်။ ထိုနေရာသို့ ရောက်သည်နှင့် သူ ချက်ချင်း ဒူးတစ်ဖက် ထောက်လိုက်သည်။
" ဘိုးဘေး .. ကျန်းရွှယ်ဂိုဏ်းက ဒုက္ခနဲ့ ကြုံနေရပါတယ်။ ကျေးဇူးပြုပြီး ကျင့်ကြံရာကနေ ထွက်လာပေးဖို့ ကျုပ် ဟွေ့နန် တောင်းဆိုပါတယ် "
ဟွေ့နန်က ကျယ်လောင်စွာ အော်လိုက်သည်။
ခပ်လှမ်းလှမ်းမှ သက်ကယ်အိမ်လေး တစ်ခု၏ တံခါး အလိုလို ပွင့်သွားကာ ဆံပင်အဖြူ ၊ မုတ်ဆိတ်မွှေးအဖြူနှင့် အဘိုးအိုတစ်ယောက် ထွက်လာသည်။ ထိုအဘိုးအိုက မသေမျိုးတစ်ယောက်အသွင် ရှိနေပြီး ဟွေ့နန်ဆီသို့ ဖြည်းညင်းစွာ လျှောက်လာ၏ ။
" ဟုတ်လား .. ငါ့ သားတွေ မြေးတွေက အစွမ်းမထက်ကြလို့ ငါက ဒီလိုကိစ္စတွေကို ဖြေရှင်းရမှာလား "
အဘိုးအိုက ပြောလိုက်သည်။
ထိုသူမှာ ကျန်းရွှယ်ဂိုဏ်း၏ ဘိုးဘေး ကောထုံပင် ။
" ဘိုးဘေး .. အရေးကြီးကိစ္စသာ မဟုတ်ဘူးဆိုရင် ကျုပ် ဘိုးဘေးရဲ့ ကျင့်ကြံခြင်းကို နှောင့်ယှင်မှာ မဟုတ်ပါဘူးဗျာ ။ ဒါပေမယ့် အခုကိစ္စ အရမ်းအရေးကြီးတဲ့ ကိစ္စမို့ ကျုပ်က ခုလို ဘိုးဘေးကိုလာပြီး အကူညီတောင်းရတာပါ "
ဟွေ့နန် ပြောသည်။
ကောထုံက တည်ငြိမ်စွာ ပြန်ပြော၏ ။
" ဘယ်အခြေအနေက အရေးကြီးတာလဲ ။ နတ်ဆိုးငှက်တစ်ကောင်နဲ့ မင်းအခုလို ကြောက်လန့်ပြနေဖို့ လိုလို့လား ။ဒီငှက်ကို ဖမ်းပြီးသွားရင်တော့ ငါ့ရဲ့ အစောင့်သားရဲတစ်ကောင်အဖြစ် ထားရမယ် "
သူက ထိုသို့ ပြောပြီးသည်နှင့် အသံလာရာဘက်သို့ လျှောက်သွားလိုက်သည်။
ဟွေ့နန်မှာ မရွှင်မပျဖြင့် နောက်တွင် ကျန်ခဲ့သည် ။
သူ၏ အစောင့်သားရဲတစ်ကောင်အဖြစ် ထားမည်တဲ့လား .. ။
လွန်ခဲ့သော တစ်နှစ်ခန့်ကပင် ကောထုံသည် သူ့အား အစွမ်းထက်သော သားရဲများကို ရန်မစရန်နှင့် အကယ်၍ ထိုသူများဘက်မှ ရန်စလာလျှင်ပင် တတ်နိုင်သမျှ သည်းခံရန် မှာခဲ့သေး၏ ။
ယခု မှော်လက်နက်ကို ရပြီးသွားသည်နှင့် ကောထုံက ချက်ချင်း ပြောင်းလဲသွားပေသည်။
သို့သော် ထိုစကားများကို သူ အသံထွက်၍ ထုတ်မပြောဝံ့ပါချေ။
ထိုစဥ် ကောထုံမှာ တောင်ပေါက်ဝရှေ့သို့ ရောက်သွားသည်။
သူရောက်သွားသည့် အချိန်တွင်ပင် ကျန်းရွှယ်ဂိုဏ်း၏ တောင်ပေါက်ဝက အပျက်အစီးများအဖြစ် ပြောင်းသွားခဲ့ပြီဖြစ်သည်။
အပေါ်ဘက် လေထဲတွင်မူ လောထျန်းကို ကျောပေါ်တင်ထားသော ဘုရင်ကျင်းဖန်က အောက်သို့ ငုံ့ကြည့်နေ၏ ။
" ကျင်းဖန်လေး .. မင်းက ငါရဲ့ တောင်ပေါက်ဝကိုတောင် ဖျက်ဆီးပစ်ခဲ့တာဆိုတော့ တော်တော် ရဲတင်းတာပဲ "
ကောထုံက ခပ်လှမ်းလှမ်းမှ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
သူ့အော်သံမှာ ထုံရွှယ်အဆင့် အစွမ်းနှင့် ရောယှက်နေသည့်အတွက် မိုးချိန်းသံပမာ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
" ဟင် .. ဒါဆို .. ငါတို့ ကျန်းရွှယ်ဂိုဏ်းရဲ့ ဘိုးဘေးက ထွက်လာတာလား .. "
" ဘိုးဘေးပါလား .. သူက တောင်အနောက်ဘက်မှာ ဂူအောင်းကျင့်ကြံနေတဲ့ ထုံရွှယ်အဆင့် ဘိုးဘေးမဟုတ်လား "
" ဟုတ်တယ် .. အဲ့ဒါ သူပဲ .. ။ ငါ သူ့ကို အရင်နှစ်တွေတုန်းက တစ်ခါ တွေ့ဖူးသေးတယ်။ ဒါ သူပဲ မှားစရာမရှိဘူး "
" ဒါဆို ဘိုးဘေးက ဒီဘုရင်ကျင်းဖန်ကို တားနိုင်ပါ့မလား "
" ဘိုးဘေးပြောသွားတာ မင်း မကြားလိုက်ဘူးလား ။ ဘိုးဘေးက ဒီကောင့်ကို ကျင်းဖန်လေးလို့ ခေါ်လိုက်တာဆိုတော့ ဘိုးဘေးက ဒီကောင့်ထက် အသက်ကြီးတာ မဟုတ်ရင် ပိုပြီး အစွမ်းထက်လို့ပဲ ။ ဘယ်ဟာပဲ ဖြစ်ဖြစ် ဘိုးဘေးက တကယ်အံ့သြစရာကောင်းတယ် "
ကျန်းရွှယ်ဂိုဏ်းသားများမှာ အစပိုင်းပင် ကြောက်ရွံ့ထိတ်လန့်နေခဲ့ကြသော်လည်း ...
ကောထုံက ကျင်းဖန်လေး ဟု ခေါ်ပြီးသည့်နောက် အားလုံး စိတ်အေးသွားဟန်ဖြင့် ပြန်တည်ငြိမ်သွားကြသည်။
သို့သော် ဘုရင်ကျင်းဖန်ကမူ ထိုစကားကို ကြားသည်နှင့် မျက်မှောင်ကြုံ့သွား၏ ။
ကျင်းဖန်လေး တဲ့လား ... ။
သူသည် ထိုလူ မည်သူမှန်းကိုပင် မသိချေ။
ကျန်းရွှယ်ဂိုဏ်း၏ ဘိုးဘေး ကောထုံသည် ထုံရွှယ်ကျင့်ကြံခြင်းအဆင့်တွင် ရှိသည့်တိုင် ထုံရွှယ်အဆင့် နတ်သားရဲများနှင့် ယှဥ်ပါက သူ့အစွမ်းက များစွာ နောက်ကောက်ကျပေသည်။
သို့တိုင် ထိုလူက မည်သည့်အတွက် ဤမျှ မောက်မာနေရသနည်း။
" ခင်ဗျားက ကျန်းရွှယ်ဂိုဏ်းရဲ့ ခေါင်းဆောင်လား "
ထိုစဥ် ဘုရင်ကျင်းဖန်၏ ကျောပေါ်တွင် ရှိနေသည့် လောထျန်းက ရုတ်တရက် ပြောလိုက်သည်။
" ဟင် .. တခြားသူ ပါသေးတယ်လား "
ကောထုံမှာ မျှော်လင့်မထားသည့် မြင်ကွင်းကြောင့် အံ့သြမှင်သက်သွားရသည်။
" မှန်ပါတယ် ၊ ကျန်းရွှယ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ ကျုပ်က နောက်ဆုံး ပြောပိုင်ခွင့် ရှိတဲ့သူပဲ ။ မင်းက ဘယ်သူလဲ "
ကောထုံ မေးလိုက်သည်။
" ကျုပ် လောထျန်းက ကျန်းရွှယ်ဂိုဏ်း တစ်ခုလုံးကို ဖျက်ဆီးဖို့ လာခဲ့တာ "
လောထျန်း အေးစက်စက် ပြန်ပြောလိုက်သည်။