← Chapters

အဆင့်ခြောက် မှော်လက်နက်လား .. လက်တစ်ချောင်းတည်းနဲ့ အဝေးသို့ လွင့်ထွက်စေ ...

Vol. 3 Ch. 40

အဆင့်ခြောက် မှော်လက်နက်လား .. လက်တစ်ချောင်းတည်းနဲ့ အဝေးသို့ လွင့်ထွက်စေ ...

Vol. 3 Ch. 40

" ကျန်းရွှယ်ဂိုဏ်းကို ဖျက်ဆီးမယ် .. ဟုတ်လား "

ကောထုံသည် ခေတ္တမျှ အံ့အားသင့်နေပြီးနောက် ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

ဟွေ့နန်၏ မျက်နှာထက်တွင်ပင် အပြုံးတစ်ခု ထွက်ပေါ်လာ၏။

" မင်းက ပျောင်ပိုင်မြို့က လောထျန်းလား .. ၊ မင်းက အောက်တန်းကျတဲ့ နည်းတွေသုံးပြီး ငါ့တို့ညီလေး မင်ရှင်းကို သတ်ခဲ့တာပဲ လောထျန်းရဲ့ ။ ငါက မင်းကို ထက်မြတ်တဲ့ သူတစ်ယောက်လို့ ထင်လို့ ယုံကြည်ရတဲ့သူကို သေချာရွေးပြီးမှ မင်းတို့ မိသားစုဆီ သွားခိုင်းခဲ့တာ။ တကယ်တော့ မင်းက တော်တော်တုံးတဲ့ အရူးတစ်ယောက်ပဲကွ "

ဟွေ့နန်က ခေါင်းယမ်းကာ ပြောလိုက်သည်။

" ငါက မင်းကို စမ်းသပ်ချင်လို့ တင်းချန်ကို တမင်သက်သက် အသုံးချခဲ့တာပဲ။ ဒါပေမယ့် မင်းရဲ့ ဝှက်ဖဲက ဘုရင်ကျင်းဖန်တဲ့လား .. ။ ကြည့်ရတာ ငါ မင်းကို အထင်ကြီးလွန်းသွားပြီနဲ့တူတယ် "

လောထျန်းကမူ သူတို့နှစ်ယောက်ကို ဂရုပင်မစိုက်ဘဲ ဘုရင်ကျင်းဖန်၏ ကျောပေါ်တွင် မတ်တပ်ရပ်လိုက်သည်။ ထို့နောက် သူက အသံကျယ်ကျယ်ဖြင့်

" ကျုပ် ခင်ဗျားတို့ကို အခွင့်အရေး မပေးဘူးလို့ မပြောနဲ့နော်။ အခု တစ်ကနေ သုံးဆယ်အထိ ကျုပ်ရေမယ်။ ဒီကြားထဲမှာ ကျန်းရွှယ်ဂိုဏ်းက ထွက်ပြီး ဒီနေရာကနေ ထွက်သွားမယ့်သူတွေကို အသက်ချမ်းသာပေးမယ် ။ ကျန်တဲ့သူတွေကတော့ ရက်ရက်စက်စက် အသတ်ခံရလိမ့်မယ် "

ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်သော လူအုပ်က တဝါးဝါး ရယ်လိုက်ကြသည်။

" ဘာ ... ကျန်းရွှယ်ဂိုဏ်းက ထွက်ရမယ် .. မင်းက ကိုယ့်ကိုကိုယ် ဘာထင်နေတာလဲကွ "

" ဒီလောက် တုံးအတဲ့ သူမျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး ။ သူက ရွှေရောင်ငှက်ကြီး ရှိရုံနဲ့ ဒီလိုစကားကြီး စကားကျယ် ပြောရဲနေတယ် "

" ဟား ဟား .. ဘုရင်ကျင်းဖန်ကလဲ ခုချိန်လောက်ဆို ဒီကောင့်ကို သေလောက်အောင် မုန်းနေလောက်ပြီကွ "

" အရူးကောင် .. မင်းရဲ့ ငှက်က ငါတို့ရဲ့ ဘိုးဘေးလောက် အစွမ်းမထက်ဘူးကွ ။ ဟန်ဆောင်မနေနဲ့ "

.......

သူတို့နောက်တွင် ကောထုံ ရှိနေသည့်အတွက် ကျန်းရွှယ်ဂိုဏ်းသားများ တစ်ယောက်ပြီးတစ်ယောက် မောက်မောက်မာမာ ပြောလိုက်ကြသည်။

လောထျန်း၏ စကားအား မည်သူမှ အတည်မယူကြချေ။

ထို့နောက် ကောထုံကလည်း ခေါင်းယမ်း၍ ပြုံးလိုက်သည်။

" ဘုရင်ကျင်းဖန် ၊ မင်းကိုလဲ ကျုပ် အခွင့်ရေးတစ်ခု ပေးမယ် ။ မင်းကျောပေါ်က ကောင်လေးကို သတ်ပြီးတော့ ကျုပ်တို့ ကျန်းရွှယ်ဂိုဏ်းရဲ့ အစောင့်သားရဲအဖြစ် လာနေပါ။ ဒီလိုဆိုရင် ကျုပ် မင်းအသက်ကို ချမ်းသာပေးမယ် "

ထိုစကားကြောင့် လူအုပ်ကြီး ရယ်မောလိုက်ကြပြန်သည်။

" ငှက်ကြီး .. မြန်မြန် ဒူးထောက်ပြီး အရိုအသေ ပေးလိုက်လေ။ ကျုပ်တို့ ဘိုးဘေးက ခင်ဗျားကြီးအသက်ကို ချမ်းသာပေးမယ်လို့ ပြောနေတယ်မလား "

" ကျင်းဖန်လေး .. မင်းအညံ့မခံလို့ကတော့ ငါတို့က ခနနေရင် ငှက်သားမီးကင် စားရတော့မှာပဲ "

အားလုံး၏ စကားကို နားထောင်ပြီးသွားသော ဘုရင်ကျင်းဖန်၏ မျက်လုံးထဲတွင် ဒေါသအရိပ်အငွေ့များ တိုးထွက်လာသည်။

" ကောင်လေး .. မင်းက သေချင်နေတာပဲ ။ နတ်ဘုရားအသက်ရှူကျင့်စဥ် .. "

ဝေါင်း ...

ဘုရင်ကျင်းဖန်မှာ အလွန်ဒေါသထွက်နေ၏ ။ သူ့ပါးစပ်ဟလိုက်သည်နှင့် အလင်းတန်းတစ်ခု ရုတ်ချည်းထွက်လာကာ အောက်သို့ ဖြာကျသွားသည်။

ထိုကြောက်စရာကောင်းလှသည့် အလင်းတန်းက လေထုကို ထိုးခွင်းလိုက်ရာ ကောင်းကင်ယံနှင့် မြေကြီးတို့ ချက်ချင်းပင် အရောင်ပြောင်းသွားကြသည်။

ထိုအခြင်းအရာကို မြင်လိုက်ရသည့် ကျန်းရွှယ်ဂိုဏ်းမှ သာမာန်တပည့်များ တစ်ယောက်ပြီးတစ်ယောက် မျက်နှာပျက်သွား၏ ။

၎င်းက ထုံရွှယ်အဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်၏ အစွမ်းပေလား .. ။

လူအများစုမှာ ထိုသို့သော အစွမ်းမျိုးကို ယခုမှသာ ပထမဆုံး မြင်ဖူးကြခြင်းဖြစ်သည်။

" ဟမ့် .. ဘာမဟုတ်တဲ့ ငှက်ကများ "

ကောထုံ အေးစက်စက်ပြောကာ လေထဲသို့ ပျံတက်လိုက်သည်။ ထို့နောက် သူက ဘုရင်ကျင်းဖန်၏ အသက်ရှူသိုင်းကွက်အား ဓားဖြင့် ခုတ်ချလိုက်သည်။

ချွမ် ...

ဓားစွမ်းအင်က တဝီဝီမြည်လျက် ဘုရင်ကျင်းဖန်၏ အသက်ရှူသိုင်းကွက်နှင့် ရင်ဆိုင်တွေ့သွား၏။

ဘုန်း ...

လေထဲတွင် ထိုစွမ်းအင်နှစ်ခု တိုက်မိရာမှ ထွက်သာသည့် လှိုင်းလုံးကြီးကြောင့် ကောင်းကင်ဘုံနှင့် မြေကြီးပင် တုန်ခါသွားရသည်။

" ဘိုးဘေးက တားလိုက်တာပဲ .. "

" မဟုတ်ဘူးကွ ၊ ဘိုးဘေးရဲ့ အစွမ်းက ဟိုကောင်ကြီးလောက် အစွမ်းထက်ပုံ မပေါ်ဘူး .."

အားလုံး ကြည့်နေစဥ်မှာပင် ကောထုံ၏ ဓားစွမ်းအင်က ဘုရင်ကျင်းဖန်၏ အသက်ရှူကျင့်စဥ်အောက်၌ တဖြည်းဖြည်း ဖိနှိပ်ခံနေရ၏ ။

" ဒါ .. နတ်သားရဲတစ်ကောင်ရဲ့ အစွမ်းဆိုတာလား ။ သူနဲ့ ငါနဲ့ ကျင့်ကြံခြင်းအဆင့် တူနေတာတောင် သူက ငါ့ထက် အများကြီးပိုပြီး အစွမ်းထက်နေတယ် "

" အရင်ကလိုသာဆို ငါ ဒီနေ့ ရှုံးရမှာပဲ ။ ဒါပေမယ့် သူ့အတွက် ကံဆိုးတာတစ်ခုက ငါက အရင်လို မဟုတ်တော့ဘူး "

ကောထုံ ထိုသို့ တွေးမိကာ လက်တစ်ဖက်ဖြင့် ဓားကိုင်ပြီး ဓားစွမ်းအင်ကို အသုံးပြုကာ ဘုရင်ကျင်းဖန်အား ဆက်တိုက်ခိုက်လိုက်သည်။

ကျန်လက်တစ်ဖက်ဖြင့်မူ သူ့အိတ်ကပ်ထဲမှ တစ်စုံတစ်ခု ထုတ်ယူလိုက်၏ ။

၎င်းမှာ ဖန်ကျန်း ဟု ရေးထွင်းထားသည့် ကြေးနီအဆောင်ကဒ်ပြားတစ်ခုပင် ။

" ဟား ဟား .. ဘုရင်ကျင်းဖန် .. ငါ့ရဲ့ အစွမ်းအစစ်မှန်ကို မင်းကို ပြမယ် ။ မြစ်ရေပြင် အမှတ်အသား ... သတ်စေ "

ချက်ချင်းပင် ဖန်ကျန်း ကြေးနီပြားက သူ့လက်မှ ပျံထွက်လာကာ ဘုရင်ကျင်းဖန်၏ အသက်ရှူကျင့်စဥ်အား ​ခြေမှုန်းလိုက်တော့သည်။

ဝုန်း ...

ကောထုံအား ဖိနှိပ်နေခဲ့သည့် ဘုရင်ကျင်းဖန်မှာ ဖန်ကျန်း ကြေးနီပြားနှင့် ရင်ဆိုင်လိုက်ရပြီးနောက် ချက်ချင်း ပြိုလဲကျသွား၏ ။

" ဘာ .. "

ဘုရင်ကျင်းဖန်၏ မျက်လုံးထဲတွင် အံ့အားသင့်နေသည့် အရိပ်ယောင်များ ဖျတ်ခနဲ လက်သွားသည်။

ထို ဖန်ကျန်း ကြေးနီပြားက သူ့ကို တားဆီးနိုင်စွမ်းမရှိသည့် လူတစ်ယောက်ပမာ ခံစားစေခဲ့ရ၏။

" မင်းက ငါ့လက်အောက်မှာ နေဖို့ ငြင်းလိုက်တာဆိုတော့ .. ငရဲကိုပဲ သွားလိုက်ကွာ .. "

ကောထုံက ရက်စက်သည့် မျက်နှာဖြင့် ကြေးနီပြားကို ဆက်ထိန်းချုပ်ကာ ဘုရင်ကျင်းဖန်အား အသေသတ်ရန် ပြင်လိုက်သည်။

" မဖြစ်ဘူး "

ဘုရင်ကျင်းဖန်၏ မျက်နှာထား ပြောင်းသွားကာ ချက်ချင်း ရှောင်လိုက်သည်။

သို့သော် ကောထုံ၏ လှည့်စားမှုအောက်တွင် ရှိနေသည့် ကြေးနီပြားက ချက်ချင်းနောက်လှည့်ကာ ဘုရင်ကျင်းဖန်နောက်သို့ အလွန်လျင်မြန်သည့် အမြန်နှုန်းဖြင့် လိုက်သွားပြန်သည်။

ထိုမြင်ကွင်းကို ကြည့်နေသော ဟွေ့နန်၏ မျက်လုံးများက အရောင်လက်နေ၏ ။

" ဒါ .  အဆင့်ခြောက် မှော်လက်နက်ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါပေတယ်။ သူ့အစွမ်းက ကွေ့ရှအဆင့်အစစ် မဟုတ်ပေမယ့် သိပ်အလှမ်းမဝေးဘူး ။ ငါ့လက်ထဲမှာ ဒီပစ္စည်းသာရှိရင် ယဲ့ဖုန်းနိုင်ငံမှာ ငါ့ကို ယှဥ်နိုင်မယ့်ပြိုင်ဘက် သိပ်ရှိတော့မှာ မဟုတ်ဘူး "

ဟွေ့နန် တွေးကာ ပြုံးလိုက်သည်။

ထိုစဥ် ကောထုံက ပြုံးကာ ပြော၏။

" ဒီမှော်လက်နက်နဲ့သာဆို ယဲ့ဖုန်းနိုင်ငံမှာ ငါ့ကို ဘယ်သူ ယှဥ်နိုင်ဦးမလဲ "

သူ့စိတ်ထဲမှ နာကြည်းမှုကို ဟွေ့နန် ခံစားလိုက်ရပြန်သည်။

ကောထုံသည် မှော်လက်နက်ကို မသုံးခင်က ဘုရင်ကျင်းဖန်၏ ဖိနှိပ်မှု ခံခဲ့ရသည်ကို မေ့သွားသည်လား .. ။

သို့သော် သူ ထိုစကားကို ထုတ်မပြောဝံ့ပါ ။

တစ်ဖက်တွင်မူ ကောထုံ ပြန်၍ အသာစီးရသွားသည်ကို ကြည့်ကာ ကျန်းရွှယ်ဂိုဏ်းမှ တပည့်များ ရယ်မောလိုက်ကြပြန်သည် ။

" ကျင်းဖန်လေး .. ခုနက မောက်မာနေခဲ့တာ မင်း မဟုတ်တဲ့အတိုင်းပဲ ။ အခုတော့ ခွေးတစ်ကောင်လိုတောင် ဖြစ်နေပါ့လား "

" သခင်ပျောက်နေတဲ့ခွေး .. မဟုတ်သေးဘူး ..လမ်းပျောက်နေတဲ့ ငှက်တစ်ကောင်ပေါ့ .. "

" ဟား ဟား .. တကယ့်အရူးပဲကွာ ။ အပေါ်က အရူးကရော အစောက ငါတို့အားလုံးကို သတ်ပစ်မယ်လို့ ပြောခဲ့တာမလား ။ အခု ဘာလို့ ပါးစပ် ပိတ်နေတာလဲ "

" ဟုတ်တယ် ၊ ငါတို့ ကျန်းရွှယ်ဂိုဏ်းကို ဖျက်ဆီးချင်တဲ့ကောင် ခွေးလို ဆက်ဟောင်နေစမ်းကွာ "

အားလုံးဆီမှ ကျိန်ဆဲသံများ တစ်ယာက်တစ်ပေါက် ထွက်လာကြသည်။

ဘုရင်ကျင်းဖန်ကမူ ဖန်ကျန်းကြေးနီပြားက သူ့အား လိုက်မှီတော့မည့်ပုံ ဖြစ်နေသဖြင့် စိုးရိမ်နေ၏ ။

" သခင်လေး .. ကျုပ်တို့ ဘာလုပ်ကြမလဲ "

သူက လောထျန်းအား မေးလိုက်သည်။

" ရပ်လိုက် "

လောထျန်းက တည်ငြိမ်စွာ ပြော၏ ။

" ဘယ်လို .. ရပ်လိုက် .. ဒါပေမယ့် .. "

ဘုရင်ကျင်းဖန်က သူ့နောက်မှ လိုက်နေသည့် ကြေးနီပြားကို တစ်ချက်လှည့်ကြည့်လိုက်သည်။

" ရတယ် .. ဘာမှမဖြစ်ဘူး ၊ ရပ်လိုက်ပါ "

လောထျန်းက ဘာကိုမှ မမှုဟန်ဖြင့် ထပ်ပြော၏။

ဘုရင်ကျင်းဖန် အံကြိတ်ကာ လေထဲတွင် ရပ်လိုက်သည်။

" ဟင် .. မင်းက အရှုံးပေးလိုက်ပြီလား ။ ရပါတယ်ကွာ ၊ ငါတို့အားလုံး နောက်ကျ သေရမှာပဲဆိုတော့ မထူးပါဘူး .."

ကောထုံက ပြုံးကာ ဖန်ကျန်းကြေးပြားဖြင့် ဘုရင်ကျင်းဖန်နှင့် လောထျန်းတို့ နှစ်ဦးကို ဖိချေရန် ကြိုးစားလိုက်သည်။

သို့သော် .. ထိုအချိန်တွင် လောထျန်းက ဘုရင်ကျင်းဖန် ကျောပေါ်မှ လက်ကို ဆန့်ထုတ်လိုက်၏။ သူ့ရှေ့တွင် ဧရာမ ရွှေရောင်လက်ဝါးကြီးတစ်ခု စုစည်းလာသည်။

၎င်းက ကောင်းကင်ဘုံ လက်ဝါးသိုင်းပင် .. ။

ဖန်ကျန်းကြေးပြားက သူတို့ရှေ့သို့ ရောက်ခါနီးမှာပင် .. လောထျန်း၏ ရွှေရောင်လက်ဝါးကြီးက  လက်ခလယ်နှင့် လက်မကို ဆက်၍ အဝိုင်းပုံပြုလုပ်ကာ ကြေးပြားဆီသို့ တိုးဝင်သွားသည်။

" ဟင် .. ဒီကောင် ဘာလုပ်နေတာလဲ "

" စိတ်စွမ်းအင်နဲ့ ရွှေရောင်လက်ဝါးကြီး ဖြစ်လာအောင် စုစည်းနေတာပဲ ။ နည်းကတော့ ကောင်းပါတယ် ။ ဒါပေမယ့် ငါတို့ဘိုးဘေးအတွက်တော့ ဒါက ပမွှားပဲ "

ကျန်းရွှယ်ဂိုဏ်းမှ အကြီးအကဲများက သူတို့၏ မုတ်ဆိတ်ကို သပ်ကာ အပြုံးဖြင့် ပြောလိုက်ကြသည်။

သူတို့အမြင်တွင် လောထျန်း သေရတော့မည်ဟုသာ ထင်နေကြ၏ ။

သို့သော် ...

ဘုန်း ...

ဖန်ကျန်းကြေးပြားက လက်ကြီးအား ဖိချေခါနီးတွင် လက်ကြီးက ကွေးထားသော လက်ခလယ်ဖြင့် ၎င်းကို တောက်ချလိုက်တော့သည်။

မည်သည့်အရာကမှ မတားဆီးနိုင်ဟန် ပေါက်နေခဲ့သည့် ကြေးနီပြားမှာ လောထျန်း၏ လက်ဝါး​ဖြင့် တွေ့သွားသည်နှင့် ဖန်လုံးတစ်ခုပမာ အဝေးသို့ လွင့်ထွက်သွား၏ ။

ဝှစ် ..

ထို့နောက်တွင်မူ ၎င်းက ကောင်းကင်ယံသို့ လွင့်စင်တက်သွားကာ ကြယ်တစ်ခုအလား အလင်းတန်းများ ဖြာထွက်သွားတော့သည်။

" ဘိုးဘေး .. "

ထိုမြင်ကွင်းကြောင့် ဟွေ့နန် ကောထုံအား ချက်ချင်းလှည့်ကြည့်လိုက်သည်။

သို့သော် ကောထုံမှာ နေရာ၌ပင် ဆွံ့အနေ၏ ။

" ဘိုးဘေး .. ဘာဖြစ်သွားတာလဲ ။ ကြေးနီပြားက ဘယ်ရောက်သွားတာလဲ "

ဟွေ့နန် မေးလိုက်သည်။

ကောထုံက တုန်တုန်ယင်ယင်ဖြင့် တံတွေးမြိုချကာ

" ငါ .. အာရုံခံလို့ မရဘူး "

ဟု ပြန်ပြောသည်။

ဟွေ့နန် အလွန်အံ့အားသင့်သွား၏ ။

" ဘာဖြစ်လို့လဲ "

ကောထုံမှာ ခေတ္တမျှ စကမပြောနိုင်ဘဲ ဖြစ်သွားသည်။ ထို့နောက်မှသာ သူက

" ဖြစ်နိုင်ချေ နှစ်ခုတော့ ရှိတယ် ။ ပထမတစ်ခုက သူ့လက်ချက်ကြောင့် ဖန်ကျန်းကြေးပြားက အဝေးကြီးကို လွင့်ထွက်သွားတာ ဖြစ်နိုင်သလို ၊ နောက်တစ်ခုက သူ လက်နဲ့တောက်လိုက်တဲ့ အရှိန်ကြောင့် ကြေးပြား ပေါက်ကွဲသွားတာလဲ ဖြစ်နိုင်တယ် "

All Chapters