← Chapters

ကိုယ့်ကိုကိုယ် ပြန်သတ်ခြင်း

Vol. 3 Ch. 42

ကိုယ့်ကိုကိုယ် ပြန်သတ်ခြင်း

Vol. 3 Ch. 42

အဘိုးအိုက သေချာစေရန် စာရင်းစာရွက်ကို ထပ်ခါထပ်ခါ စစ်ဆေးကြည့်လိုက်သည်။

ထိုသို့ အကြိမ်ကြိမ် စစ်ဆေးပြီးသွားသည့်တိုင် သူ့အသွင်မှာ မယုံကြည်နိုင် ဖြစ်နေသေးသည့်ဟန် ပေါက်နေသည်။

" ပျောင်ပိုင်မြို့ .. အဲ့ဒီမြို့လေးမှာ ကောင်းကင်ထိန်းချုပ်အဆင့် ကျင့်ကြံသူတောင် တစ်ယောက်မှ မရှိပါဘူး။ဒါကို ယဲ့ဖုန်းနိုင်ငံရဲ့ လက်ရွေးစင် လူသတ်သမား တစ်ယောက်ဖြစ်တဲ့ ဆံနီဝိဥာဥ်က ဘယ်လိုဖြစ်ပြီး ကျရှုံးသွားခဲ့ရတာလဲ ။ ရထားတဲ့ သတင်းက မှန်ရဲ့လား "

သူက အံ့သြတကြီး မေးလိုက်သည်။

သူ့အနောက်ဘက်တွင် ရှိနေသည့် လူရိပ်များထဲမှ တစ်ခုက ​ပြန်ပြော၏။

" သတင်းက အမှန်ပဲဗျ ။ ကျုပ်ကိုယ်တိုင် သေချာစစ်ဆေးကြည့်ပြီးသွားပြီ ။ ဆံနီဝိဥာဥ်က ပျောင်ပိုင်မြို့မှာ သေသွားခဲ့တာ ။ တစ်ချက်တည်းနဲ့ အသတ်ခံလိုက်တယ်လို့ ပြောတယ် "

" တစ်ချက်တည်း .. သူ့ကို ဘယ်သူက တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တာလဲ "

အဘိုးအို အံ့သြမှင်သက်သွားသည်။

" ထျန်းတန့်တောင်က နတ်ဆိုးဘုရင် နျိုဝူဖုန်းက သတ်လိုက်တာ ။ သူက ငါးရောင်ခြယ် နတ်နွားပဲ "

လူရိပ်က ပြန်ဖြေသည်။

အဘိုးအို ချက်ချင်း သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်သည်။

" ဒီကောင်က သတ်လိုက်တာဆိုရင်တော့ အံ့သြစရာ မရှိပါဘူး ။ ခန္ဓာကိုယ် အစွမ်းချင်း ယှဥ်ရင် အဲ့ဒီနွားကြီးက ယဲ့ဖုန်းတစ်နိုင်ငံလုံးမှာရှိတဲ့ လူသားတွေရော သားရဲတွေထက်ပါ ပိုပြီး အစွမ်းထက်တယ်။ ဒါနဲ့ သူက လောမိသားစုနဲ့ ဘယ်လို ပတ်သက်နေတာလဲ "

သူ ၎င်းကိုမူ နားမလည်ပါချေ။

ပျောင်ပိုင်မြို့မှ မိသားစုငယ်လေး တစ်ခုက ထျန်းတန့်တောင်မှ နတ်ဆိုးဘုရင်နှင့် မည်သို့ ပတ်သက်နေပါသနည်း။

" ဘယ်လို ပတ်သက်လဲ အတိကျတော့ မသိရသေးပေမယ့် ၊ပတ်သက်နေတာတော့ သေချာပါတယ် "

အရိပ်က ဖြေသည်။

အဘိုးအို သက်ပြင်းချလိုက်သည်။

" ငါ့မှာ အဆင့်နိမ့် စိတ်စွမ်းအင် ကျောက်တုံး ငါးသန်း ရှိပေမယ့် ဆံနီဝိဥာဥ်ကို ဆုံးရှုံးလိုက်ရတာက တကယ့်အကြီးစား ဆုံးရှုံးမှုကြီးပဲ "

သူတို့နှစ်ဦး စကားပြောနေစဥ်မှာပင် ဆိုင်ထဲသို့ လူတစ်ယောက် လမ်းလျှောက်ဝင်လာသည်။

" ဝယ်သူပါလား .. ဘာဝယ်ချင်လို့လဲ "

အဘိုးအိုက ရောက်လာသူကို ခေါင်းမော့ကြည့်ကာ အပြုံးဖြင့် မေးလိုက်သည်။

" အသက် ဝယ်မလို့ "

ထိုသူက ပြန်ပြော၏ ။

အဘိုးအိုက ယခင်ကထက် ချိုသည့်အပြုံးကို ချက်ချင်းပြုံး၍ ပြောလိုက်သည်။

" သခင်လေးက ဘယ်သူ့အသက်ကိုများ ဝယ်ချင်တာပါလိမ့် "

" လောထျန်း "

ဝယ်သူက ​ဖြေသည်။

" လောထျန်း ဟုတ်လား ... ဒီတစ်ခါလဲ လောထျန်း ထပ်ပါလာပြန်ပြီ။ သခင်လေးက ဘယ်လောက်ထိပေးဖို့ စိတ်ကူးထားလဲ "

အဘိုးအို မေးလိုက်သည်။

" အဆင့်နိမ့် စိတ်စွမ်းအင် ကျောက်တုံး တစ် ကုဋေ ပေးမယ် "

" တစ်ကုဋေ .. ဟုတ်လား .. "

ဝယ်သူ၏ စကားကြောင့် အဘိုးအို အံ့အားသင့်သွားသည်။

၎င်းမှာ နည်းနည်းနောနော ပမာဏ မဟုတ်ပေ ။

" သခင်လေး တခြား အထူးတောင်းဆိုချင်တာများ ရှိသေးလား "

အဘိုးအိုက မေးလိုက်သည်။

" ရှိတယ် ၊ ခင်ဗျား သူတစ်ယောက်တည်းကိုပဲ သတ်ရမယ်။ သူ့ဘေးက ဘယ်သူ့ကိုမှ မထိရဘူး ။ မဟုတ်လို့ကတော့ ကျုပ် ခင်ဗျားကို ဘာမှ ပေးမှာမဟုတ်ဘူး "

ထိုလူက ပြန်ပြော၏ ။

အဘိုးအိုက ပြုံး၍

" ပြောတာတော့ လွယ်တယ် သခင်လေးရဲ့ ၊ ဒါပေမယ့် နတ်ဆိုးဝိဥာဥ်နန်းတော်က လူသတ်သမား ငှားမယ်ဆိုရင် သခင်လေး နာမည်နဲ့ နေရပ်လိပ်စာကို စာရင်းပေးထားဖို့လိုတယ်။ ဒါမှ အလုပ်ပြီးသွားရင် ကုန်ကျစားရိတ်ကို တောင်းလို့ရမှာ ။ သခင်လေးနာမည်က ဘယ်လိုခေါ်လဲ "

စျေးဝယ်သူက ခေါင်းမော့၍ အဘိုးအိုကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

" လောထျန်း "

" ဟင် "

အဘိုးအို မျက်နှာချက်ချင်း ပျက်သွားသည်။

ထိုလူက လောထျန်းတဲ့လား ...

ပျောင်ပိုင်မြို့က လောထျန်းလား ..

လောထျန်းက သူ သတ်ချင်တဲ့သူ မဟုတ်ဘူးလား ...

" သခင်လေး နာမည်ကို မေးနေတာ "

အဘိုးအိုက ထပ်မေးလိုက်သည်။

" ကျုပ်နာမည်က လောထျန်းပဲ ။ ကျုပ်က ကိုယ့်ကိုကိုယ် ပြန်သတ်ချင်လို့ ။ တကယ်လို့ ခင်ဗျား အောင်မြင်သွားရင် ကျုပ်ခေါင်းကိုယူပြီး လောမိသားစုဆီမှာ ပိုက်ဆံသွားတောင်းလို့ရတယ်။ ကျုပ်ပြောတာ နားလည်တယ်မလား "

တစ်ဖက်လူက ပြန်ပြောသည်။

အဘိုးအိုရှေ့ ရောက်နေသူမှာ အမှန်ပင် လောထျန်းဖြစ်သည်။

ဤနေရာသို့ လာသည့်လမ်းတွင် သူသည် နတ်ဆိုးဝိဥာဥ်နန်းတော်အား တိုက်ရိုက် ဖျက်ဆီးပစ်ရန် စဥ်းစားခဲ့သေး၏ ။

သို့သော် ဘုရင်ကျင်းဖန် ရှင်းပြသည့်အတိုင်းဆိုလျှင် သူတို့ အဖွဲ့စည်း တစ်ခုလုံးကို အပြတ်ရှင်းပစ်ရန်မှာ မလွယ်သည့် ကိစ္စတစ်ခုဖြစ်သည်။

နတ်ဆိုးဝိဥာဥ်နန်းတော်သည် တစ်ကမ္ဘာလုံးအနှံ့ ရှိနေသည့် အဖွဲ့အစည်းတစ်ခု မဟုတ်ပါလား ။

ထို့အပြင် ၎င်းက ပုံသေမဟုတ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သဖြင့် မည်သူမဆို အဖွဲ့ဝင်၍ လွယ်ကူသလို အချိန်မရွေးလည်း ပြန်ထွက်နိုင်၏။

တစ်နည်းအားဖြင့် ဆိုရသော် ဤနတ်ဆိုးဝိဥာဥ်နန်းတော်သည် လူသတ်သမား ငှားပေးသည့် ကြားခံနေရာတစ်ခုသာ ဖြစ်ပြီး လူသတ်သမားက နေရာတိုင်း ရှိသည် မဟုတ်ပါလား ။

သို့ဖြစ်ရာ ရန်သူကို အချိန်တိုအတွင်း အားသုံး၍ ဖျက်ဆီးရန် မဖြစ်နိုင်ချေ။

ထို့ကြောင့် သူ့ကိုယ်သူ ပြန်သတ်ရန်အတွက် လူငှားရန်သာ သူ လာခဲ့ခြင်းဖြစ်သည်။

" သခင်လေး .. နောက်နေတာများလား "

အဘိုးအိုက မယုံနိုင်ဟန်ဖြင့် ထပ်မေးလိုက်သည်။

" ကျုပ်က အားလို့ စနောက်နေမယ့်သူလို့ ထင်နေတာလား "

လောထျန်း ပြန်ပြော၏ ။

ထိုအချိန်မှသာ အဘိုးအိုက ပြုံး၍

" ကောင်းပါပြီ ၊နတ်ဆိုးဝိဥာဥ်နန်းတော် က ဒီအလုပ်ကို လက်ခံပါတယ် "

ဟု ပြန်ပြောလိုက်သည်။

သူက ထိုသို့ ပြောပြီးသည်နှင့် ကျောက်စိမ်းပြားတစ်ခုအတွင်းသိူ့ အချက်အလက်များ ရေးမှတ်လိုက်သည်။

" ကျုပ်တို့ ညီအကိုတွေတော့ ဒီနေ့ တကယ်ကံကောင်းတာပဲ ။ အစတုန်းက ဒီမှာ နားဖို့ပဲ စီစဥ်ထားခဲ့ကြတာ ၊ ခုလို အဆင့်နိမ့်စိတ်စွမ်းအင်ကျောက်တုံး ၁ ကုဋေ တံခါးရှေ့ကို လာပို့လိမ့်မယ်လို့ ဘယ်ထင်ထားခဲ့မလဲ "

အရိပ်များထဲမှ တစ်ယောက်က အပြုံးဖြင့် ပြောလိုက်သည်။

သူတို့ စကားဆုံးသည်နှင့် တစ်ရုပ်တည်းရှိသော ပိန်ပိန်ပါးပါး လူနှစ်ယောက် အရိပ်များထဲမှ ထွက်လာ၏။

" မို့ဖေး နဲ့ မို့ရှန်း  မင်းတို့ပဲ အသားကောင်း စားချင်မနေနဲ့ကွ ၊ ငါလဲ လောထျန်းအသက်ကို လိုချင်တယ် "

ထိုစဥ်မှာပင် ထောင်ထောင်မောင်းမောင်း ဝဝနှင့် လူတစ်ယောက် အခန်း၏ အခြားထောင့်ဖက်မှ ထွက်လာသည်။

" ဟယ်ဖုန်း .. မင်း ဘာစကားပြောတာလဲ "

မို့ ညီအကိုနှစ်ယောက် ဒေါသထွက်သွားကြသည်။

" ဘာလဲကွ ၊ ဒီအလုပ်ကို မင်းတို့ပဲ လုပ်နိုင်တယ်လို့ ဘယ်သူပြောလို့လဲ "

ဟယ်ဖုန်းကလည်း ဒေါသတကြီးဖြင့် ပြန်အော်သည်။

" ကောင်းပြီလေ ၊ ဒါဆိုလဲ ငါတို့ တစ်ယောက်ချင်း ကိုယ်ပိုင်အစွမ်းကိုပဲ သုံးပြီးတော့ လုပ်ကြတာပေါ့။ သူ့အသက်ကို အရင်ယူနိုင်တဲ့သူက ဆုတော်ငွေ ရမယ် ၊ ဘယ်လိုလဲ "

မို့ဖေးက ပြောလိုက်သည်။

ဟယ်ဖုန်း ခေါင်းညိတ်လိုက်သည်။

" ကိစ္စမရှိဘူး ၊ ဘယ်သူက ပိုမြန်မလဲ ကြည့်ကြတာပေါ့ "

ထိုသို့ ပြောပြီးသည်နှင့် သူတို့သုံးယောက်က လောထျန်းအား တစ်ပြိုင်နက်တည်းကြည်ံ့ကာ တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။

သို့သော် ထိုအချိန်မှာပင် ...

ကြောက်မက်ဖွယ် လူသတ်အရိပ်အငွေ့တစ်ခုက အခန်းတစ်ခုလုံးရှိ လူများကို လွှမ်းခြုံသွားသည်။

" ဟင် .. "

ဟယ်ဖုန်းနှင့် အခြားနှစ်ယောက် အံ့အားသင့်သွားကာ အရိပ်များဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

အရိပ်ထဲမှ လူတစ်ယောက် ဖြည်းညင်းစွာ လမ်းလျှောက်ထွက်လာ၏ ။

" ငါ ဒီတလောလေးတင် ပိုက်ဆံကုန်နေတာ ။ ဆိုတော့ ဒီကောင်လေးရဲ့ ခေါင်းက ငါ့အပိုင်ပဲ "

ထိုလူက ပြောလိုက်သည်။

စကားဆုံးသည့်အချိန်တွင် ထိုလူက အားလုံးရှေ့သို့ ရောက်သွား၏ ။

ထိုလူမှာ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်ပြီး ဆံပင်နှင့် အဝတ်စားများ ဖိုသီဖတ်သီ ဖြစ်နေသည်။

ထိုလူ ရောက်လာသည်နှင့် ဟယ်ဖုန်းနှင့် အခြားနှစ်ယောက် ချက်ချင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြသည်။ သူတို့၏ မျက်နှာတွင်လည်း ကြောက်စိတ်ကို မဖုံးထားနိုင်ကြပေ။

" ရှီဟာကွမ်း .. ယဲ့ဖုန်းနိုင်ငံက နတ်ဆိုးဝိဥာဥ်နန်းတော်မှာ ထုံရွှယ်အဆင့်ရှိတဲ့ တစ်ဦးတည်းသော လူသတ်သမားလား .. "

မို့ဖေး ​ရေရွတ်လိုက်သည်။

" ခင်ဗျား ..ခင်ဗျားက သခင်ကြီးထျန်းရဲ့ အဖမ်း ခံထားရတာ မဟုတ်ဘူးလား  ။ အခု ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ "

မို့ရှန်းမှာလဲ အံ့သြတကြီး ဖြစ်နေ၏ ။

ရှီဟာကွမ်းက သူတို့ကို ဂရုမစိုက်ဟန်ဖြင့် အေးအေးဆေးဆေးသာ ပြန်ပြောသည်။

" ငါ ထွက်ပြေးခဲ့တာပေါ့ကွ ။ ဒီခေါင်းပြောင်အဘိုးကြီးက ငါ သူ့ကို သတ်ဖို့ မအောင်မြင်တဲ့အချိန်မှာ ငါ့ကို ဖမ်းမိသွားတာပဲ ။ ဒီဆယ်နှစ်ကျော်လောက်အတွင်း ငါ့မှာ သူ့ရဲ့ ပစိပစပ်ရွတ်ဖတ်သံတွေကို နေ့တိုင်း နားမထောင်ချင်ဘဲ နားထောင်ခဲ့ရတာကွာ ။ ငါ့မှာ ရူးတောင် ရူးသွားတော့မလို့ ။ ပြီးခဲ့တဲ့ တလောလေးကမှ အခွင့်အရေးရပြီး ငါ ထွက်ပြေးလာခဲ့တာ "

သူက စကားဆုံးသည်နှင့် လောထျန်းကို ကြည့်ကာ ဆက်၍

" အဲ့မတိုင်ခင် ငါ စုဆောင်းထားတဲ့ ပစ္စည်းတွေအားလုံး မရှိတော့ဘူး။ ငါက သုံးစရာ ဘာမှ မရှိတော့လို့ စိတ်ပူနေတာ ။ ခုလို လူတစ်ယောက်က ငါ့ရှေ့ကို ကိုယ်တိုင်လာပြီး ပိုက်ဆံလာပေးလိမ့်မယ်လို့ ဘယ်ထင်ထားပါ့မလဲ "

ဟု ပြောသည်။

ထို့နောက် သူက အခြားသုံးယောက်ဘက်သို့ လှည့်ကြည့်လိုက်ပြန်၏။

" ဒီကောင်လေးရဲ့ ခေါင်းက ငါ့အပိုင်ပဲ ။ ဘယ်သူ ငြင်းချင်သေးလဲ "

" ဒါပေါ့ဗျာ ၊ မငြင်းဝံ့ပါဘူးဗျာ "

ကျန်သုံးယောက် အသည်းအသန် ပြောလိုက်ကြသည်။

သူတို့သုံးယောက်သည် ကောင်းကင်ထိန်းချုပ်အဆင့်သာ ရှိသေးရာ သူတို့၏ အစွမ်းက မဆိုးလှသော်လည်း ရှီဟာကွမ်း၏ ထုံရွှယ်အဆင့်နှင့်မူ မယဥ်နိုင်ပေ။

ရှီဟာကွမ်းသည် ထုံရွှယ် ပထမအဆင့်၌သာ ရှိသေးသည့်တိုင် သူသာ ဆန္ဒရှိပါက သူတို့သုံးယောက်ကို အလွယ်တကူပင် သတ်ပစ်နိုင်ပေသည်။

" ကောင်းတယ် ။ လူငယ်လေး .. မင်းခေါင်းက ငါ့အပိုင် ဖြစ်သွားပြီ .. "

ရှီဟာကွမ်းက အော်ရယ်ကာ လောထျန်း၏ လည်မျိုကို ဖမ်းဆုပ်ရန် လက်ဆန့်လိုက်သည်။

သို့သော် ....

" ဟင် .. "

ကမ္ဘာကြီးက အထက်အောက် ပြောင်းပြန် ဖြစ်သွားသကဲ့သို့ ရှီဟာကွမ်း ရုတ်တရက် ခံစားလိုက်ရသည်။

ထို့နောက်တွင်မူ သူ့ရှေ့၌ ခေါင်းပြတ်အလောင်းတစ်ခု ရပ်နေသည်ကို တွေ့လိုက်ရ၏ ။

ထိုအလောင်းကို သူရင်းရင်းနှီးနှီး သိနေသကဲ့သို့လည်း ခံစားလိုက်ရသည်။

ခန ...

ဒါ .. သူ့အလောင်း မဟုတ်ဘူးလား ...

သူ့ခေါင်း ....

ထိုအချိန်မှသာ သူ ခေါင်းဖြတ်ခံလိုက်ရပြီကို ရှီဟာကွမ်း သတိထားမိလိုက်သည်။

သို့သော် မည်သူက ...

ရှီဟာကွမ် ဘေးဘီသို့ လှည့်ကြည့်လိုက်သောအခါ လောထျန်းက သူ့ဓားအား ပြန်သိမ်းလိုက်သည်ကို တွေ့လိုက်ရသည်။

" ဒီကောင် လုပ်လိုက်တာလား .. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ... ငါ လက်မခံနိုင်ဘူးကွာ ၊ငါ အချုပ်ကနေ လွတ်လာတာ မကြာသေးဘူးလေကွာ .... "

ရှီဟာကွမ်းမှာ လက်မခံနိုင် ဖြစ်နေသော်လည်း သူ့အသိစိတ်က တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

နောက်ဆုံးတွင်မူ အားလုံး ငြိမ်ကျသွား၏ ။

" ကဲ .. အခု ခင်ဗျားတို့ သုံးယောက်အလှည့်ပဲ "

လောထျန်းက ဟယ်ဖုန်းနှင့် ကျန်နှစ်ယောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

စာစဉ်ပြီး၏

All Chapters