← Chapters

အထီးကျန်နှလုံးသား (၁)

Vol. 2 Ch. 69

အထီးကျန်နှလုံးသား (၁)

Vol. 2 Ch. 69

ကိုယ့်စိတ်ကူးနဲ့ကိုယ် နက်ဆန်ရဲ့အခန်းရှေ့ကိုသွားပြီး တံခါးခေါက်မယ်လုပ်တော့ တံခါးက နည်းနည်းလေးဟပြီး ပွင့်ပြီးသားဖြစ်နေတာ တွေ့လိုက်ရတယ်။ သူအိပ်ချင်လွန်းလို့ တံခါးပိတ်ဖို့မေ့သွားတာ ဖြစ်ရင်ဖြစ်မှာဆိုပြီး ကျွန်မလည်း အနှောင်အယှက်မဖြစ်အောင်လို့ တံခါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တာပေါ့။

လာ... လာ... လာ...

အဲဒီမှာတေးဂီတသံမပါဘဲ ဒီအတိုင်းတေးညည်းညူနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ချိုသာတဲ့အသံကို ကျွန်မ နားနဲ့ ကြားလိုက်ရတယ်။ အသံလာရာကို ကြည့်လိုက်တဲ့ အခါမှာ နာတာရှာက နက်ဆန်ရဲ့အခန်းအပြင်ဘက် ဝရန်တာမှာ ရပ်နေပြီးတော့ တေးညည်းနေတာ မြင်ခဲ့ရတယ်။

သူ့ရဲ့နောက်ကျောမှာတော့ ထွင်းဖောက်မြင်နိုင်တဲ့ အဖြူရောင်အမွှေးအတောင်တွေနဲ့ တောင်ပံပါနတ်သားက ပျံသန်းနေပြီး ပိုင်ရှင်နဲ့အတူ လိုက်ပါတေးညည်းနေတယ်။

ခါတိုင်းဝတ်ထားနေကျ နာတာရှာရဲ့အရာရှိကုတ်အင်္ကျီက စားပွဲဘေးက ထိုင်ခုံပေါ်မှာ ကျကျနနတင်ထားတာကို တွေ့ရပြီး နာတာရှာကိုယ်တိုင်ကတော့ ဘောင်းဘီတိုနဲ့ ရှပ်အင်္ကျီအဖြူလေးကိုပဲ ဝတ်ထားတယ်။ မွန်းလွဲစ နေရောင်က ဝရန်တာပေါ်ကို ထိုးကျနေတာကြောင့် ရှပ်အင်္ကျီကနေတစ်ဆင့် သူ့ရဲ့အချိုးအစားကျန ကျော့ရှင်းတဲ့ ခန္ဓာကိုယ်အနားသပ်ကိုယ်ဟန်ကို တစ်ပိုင်းတစ်စ ထွင်းဖောက်မြင်နေရတယ်။

နက်ဆန်ကိုယ်တိုင်ကတော့ ကုတ်အင်္ကျီတင်ထားတဲ့ ထိုင်ခုံပေါ်မှာ ထိုင်နေပြီး နာတာရှာတေးညည်းတာကို နားဆင်နေပါတယ်။ ကျွန်မလည်း အဲဒီရိုမန့်တစ်ဆန်တဲ့ မြင်ကွင်းကို ကြောင်ကြောင်ကြီး ရပ်ကြည့်နေခဲ့မိတာပေါ့။

“....” ခဏကြာတော့ နာတာရှာက တေးညည်းနေတာကို ရပ်လိုက်ပြီး ကျွန်မတို့ဘက်ကို ပြန်လှည့်လာတယ်။ ကျွန်မ သူတို့ကိုချောင်းကြည့်နေတာ သတိထားမိမှာစိုးတဲ့အတွက် တံခါးကို သာသာလေးပြန်စေ့ပြီးတော့ သူတို့ကိုမြင်ရရုံ နည်းနည်းလေးဟ အတွင်းကိုဆက်ချောင်းပြီး ကြည့်နေခဲ့မိတာ။

သူများအတွင်းရေးကို စိတ်ဝင်စားတာ မကောင်းမှန်း သိပေမဲ့လို့ သူတို့နှစ်ယောက်အတူရှိနေတာကို မြင်ရတဲ့ အတွက်ကြောင့် ကျွန်မရင်ထဲမှာ တစ်ခုခုထိုးထွက်လာသလို ခံစားရတယ်။

“ခါတိုင်းလိုပဲ ရင်သက်ရှုမောစရာ ကောင်းနေတုန်းပဲ။”

နက်ဆန်က ချီးကျူးလိုက်တယ်။ နာတာရှာက အခန်းထဲ ဝင်လာတော့မှ သူ့ခြေထောက်မှာ ဖိနပ်မပါမှန်း သတိထား မိတော့တာ။ ပြီးတော့ ရှပ်အင်္ကျီကလည်း သေချာကြယ်သီး တပ်ထားတာမျိုးမဟုတ်ဘူးရယ်။ အထဲကိုဝင်လာပြီးခါမှ ကြယ်သီးကို သေချာတပ်လိုက်တာ။

‘နေပါဦး၊ ဒီမိန်းမက ဒီလိုပုံစံနဲ့ နက်ဆန်အခန်းထဲမှာ ဝင်ပြီး ဘာလုပ်နေတာလဲ။' ဆိုပြီး တွေးမိလာရင်းကနေ ကျွန်မ သူတို့ကို နာရင်းပြေးအုပ်ချင်စိတ်ပါပေါက်လာရော။

ဒါပေမဲ့ ခေါင်းအေးလာပြီးနောက် တဖြည်းဖြည်းပြန်ပြီး စဥ်းစားမိတာက နက်ဆန်နဲ့ကျွန်မက အဲဒီလောက်ကြီး ဝင်စွက်ဖက်ရလောက်အောင် ဆက်ဆံရေးမျိုးရှိမနေဘူး ဆိုတာပါပဲ။

“ဒါဆိုရင် ငါ့အဖို့တော့ ဒီလရဲ့ဆာဘတ်က အောင်မြင်ပြီလို့ ပြောရမှာပဲ။ နက်ဆန်၊ ရှင့်ဖို့ပဲကျန်တော့တယ်။”

“အင်း၊ ဒါဆို ဒီညလည်း မင်းကိုအားကိုးလိုက်မယ်။”

နက်ဆန်က သူ့လက်ထဲမှာကိုင်ထားတဲ့ မှော်နှင်တံကို စားပွဲပေါ် ပြန်တင်ထားလိုက်တယ်။ ကျွန်မကတော့ သူတို့ပြောတဲ့ ဆာဘတ်တွေဘာတွေ နားလည်တာ မဟုတ်ဘူးရယ်။ ဒီအတိုင်းနှစ်ယောက်တည်း အခန်းထဲ ဖြစ်ချင်သလိုဖြစ်နေတာကို မကျေနပ်ရုံပဲ။

နက်ဆန်က ထိုင်ခုံကနေ ထဖို့လုပ်တော့ နာတာရှာက သူ့ ရင်ဘတ်ကို လက်နဲ့တွန်းကာ ပြန်ထိုင်ခိုင်းလိုက်ပြီး “အခမ်းအနားပိတ်ဖို့ လုပ်ရဦးမယ်။” ဆိုတဲ့စကားနဲ့အတူ သူ့မျက်လုံးကို လက်ကိုင်ပုဝါနဲ့စည်းလိုက်တယ်။

“ကွက်ကီးပဲလား...” နက်ဆန်က ပြန်မေးတော့ နာတာရှာက ‘အင်း'လို့ ပြန်ဖြေရင်း စားပွဲပေါ်တင်ထားတဲ့ ပလက်စတစ် အိတ်ထဲက အညိုရောင်မုန့်ဝိုင်းလေးတစ်ဝိုင်းကို လှမ်းယူကာ သွားနဲ့ ကိုက်ထားလိုက်တယ်။ နောက်တော့ ဗလုံးဗထွေးနဲ့

“ကိုယ်တိုင်လုပ်ထားတာဆိုပေမဲ့ အရင်တစ်ခါလောက်တော့ မဆိုးတော့ပါဘူး။” လို့ပြောရင်း နက်ဆန်ရဲ့ပါးစပ်ထဲ ကိုက်ထားရင်းနဲ့ပဲ တိုက်ရိုက် ခွံကျွေးလိုက်တယ်။

‘.....’ အဲဒီမြင်ကွင်းကို ကြည့်နေရင်းနဲ့ ကျွန်မပါးတွေရော နားတွေပါ ထူပူလာတယ်။ ပါးစပ်ကလည်း ဟစိဟစိနဲ့ သူတို့ကို အော်ဟစ်ပြီး ကျိန်ဆဲပစ်လိုက်ချင်ပေမဲ့ ဘာသံမှ ထွက်မလာဘူး။ အဲဒီအစား မျက်လုံးထဲက မျက်ရည်ပူတွေ စီးကျလာပြီး တံခါးကိုအသာလေး ပြန်ပိတ်လိုက်ပါတယ်။

“ဒီတော့... ဒီတော့... သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အဲဒီလိုပေါ့လေ။”

ရထားပေါ်မှာ ကျွန်မနာတာရှာနဲ့ စတွေ့တုန်းက နာတာရှာ ပြောတဲ့စကားကို မှတ်မိနေသေးတယ်။ ‘နင်က နက်ဆန် အကြောင်းကို ဘာသိလို့လဲ။'ဆိုတဲ့ဟာလေ။ အဲဒါက တကယ်ဖြစ်နေပုံပဲ။ သူတို့နှစ်ယောက်က ဒီအဆင့်အထိ ရောက်နေတဲ့ သမီးရည်းစားတွေဆိုတော့ အပြင်လူဖြစ်ပြီး သူ့ကိုစွဲလမ်းနေမိတဲ့ကျွန်မကို နာတာရှာက သဝန်တိုပြီး အခုလိုဖဲ့တာ သာမန်ပဲလေ။

‘ ဒါပေမဲ့ နက်ဆန်က ဘာလို့ငါ့ကို ဒီလောက်ထိဂရုစိုက် ပေးနေခဲ့တာလဲ။' ကျွန်မ ပြန်တွေးကြည့်ပေမဲ့ နောက်ကျ နက်ဆန်က အဲဒီလိုသဘောမျိုးနဲ့ ဂရုစိုက်ပေးတာမျိုး မဟုတ်မှန်းသတိထားမိလာရော။

“မဟုတ်မှလွဲရော၊ နက်ဆန်က သူ့ကြောင့် ငါကျိန်စာမိတာကို စိတ်မကောင်းဖြစ်ပြီးတော့ ဂရုစိုက်ပေးနေခဲ့တာများလား။”

ဒါဆို နက်ဆန်က နာတာရှာကိုတစ်ချိန်လုံးချစ်နေခဲ့ပြီးတော့ ကျွန်မတစ်ယောက်တည်းက အတွေးတွေမှား တလွဲတွေမြင်၊ တလွဲတွေပြုမူနေတာများလား။ ပြောရရင် နက်ဆန်က ကျွန်မကို သဘောကျတယ်တို့၊ ကြိုက်ပါတယ်တို့၊ ချစ်ပါတယ်တို့ တစ်ခါမှမှမပြောဖူးတာ။ ဒီအတိုင်းလေး ဂရုစိုက်ပေးရုံပဲလေ။ ဂရုစိုက်ပေးတယ်ဆိုတာမျိုးက ပုံစံအမျိုးမျိုးနဲ့ ဂရုစိုက်ပေးလို့ရတာပဲနော်။ သူငယ်ချင်းမလို့တို့၊ ညီမလေးမလို့တို့။

နောက်တော့ ရထားပေါ်မှာ နက်ဆန်ရခဲ့တဲ့စာကို ပြန်ပြီး သတိထားမိသွားပြီး “မဟုတ်မှလွဲရော နက်ဆန်က ငါ့ကို သူ့ရဲ့ပျောက်နေတဲ့ သွေးသားရင်းချာလိုမျိုး ဂရုစိုက်ပေးနေတာများလား။”

နောက်တော့ ကျွန်မဘာသာကျွန်မ အတွေးတွေလွန်လာပြီး ကိုယ့်ခေါင်းကိုယ် ဆုပ်ကိုင်ထားမိတယ်။ စင်္ကြ့လမ်းမှာ လျှောက်နေတယ်ဆိုပေမဲ့ ကိုယ့်ဘာသာ ဘယ်လျှောက်လို့ လျှောက်နေမှန်းတောင် မသိတော့ဘူး။ ဒီအတိုင်း အရူးမကြီးလို ကြောင်ကြောင်ကြီး လမ်းလျှောက်နေတာ။

“အာ့... ဆယ်ဗီ၊ ငါက နင်ထွက်သွားတာကြာလို့ သွားနှင့်ပြီလို့ ထင်နေတာ။”

ရုတ်တရက် ကျွန်မရင်ဝလောက်ပဲ အရပ်မြင့်တဲ့ ကောင်မလေးတစ်ယောက်က ဟိုတယ်အခန်းတစ်ခန်းထဲက ထွက်လာပြီးတော့ ကျွန်မကို လှမ်းစကားပြောပါတယ်။ ကျွန်မလည်း ကိုယ့်အပူနဲ့ကိုယ်ဖြစ်နေတာနဲ့ သူ့ကို သတိ မမူမိဘူး။

“ဆယ်ဗီ၊ နင် ငါတို့အခန်းကို ကျော်သွားပြီနော်။”

အခန်း... ဘယ်ကအခန်းလဲ... အခန်းထဲမှာ နက်ဆန်နဲ့ နာတာရှာက နှစ်​ယောက်တည်း ကွက်ကီးစားနေကြတာ။

“ဆယ်ဗီ... သတိရောရှိသေးရဲ့လား.... ရှေ့မှာ လှေကားကြီး”

တစ်ယောက်ယောက်က ကျွန်မကို ဆက်တိုက်ခေါ်ပေမဲ့ ခေါင်းက နာတာရှာနဲ့နက်ဆန်ရဲ့ကိစ္စကို ထုတ်မရတဲ့ အတွက်ကြောင့် စင်္ကြံလမ်းပေါ်က ခပ်ညစ်ညစ်ကော်ဇော်ကို ဆိုက်ကြည့်ပြီးတော့ ဒီအတိုင်းပဲ လမ်းလျှောက်နေမိတာ။

နောက်တော့ ရုတ်တရက်ဟန်ချက်ပျက်သွားပြီး လဲကျသွားရော။ နောက်တော့ ကျွန်မကိုယ်လုံးက ဘောလုံးလေးလို လိမ့်ကျသွားပြီး နံရံနဲ့တိုက်မိတယ်။ လှေကားပေါ်ကနေ ပြုတ်ကျသွားမှန်းတော့သိတယ်။ ဒါပေမဲ့ ဂရုမစိုက်မိပြန်ဘူး။ ထိခိုက်ဒဏ်ရာရသွားတာမျိုးမရှိပေမဲ့ စိတ်က လက်တွေ့ ဘဝကြီးမှာရှိမနေတဲ့အတွက်ကြောင့် နာသွားလားဘာလား ကိုယ့်ဘာသာကိုယ်တောင် မသိဘူးရယ်။

နောက်တော့ ဆံပင်အညိုရောင်နဲ့ကောင်မလေးက အနားကိုရောက်လာပြီး ကျွန်မကို ပါးတွေဆက်တိုက် ရိုက်တော့တာပဲ။

“ဟဲ့... ဆယ်ဗီမ... ထတော့ဟဲ့။ ထပ်သေသွားပြန်ပြီလား။”

ဒီတော့မှ ကျွန်မသတိပြန်ဝင်လာတော့တာ။

...

“အီးဟီးဟီး... အဲဒီလိုပါပဲ ဦးလေးကြီးရယ်။”

ကျွန်မ သတိပြန်ဝင်လာတော့ မနေ့ကသွားခဲ့တဲ့ အကင်ဆိုင်ကို ရောက်နေပြီ။ နေ့လယ်ပိုင်းမလို့ အရင်တစ်ခါ သွားတုန်းကလောက် လူမများဘူးရယ်။ ဒေသခံတွေ အနည်းအပါးလောက်ပဲရှိတာဖြစ်ပြီး ကျွန်မကိုမြင်တာနဲ့ အားလုံးက နွေးနွေးထွေးထွေးကြိုဆိုကြတယ်။

အိုလီရာနာနဲ့အတူတူလာတာဆိုပေမဲ့ ဟိုကိစ္စကိုသတိရတဲ့ အခါတိုင်းမှာ တအီအီငိုနေတဲ့အတွက်ကြောင့် ဆိုင်ရှင် ဦးလေးကြီးက မေးတာနဲ့ ပြန်ဖြေမိတာ။ အကြောင်းစုံ သိရော...

“တော်တော်မိုက်မဲတဲ့ကောင်.... ဟောဒီက ကောင်မလေးလို ချစ်စရာကောင်းပြီး အစားကောင်းကြိုက်တတ်တဲ့ မိန်းကလေးကို နောက်မှာထားပြီး တခြားမိန်းမနဲ့ ဖောက်ပြန်ရတယ်လို့။ ငါ့သားသာဆိုရင် အပိုင်းပိုင်းခုတ်ပြီး ခွေးစာကျွေးပစ်လိုက်ပြီ။”

အဲဒီနောက်တော့ ဦးလေးကြီးက သူ့ဆိုင်မှာရှိသမျှ အကင်မျိုးစုံကို ကျွန်မတို့ဝိုင်းမှာ အလကား လာချပေးတော့တာပဲ။ ပိုက်ဆံရှင်းပါမယ်ပြောတာတောင် မရဘူးရယ်။

ကျွန်မလည်း ဝမ်းနည်းတာနဲ့ဗိုက်ဆာတာနဲ့ရောပြီးတော့ ဆက်တိုက်စားတော့တာပေါ့နော်။ အိုလီရာနာကတော့ ကျွန်မ ပြောတာတွေကို နားထောင်ရင်းနဲ့ ခုံကိုလက်နဲ့ တတောက်တောက် ခေါက်နေတယ်။ ပြီးတဲ့နောက်တော့ တစ်ခုခုစဥ်းစားမိသွားပုံရပြီး ကျွန်မကိုပြောတယ်။

“ဒါနဲ့လေ၊ ဆယ်ဗီရေ။ သူတို့က ဆာဘတ်လို့ ပြောတယ် မဟုတ်လား။ အဲဒါက တကယ်ပဲ ဆာဘတ်ဆိုရင် နင်စိတ်ဆိုးဖို့ မလိုဘူးလို့ထင်တာပဲ။”

ကျွန်မလည်း အဲဒီစကားလုံးကို နောက်တစ်ခါထပ်ပြီး ကြားလိုက်ရတဲ့အတွက် နည်းနည်းအာရုံစိုက်မိသွားတယ်။ ဒါပေမဲ့ ဆာဘတ်ဆိုတဲ့စကားလုံးလေးက ဘယ်လောက် အရေးပါလို့ အဲဒီနှစ်ယောက် ဖောက်ပြန်၊ အဲလေ။ အခန်းထဲ အတူရှိနေတဲ့ကိစ္စကို ခွင့်လွှတ်ပေးရမှာလဲ။

“ဆာဘတ်က ဘာကြီးမလို့လဲ။” ကျွန်မက တုံးအအပုံစံနဲ့ ရေရွတ်လိုက်တာမလို့ အိုလီရာနာက ကျွန်မကို အထင်သေးတဲ့ မျက်လုံးရွဲကြီးတစ်စုံနဲ့ စိုက်ကြည့်တယ်။

“ဆယ်ဗီရေ၊ အဲဒါက မှော်ဆရာအစစ်မဟုတ်တဲ့ သာမန်လူတွေတောင်မှ သိတဲ့ဥစ္စာနော်။ အရပ်အခေါ်နဲ့ဆိုရင် ပညာထုံကူးတယ်ပြောရမလား။”

နောက်တော့ ဆယ်ဗီက ကျွန်မကို ဆာဘတ်ခေါ် ပညာထုံကူးခြင်းအကြောင်းကို အသေးစိတ်ကျကျ ရှင်းပြပေးတယ်။

“ မှော်ဆရာတွေရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ မှော်စွမ်းအင်က ပြင်ပကမ္ဘာကြီးရဲ့နက္ခတ်တာရာတွေ၊ ရာသီဥတုတွေရဲ့ အပြောင်းအလဲသက်ရောက်မှုတွေရဲ့ရိုက်ခတ်မှုကို အမြဲလိုလိုခံရတယ်။ ဒီရိုက်ခတ်မှုဒဏ်ကနေပြီးတော့ မကောင်းတဲ့သက်ရောက်မှုတွေ မဖြစ်စေဖို့အတွက် သဘာဝလောကကြီးနဲ့ ကိုယ်တွင်းမှော်စွမ်းအင် လိုက်လျောညီထွေမှုဖြစိစေဖို့ မှော်ဆရာတွေက လတိုင်း သူတို့စွမ်းအင်တွေကို ထိန်းညှိပေးရတယ်။ အဲဒီဖြစ်စဥ်ကို ဆာဘတ်လို့ခေါ်တာပဲ။”

“ဆာဘတ်ဖြစ်စဥ်က မှော်ဆရာတွေလေ့လာလိုက်စားတဲ့ ပညာရပ်အပေါ်မှာမူတည်ပြီးတော့ ကျင့်ကြံရတဲ့ပုံစံ ကွဲလွဲတယ်။ တချို့က ရေတံခွန်အောက်မှာ ဂါထာမန္တန်တွေ ရွတ်ဆိုပြီးတော့ ဆာဘတ်ဖြစ်စဥ်ကို ဖြတ်သန်းတယ်။ တချို့က ဂူတွေထဲမှာအောင်းပြီး ကျင့်ကြံကြတယ်။ နေရောင်နဲ့လရောင်ကို အသုံးပြုပြီးတော့ ဆာဘတ်ကျင့်တာလည်းရှိတယ်။”

ဒီတော့ ဆာဘတ်က အဲဒါကိုဆိုလိုတာလား။ ဒါပေမဲ့ ပိန်းတယ်ပဲပြောပြော အဲဒီအခန်းလေးထဲမှာ သူတို့ ဘာလုပ်နေခဲ့ကြတာလဲဆိုတာ ကျွန်မခုထိ နားမလည်သေးဘူး။ အိုလီရာနာကလည်း ကျွန်မ နားမလည်မှန်းသိတယ်။ သူက အကင်သီတံတစ်ခုကို ကောက်ကိုင်လိုက်ပြီး အာလူးပြုတ်ပူပူကို ကိုက်ပြီးမျိုချတယ်။ ပြီးမှ ဆက်ပြောပြတယ်။

“နင်ပြောတဲ့အတိုင်းသာဆိုရင် နာတာရှာက နေရောင်လှုံ ဆာဘတ်ကျင့်နေတာဖြစ်နိုင်တယ်။ နေရောင်လှုံတာနဲ့ လရောင်လှုံတဲ့ကျင့်စင်တွေက ပုံစံအားဖြင့်တော့ အတူတူပဲ။ သူတို့ခန္ဓာကိုယ်တစ်ခုလုံးကို နေရောင်၊ လရောင်အောက်မှာ ပြပြီးတော့ စွမ်းအားကိုထိန်းညှိတာပဲ။ နာတာရှာ ဘာလို့ ရှပ်အင်္ကျီ ကြယ်သီးမတပ်ထားသလဲဆိုတဲ့အဖြေက ဒီလိုလို့ ငါထင်တာပဲ။”

ကျွန်မ အဲဒါကိုနားထောင်ပြီးတဲ့နောက်တော့ အိုလီရာနာကို လက်သီးထောင်ပြပြီး မျက်မှောင်ကြုတ်ပြီး ကြည့်တယ်။

“ဒီတော့ နက်ဆန်ဆိုတဲ့ကောင်စုတ်က သူများဆာဘတ် ကျင့်စင်ကျင့်နေတာကို တမင်သက်သက်မျက်စိအရသာခံ ကြည့်နေတာမျိုးပဲဖြစ်ရမယ်။ ဒီလိုဆိုရင်တော့ ဒီကောင့်ကို သင်ခန်းစာ ကောင်းကောင်းပေးရမှာပဲ။”

ကျွန်မရင်ထဲမှာ အခုချက်ချင်းနက်ဆန်ကို ပြေးရိုက်ချင်တဲ့ စိတ်ပေါက်သွားပေမဲ့ အိုလီရာနာက ကျွန်မကို တားတယ်။ “နေဦးလေ၊ ငါပြောတာ မပြီးသေးဘူး။”

“နာတာရှာက နက်ဆန်ကို ကွက်ကီးကျွေးတာမြင်တယ်လို့ နင်ပြောသေးတယ်မဟုတ်လား။ တစ်နည်းအားဖြင့် နက်ဆန်က အဲဒီမှာ နာတာရှာ ဆာဘတ်ကျင့်တာကို အန္တရာယ်မဖြစ်အောင်စောင့်ကြည့်ပေးနေတဲ့ အစောင့်အဖြစ် လုပ်ပေးနေတယ်လို့ ဆိုလိုတာပဲ။”

“အစောင့်လား...” ကျွန်မ စိတ်ကိုနည်းနည်းလျှော့ထားပြီး နားဆက်ထောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အိုလီရာနာကတော့ သိုးသားကင်တစ်ချောင်းကို ကျွန်မလက်ထဲ ထိုးထည့်ပေးပြီး

“နည်းနည်းပါးပါး စိတ်လျှော့ပြီး အစားလေးဘာလေးစား။ ပြီးမှ ငါပြောတာနားထောင်...”

ကျွန်မလည်း ဒီတော့မှ ဘာမှမစားဘဲ ဒီအတိုင်းထိုင်နေတာ ကြာပြီမှန်း သတိထားမိတာ။ နောက်တော့ ဆက်စားရင်း သူပြောတာနားထောင်လိုက် စားလိုက်နဲ့ လုပ်နေခဲ့တာပေါ့။

“ဆာဘတ်ကျင့်ကြံရတာက မခက်ခဲပေမဲ့ အဲဒီလိုအချိန် အနှောင့်အယှက်ဝင်လာရင် သိပ်အန္တရာယ်များတယ်။ မှော်ပညာစဥ်ဖောက်ပြန်ပြီး ရူးသွားတာတို့၊ တစ်ကိုယ်လုံး လောင်မီးကျကုန်တာတို့ ဖြစ်တတ်တယ်။ ဒီတော့ မှော်ဆရာတွေက သူတို့အသက်တမျှယုံကြည်ရတဲ့ တပည့်၊ မိတ်ဆွေတွေကို အစောင့်အဖြစ်နဲ့စောင့်ရှောက်ပေးဖို့ ခေါ်ထားတတ်ကြတယ်။ ပါးစပ်နဲ့ကိုက်ပြီး ကွက်ကီး၊ ဒါမှမဟုတ် အသီးခြောက်ကျွေးတာကတော့ အစောင့်ကို တန်ရာတန်ကြေးပေးတဲ့အနေနဲ့ ထုံးတမ်းအတိုင်းလုပ်ရတာပဲ။”

“အဲဒီလိုလား...” ဒီတော့မှ ကျွန်မရင်ထဲက အလုံးကြီး ကျသွားပြီး စားစရာရှိတာ ဖြောင့်ဖြောင့်စားနိုင်ပါတော့တယ်။ နောက်မှ နက်ဆန်အဲဒီတုန်းက ပြောတဲ့စကားကို ပြန်သတိရပြီး

“နေဦး၊ နက်ဆန်က နာတာရှာကို ညကျရင် အားကိုးမယ်နော်လို့ ပြောလိုက်သေးတယ်။”

အိုလီရာနာကတော့ ဆရာမကြီးအထာနဲ့ “ကြည့်ရတာ ငါတို့သခင်လေးက ညမင်းသားဆိုတဲ့အတိုင်းပဲ လရောင်လှုံပြီး ဆာဘတ်ကျင့်ကြံမယ့်ပုံပဲ။”

အဲဒီစကားကိုကြားတာနဲ့ ကျွန်မမျက်လုံးထဲ ကိုယ်အပေါ်ပိုင်းဗလာကျင်းပုံစံနဲ့ လရောင်အောက်မှာ ဆာဘတ်ကျင့်နေမယ့် နက်ဆန်ကို မြင်ယောင်လာပြီး နှာခေါင်းသွေးလျှံကျလာတယ်။ ပြီးတဲ့နောက်တော့ မနေနိုင်တော့ဘဲ စားပွဲခုံကို လက်ဖဝါးနဲ့ထုလိုက်မိပြီး...

“လုံးဝပဲ... အဲဒီနာတာရှာဆိုတဲ့ဟာမကို နက်ဆန်ရဲ့ဆာဘတ် အစောင့်အဖြစ် လုံးဝအလုပ်မခံဘူး။ နက်ဆန်ကို အဲဒီလိုပုံနဲ့ မြင်ရတာ ငါပဲဖြစ်ရမယ်။”

အဲဒီနောက်တော့ ကျွန်မခန္ဓာကိုယ်တစ်ခုလုံး ခွန်အားတွေနဲ့ ပြည့်လာပြီးတော့ စားပွဲပေါ်က စားစရာတွေအားလုံးကို အမြန်ဆုံးနှုန်းနဲ့ ပါးစပ်ထဲ သွတ်သွင်းမိတော့တာပဲ။

...

စားလို့သောက်လို့ပြီးတော့ ကျွန်မတို့နှစ်ယောက် ဟိုတယ်ကို အတူပြန်လာကြတယ်။ ပြန်လာတဲ့လမ်းမှာ ကျောင်းကားက ဆင်းလာတဲ့ မူလတန်းကျောင်းသူတစ်အုပ်နဲ့ ကျွန်မတို့တွေ တွေ့ပါတယ်။

ကျောင်းသူလေးတွေက ချစ်စရာကောင်းတဲ့ ဂါဝန်လေးတွေ ဝတ်ထားပြီး လွယ်အိတ်လှလှလေးတွေ လွယ်ထားတာမလို့ ငယ်ဘဝကိုတောင် ပြန်တမ်းတမိသွားပေမဲ့...

“ဟင်....”

ကျောင်းကားပေါ်ကနေ နောက်ဆုံးဆင်းလာတဲ့ ကလေးမလေးဘေးမှာ အနက်ရောင်ရှည်မျောမျော သတ္တဝါကြီးတစ်ကောင်ရှိနေပြီး ကောင်မလေးက အဲဒီအကောင်ကြီးနဲ့လက်တွဲကာ စကားပြောနေတယ်။

“အိုလီရာနာ နင်ရောအဲဒါကို မြင်ရလား။”

ကျွန်မက တီးတိုးမေးလိုက်တော့ အိုလီရာနာကလည်းပဲ ခေါင်းညိတ်ပြပါတယ်။

“ လေလွင့်ဝိညာဥ်တစ်ကောင်က ကလေးမလေးကို ကပ်နေတာပဲ။ ဒါပေမဲ့ ဒီအဆင့်လောက်က ငါတို့ဝင်ပါဖို့ မလိုလောက်ပါဘူး။”

ဒါပေမဲ့ ကျွန်မကတော့ ခေါင်းခါလိုက်တယ်။ “ဒါပေမဲ့ အဲဒီအကောင်ကြီးက ကလေးမလေးကို ဘာလုပ်မလဲ မသိဘူးလေ။ ငါတို့လည်း ဒီမြို့မှာခဏလောက် နေဦးမှာဆိုတော့ ကူညီပေးသင့်တယ်လို့ မထင်ဘူးလား။”

ကျွန်မက တိုက်တွန်းလိုက်တော့ အိုလီရာနာက ရှုံ့မဲ့နေတဲ့ မျက်နှာနဲ့ ကျွန်မကိုမော့ကြည့်ရင်း...

“ဆယ်ဗီမ၊ နင် ပြဿနာပုံတောထဲ ဝင်တိုးရတာ လုံလောက်ပြီလို့ မထင်သေးဘူးလားဟင်။” လို့ ပြောလိုက်လေရဲ့။

https://mmxianxia.com/wp-content/uploads/2025/03/nx.webp

All Chapters