အခန်း (၁)
Vol. 1 Ch. 1
တော်ဝင်သဲကန္တာရမြို့ ….
လူသူရှုပ်ထွေးလွန်းသည့် လမ်း၏ တစ်နေရာ၌ မည်သူမှ သတိမထားမိသည့် အချိန်အတောအတွင်း ခန့်ညားလွန်းသော အဆောက်အအုံ တစ်ခု ထွက်ပေါ်လာသည်။ ဘာမှသေချာမသိဘဲ ပေါ်ပေါက်လာသည့် အရာဖြစ်သည် ဆိုသော်လည်း အနီးကပ် သေချာကြည့်ရှုမည်ဆိုလျှင် အလွန်နက်နဲလွန်းသည့် ကောင်းကင်၏ ဓာတ်သဘာဝများ ပါဝင်နေသည်ကို အတိုင်းသား မြင်နိုင်စွမ်းရှိနေသည်။
ချောမောလှသည့် မျက်နှာသွင်ပြင်၊ ကြည့်ကောင်းသည့် ခန္ဓာကိုယ်အချိုးအဆက်ကို ပိုင်ဆိုင်သော အစိမ်းရောင် ဝတ်စုံကို ဝတ််ဆင်ထားသည့် လူငယ်လေးတစ်ယောက်သည် ခွေးခြေခုံတစ်ခုပေါ်သို့ တက်၍ အဆောက်အဦ၏ တံခါးပေါက်ရှေ့၌ ဆိုင်းဘုတ််တစ်ခုကို ချိတ်ဆွဲလျက်ရှိနေ၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်”
“ဘယ်လောက်ရဲတင်းလိုက်လဲ။ ဒီလို အဓိပွာယ်နဲ့ စာတမ်းမျိုးကိုတောင် ချိတ်ရဲတယ်။”
“ဒီဆိုင်းဘုတ်က ထူးဆန်းတယ်။ အောက်က ကဗျာကို သေချာဖတ်ကြည့် ပထမ စာကြောင်းမှာ ယင် နဲ့ ယန် သဘောတရားတွေအပြင် ဓာတ်ငါးပါးကို ချိုးဖြတ်ပြီး နေ နဲ့ လကို လက်ဝါးပေါ် တင်ကြည့်နိင်တယ်တဲ့။ ဒုတိယ စာကြောင်းက ရှေးခေတ် နဲ့ လက်ရှိ ခေတ်ရဲ့ ယင်၊ ယန်ကို ချိတ်ဆက်နိုင်ရင် အင်္ကျီလက်ထဲ စကြဝဠာတစ်ခုလုံးတောင် ထည့်ဖွက်ထားနိုင်မယ်တဲ့။”
“ကျွတ် .. ကျွတ် … ဒီလူရူးနေတာလား။ ဘယ်လိုဖြစ်ပြီး စကားကြီး စကားကျယ်တွေ တက်ချိတ်ထားရဲတာလဲ”
“ကောင်းကင်ရဲ့ လျှို့ဝှက်ချက် ဆိုတာ ခန့်မှန်းလို့မရနိုင်ဘူး။ လျှို့ဝှက်ချက်ကို လှမ်းမျှော်ကြည့်ရှုမယ်ဆိုရင် ကံဆိုးခြင်းနဲ့ ကြုံရမယ်ဆိုတာ ဒီလူငယ်လေး မသိပါလား”
……
ဖြတ်သွားဖြတ်လာများ စည်ကားလျက်ရှိနေသည်မို့ လူတော်တော်များများတို့သည် ဆိုင်းဘုတ်ကို ဖတ်ရှုရင်း စိတ်ဝင်တစားဖြစ်လာကြသည်။
သေချာပေ၏။ လူတို့၏ သဘာဝသည် ပွဲကြည့်ရခြင်းကို ခုံမင်သည်မဟုတ်ပါလား။
အားအင်အဆင့်ကိုသာ လေးစားတတ်သော ကျင့်ကြံခြင်းလောက၌ ဆိုလျှင်ပင် ကောင်းကင်၏ လျှို့ဝှက်ချက်များ ကို စိတ်ဝင်စားကြသည်။ သို့ပေမဲ့ အင်ပါယာအဆင့် စွမ်းအင်မြင့်ကျင့်ကြံသူပင်လျှင် လျှို့ဝှက်ချက်များကို မကြည့်ရဲချေ။
သို့သော်ငြား သူတို့ရှေ့ရှိ ဆိုင်းဘုတ်ကြီးမှာတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဟိတ်ကြီးဟန်ကြီးဖြင့် ရေးထိုးထားလေသည်။
ဤအရာသည် ကောင်းကင်ကို ပုန်ကန်သည်နှင့် ဆင်တူသည်။ လျှို့ဝှက်ချက်များကို ကြည့်ရှုရင်း ဘေးသင့်မှုကို ဤလူငယ်လေး ကျိန်းသေပေါက် ခံစားရပေလိမ့်မည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ဒီနေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။ လာရောက်ကြတဲ့ ဧည့်သည်တိုင်းကို ကျုပ်က ကြိုဆိုလျက်ပါ”
ဆိုင်းဘုတ်ကို ချိတ်ဆွဲပြီးသည့်နောက် လီယွင်သည် ခွေးခြေခုံပေါ်မှ ခုန်ချပြီး အင်္ကျီပေါ်ရှိ ဖုံများကို အသာခါယမ်းကာ လမ်းသွားလမ်းလာများအား ဖိတ်ခေါ်လိုက်သည်။
သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ပိုင်ရှင်ပင်ဖြစ်၏။
ဤလောကမှ လူတစ်ယောက်မဟုတ်သော်လည်း သူ နိုးထလာချိန်တွင် ဤထူးဆန်းသော လောကဆီသို့ ရောက်ရှိလို့နေလေသည်။
အားကောင်းလွန်းသည့် ဓာတ်သဘာဝများသည် ကောင်းကင်နှင့်မြေပြင်ကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသည့် လောကတွင် အားနည်းသူဆိုသည်မှာ မြက်တစ်ပင်လောက်ပင် အဖိုးမတန်ချေ။
ကံကောင်းစွာဖြင့် ဝိညာဉ်ကူးပြောင်းရောက်ရှိပြီး ပထမဆုံးနေ့မှာပဲ စနစ်သည် သူနှင့် အတူ နိုးထလာခဲ့သည်။
ကောင်းကင်စနစ်။
ဤစနစ်သည် ကောင်းကင်၏ လျှို့ဝှက်ချက်များကို ကောက်ချက်ချ ကြမ္မာဖတ်နိုင်သည့်အစွမ်းရှိသည်။ ဤကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲ ဝင်သည့် မည်သူမဆိုတို့၏ အတိတ်နှင့် အနာဂတ်တို့အား သိရှိနိုင်စွမ်းရှိ၏။
သို့ပေမဲ့ အလကားတော့ မရပေ။ တစ်ခါကြမ္မာဖတ်တိုင်း သတ်မှတ်ထားသည့် လျှို့ဝှက်အမှတ် ကုန်ကျပေလိမ့်မည်။ ကြမ္မာဖတ်သူ၏ အားအင်အဆင့်ကောင်းမွန်လေ ကောင်းကင်လျှို့ဝှက်ချက်ကို ကြည့်ရှုရသည့် တန်ဖိုးသည် ပိုမိုကြီးမားလေပင်။ ထိုကဲ့သို့ တခြားသူများကို ကြမ္မာဖတ်ရင်း သူသည်လည်း လျှို့ဝှက်အမှတ်များကို ရရှိပေလိမ့်မည်။
အလွန်ရိုးရှင်းလွန်းလှသည်။
စနစ်နှင့် လဲလှယ်နိုင်သည့်အရာသည် အကန့်အသတ် မရှိချေ။ ကျင့်ကြံခြင်းနည်းစနစ် ၊ မှော်စွမ်းအင် ၊ လျှို့ဝှက်နည်းစနစ်၊ ဆေးလုံး ၊ ကောင်းကင် နှင့် သေမျိုး ရတနာ … စသဖြင့် အကုန်ရ၏။
စနစ်မှ တန်ဖိုးရှိသည်ဟု သတ်မှတ်ထားသော အရာအားလုံးတို့သည် လျှို့ဝှက်အမှတ်ဖြင့် လဲလှယ်နိုင်သည်။
ထို့အပြင် စနစ်၏ လက်ခံသူ လင်းယွင် …။
လျှို့ဝှက်အမှတ်များကို ရရှိပြီးလျှင် ထိုလျှို့ဝှက်အမှတ်များကို အသုံးပြု၍ စနစ်ရှိ သူ၏ ကျင့်ကြံခြင်းအဆင့်၊ ကျင့်ကြံခြင်း နည်းစနစ်၊ ဆေးလုံး နှင့် တခြားအရာများကို တိုးတက်အောင် ပြုလုပ်နိုင်သည်။ သို့မဟုတ် တခြားသူများ၏ လျှို့ဝှက်ချက်ကို ကြည့်ရှုနိုင်၏။
ထိုအပြင် စနစ်ဆီမှ လဲလှယ်ခဲ့သော ဆေးလုံး နှင့် ကျင့်ကြံခြင်းနည်းစနစ် တို့အား သူတစ်ယောက်တည်းသာလျှင် လေ့ကျင့်၊ သင်ယူ၊ အသုံးပြုနိုင်စွမ်းရှိသည်။
“ငါ့ရဲ့ အားအင်အဆင့်သာ လုံလောက်အောင် အားမကောင်းရင် ဒီကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကနေ မထွက်နိုင်တော့မှာ စိုးရိမ်ရတယ်” လီယွင်သည် ကောင်းကင်တာအို၏ လျှို့ဝှက်ချက်ကို ကြည့်ရှုရင်း ဖြစ်ပေါ်ခံစားလာနိုင်သော တန်ပြန်မှုများကိုလည်း ကြောက်လန့်နေမိ၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် ထိုကဲ့သို့သော တန်ပြန်မှုကို တားဆီးထားနိုင်စွမ်းရှိသည်ဆိုလျှင်တောင်မှ အပြင်ကို ထွက်ဖို့ ခက်ခဲလှသည်။ ထွက်ခွာသွားခြင်းဆိုသည်မှာလည်း သေလမ်းရှာသည်နှင့် ဆင်တူပေသည်။
“အခုဖြစ်ချိန်တန်လို့ ဖြစ်ပြီးပြီဆိုမှတော့ တစ်စုံတစ်ယောက် ရောက်လာမှာကို စောင့်ဖို့ပဲကျန်တော့တယ်” လီယွင်သည် အပြင်ဘက်လမ်းပေါ်ရှိ လူများကို လှမ်းကြည့်လိုက်သည်။ ပွဲကြည့်သူ တော်တော်များများသည်သာမာန်လူများသာ ဖြစ်ပြီး စနစ်၏ တန်ဖိုးနှင့် လဲလှယ်နိုင်သည့် ရတနာများ မပိုင်ဆိုင်လောက်သော ကျင့်ကြံသူအနည်းငယ်သာ ရှိသည်။ ဆုလဘ်ကို ရရှိရန် အရေးပါသော ဖောက်သည် တစ်ယောက်ယောက်ကို စောင့်မျှော်ရန် လိုအပ်နေသည်။ ထို့အတူ ဤကဲ့သို့သော ဧည့်သည်မျိုးကို ဆွဲဆောင်နိုင်ရန် မှာလည်း တကယ်ပင် ခက်ခဲချေ၏။
ဦးခေါင်းကို ခါယမ်းပြီးနောက် လီယွင်သည် သူ၏ အတွေးများကို ရပ်တန့်လိုက်သည်။ မည်သို့ပင် ဆိုစေကာမူ ဤနေရာသို့ ရောက်ရှိလာသူသည်သာ အကျုံးဝင်သည်မို့ စိတ်ရှည်ရှည်နှင့် စောင့်မျှော်ရပေလိမ့်မည်။
နန်းဆောင်ထဲ ပြန်ဝင်ပြီးသည့်နောက် လီယွင်သည် ရေနွေးတစ်အိုးတည်လိုက်သည်။ ပြီးနောက် ခုံတန်းရှည်တစ်ခုပေါ် အသာလှဲချပြီး စာအုပ်တစ်အုပ်နှင့် ဇိမ်ခံနေလိုက်သည်။
လီယွင်စာဖတ်နေစဉ်မှာပဲ နှင်းကဲ့သို့ စွပ်စွပ်ဖြူနေသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှေးဟောင်းဓားတစ်လက်ကို ကိုင်ဆောင်ထားသော မိန်းကလေးတစ်ယောက်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။ သူမသည် ကောင်းကင်နှင်းကြာပန်းတစ်ပွင့်လိုပင် လှပလွန်းသည်။ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လျက်ရှိနေသည့် အအေးဓာတ်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
သူမ၏အနီး အချင်းဝက်သုံးပေအတွင်း မည်သူမှ မနေရဲချေ။ မိန်းကလေးသည် ရောက်ရောက်ချင်းမှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆိုသည့် စာတမ်းအား စိတ်ဝင်စားမှုအပြည့်နှင့် ကြည့်ရှုလိုက်သည်။
“ကောင်းကင်ရဲ့ လျှို့ဝှက်ချက်ကို ကြည့်လို့ရတယ်လား။ ဆရာတောင် မလုပ်နိုင်ဘူး။ ဒီလို ရဲရဲဝင့်ဝင့် စာတင်ပြီး လုပ်ရဲတာ ဘယ်သူလဲ ငါကြည့်လိုက်ချင်သေးတယ်” သူမသည် တီးတိုးရေရွတ်ပြီးနောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ခြေတစ်လှမ်း လှမ်းဝင်လိုက်၏။
အဆောက်အဦထဲ ရောက်ရောက်ချင်းမှာပဲ တစ်စုံတစ်ခု လွဲမှားနေသလို သူမက ခံစားလိုက်မိသည်။ အတွင်းရှိ အပြင်အဆင်သည် ရိုးရှင်းပြီး သပ်ရပ်သည်ဆိုသော်လည်း အထဲ၌ ရှိနေသော အရာဝတ္တု တစ်ခုချင်းစီတိုင်းဆီမှ ဖော်ပြ၍မရအောင် ခန့်ညားထည်ဝါလွန်းသည့် အရှိန်အဝါမျိုး ထွက်ပေါ်လျက်ရှိသည်။ အထဲရှိ အရာဝတ္တုများ အလှဆင်ထားမှုကလည်း တော်ဝင်လမ်း၏ အကြွင်းအကျန်အငွေ့အသက်များ ပြည့်နှက်နေစေသည်။
“ထူးဆန်းတယ်” သူသည် တွေးရင်း ထူးဆန်းသည်ဟု ခံစားမိသည်။ သို့ပေမဲ့ ဘာထူးဆန်းမှန်းတော့ သေချာ မသိပေ။
“မိန်းကလေးလျှို”
သူမ တွေးဝေငေးငိုင်နေတုန်းမှာပဲ ကြည်လင်ရှင်လင်းသော အသံတစ်ခုသည် ဘေးတစ်ဖက်ဆီမှ ထွက်ပေါ်လာသည်။
အသာလှည့်ကာကြည့်လိုက်ချိန်မှာတော့ ခုံတန်းဆီမှ ထကာ လက်ဟန်အမူအရာဖြင့် ကြိုဆိုလျက်ရှိနေသော လီယွင်ကို မြင်လိုက်ရ၏။
“ဒီမြို့ထိရောက်ဖို့ မိုင်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ရတာပဲ။ လမ်းတစ်လျှောက်မှာလဲ ရေတွက်လို့မရအောင် များလွန်းတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရသေးတယ်။ ရောက်လာမှတော့ ရေနွေးပူပူလေး တစ်ခွက်လောက် သောက်လိုက်ပါလား”